News

POST TYPE

EDUCATION

ရန်ကုန်မြို့ တွင်း အမွေအနှစ်လမ်းလျှောက်ခရီးစဉ် ဒုတိယအကြိမ် ပြုလုပ်မည်
13-Dec-2018
ရန်ကုန်၊ ဒီဇင်ဘာ ၁၂

ဝန်ကြီးများရုံးအပါအဝင် ရန်ကုန်မြို့ ၏ထင်ရှားသည့်အမွေအနှစ် အဆောက်အအုံများကိုလေ့လာနိုင်မည့် ရန်ကုန်မြို့တွင်း အမွေအနှစ်လမ်းလျှောက်ခရီးစဉ်ကို ဒီဇင်ဘာလ ၁၆ ရက်၌ ဒုတိယအကြိမ်ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဧည့်လမ်း ညွှန်များအသင်းဥက္ကဋ္ဌ ဦးအောင်ထွန်းလင်းက ပြောကြားသည်။ 

“လမ်ကြောင်းတစ်လျှောက်မှာ အမွေအနှစ် အဆောက်အအုံတွေများတဲ့အတွက် အများပြည်သူလည်း လမ်းလျှောက်ရင်း လေ့လာဖို့ အဆင်ပြေသွားမယ်။ ခရီးသွားလုပ်ငန်းရှင်တွေနဲ့ တိုးဂိုက်တွေအတွက် လမ်းကြောင်းအသစ်တွေနဲ့ ဗဟုသုတတိုးအောင် အသင်းအနေနဲ့ ဒီခရီးစဉ်ကို စီစဉ်တာပါ”ဟု ၎င်းကဆိုသည်။

အဆိုပါခရီးစဉ်တွင် မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်းနှင့် ခရီးသွားကုမ္ပဏီများနှင့် ကျောင်းသား၊ ကျောင်းသူများ အပါအဝင် လူဦးရေ ၃၀၀ ခန့် ပါဝင်နိုင်မည်ဖြစ်သည်။

ဒုတိယအကြိမ်မြောက် လမ်းလျှောက်ခရီးစဉ်ကို နံနက် ၇ နာရီခွဲတွင် နန်းသီတာဆိပ်ကမ်း (ကမ်းနားလမ်းဘက် ထွက်ပေါက်)မှတစ်ဆင့် စတင်ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်စာတိုက်ကြီး၊ ပန်းဆိုးတန်း လမ်းမကြီး၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ သိမ်ဖြူလမ်းမှတစ်ဆင့် ဝန်ကြီးများရုံးအတွင်းသို့ ဝင်ရောက်လေ့လာပြီး ခရီးစဉ်ပြီးဆုံးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်းထံမှ သိရသည်။

“ရန်ကုန်လို ကားကျပ်တဲ့အခြေအနေနဲ့ အခုလမ်းလျှောက်ခရီးစဉ်က အမွေအနှစ်တွေကို အထူးပြုလေ့လာနိုင်တဲ့ ခရီးစဉ်အသစ်တစ်ခုပါ။ ဒီဟာအောင်မြင်ရင် တိုးရစ်တွေအတွက် လည်ပတ်စရာတစ်ခုဖြစ်မယ်”ဟု ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ဦးသန်းနိုင်က ဆိုသည်။

ရန်ကုန်မြို့၏ ပထမဆုံးလမ်းလျှောက် ခရီးစဉ်ကို ရန်ကုန်တိုင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး နော်ပန်းသဉ္ဇာမျိုး အပါအဝင် လူဦးရေ ၂၅၀ ကျော်ဖြင့် စက်တင်ဘာလ ၈ ရက်က စမ်းသပ်လမ်းလျှောက်ခဲ့ပြီး ယင်းခရီးစဉ်သည် ရွှေတိဂုံဘုရားတောင်ဘက်မုခ်မှ အလံပြဘုရား၊ ဆူးလေနှင့် ဗိုလ်တထောင်ဘုရားတို့အထိ ချိတ်ဆက်ထားသည့်လမ်းမများ ပါဝင်ခဲ့သည်။

ဇန်နဝါရီလတွင်လည်း ရန်ကုန်တိုင်းအစိုးရနှင့် ဟိုတယ်ခရီးပူးပေါင်း၍ Yangon Step 2019 ကို ပြုလုပ်မည် ဖြစ်သည်။

J-14