News

POST TYPE

EDUCATION

ပန်းကလေးများ မလန်းရာမြေ
01-Dec-2018



လွန်ခဲ့သောသုံးနှစ်ခန့်က တိုင်းရင်းသား ရွှေ့ပြောင်းနေထိုင်သူ အလုပ်သမားများ၏ သားတစ်ဦးဖြစ်သူ ချစ်ကိုသည် ကျောင်းထွက် ရလုနီးပါးဖြစ်ခဲ့သည်။ သူ့မိဘတွေက သူ့ကို ကျောင်းထွက်ပြီး မိသားစုကို အထောက်အကူပြုရန် အလုပ်လုပ်စေချင်သောကြောင့်ဖြစ်သည်။

အသက် ၁၁ နှစ်အရွယ် ချစ်ကိုသည် မိဘတွေကသာ စိတ်မပြောင်းခဲ့လျှင် ကျောင်းထွက်ရမလို ဖြစ်နေသည်။ မည်သို့ဆိုစေ မဖြစ်စလောက် ငွေကြေးလေးအတွက် ကျောင်းထွက်ပြီး သူအလုပ် လုပ်ရပေတော့မည်။ သူက ကျောင်းတွင် စာတော်သည်။ ကျောင်းထွက် ရတော့မည်ဆိုခြင်းက ကံတရားကိုသာ လွှဲချရတော့ မလိုဖြစ်နေသည်။

သို့သော် ချစ်ကို၏ ကံကြမ္မာက အလှည့်အပြောင်း ဖြစ်သွားသည်။ သူတက်နေသည့်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး မိဆစ်ခမာချိန်က သူတို့နေထိုင်သည့် အိမ်စုတ်လေးကို ရောက်လာသည်။ မိဘတွေကို သူက စိတ်ပြောင်းပေးပါရန် တောင်းပန်လိုက်သည်။

ခမာချိန်သည် တက်ခရိုင်၊ မဲဆောက်မြို့ရှိ ဆော့ခါဟောင်ဆာကျောင်းတွင် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ထိုင်းနိုင်ငံတွင်ရှိသော ရွှေ့ပြောင်းနေထိုင်သူများအတွက်သင်ကြားရေးဌာန (MLCs) ၆၀ အနက် ထိုကျောင်းသည် တစ်ခုအပါအဝင်ဖြစ်သည်။

ကျောင်းအုပ်ဆရာမကြီးကိုယ်တိုင် ရောက်လာပြီး ပြောသဖြင့် ချစ်ကို၏ မိဘများသည် စိတ်ပိုင်းဖြတ်ရ ခက်သွားသည်။ ပညာရေးသည် ဆင်းရဲခြင်းမှ လွတ်မြောက်ရန် လက်မှတ်တစ်ခုဖြစ်ကြောင်း သူတို့မိဘနှစ်ဦး စလုံး နားလည်ကြသည်။ သို့သော် သူတို့မှာလည်း ထမင်းဝိုင်းပေါ် စားစရာရောက်လာရန် တိုက်ပွဲဝင်နေကြရသည်။

“ကျွန်တော်တို့ သားလေးကို ဘယ်လိုလုပ်ပြီး ကျောင်းပို့နိုင်မှာလဲ။ ကျွန်တော်တို့တောင် အသက်ရှင်ဖို့ တိုက်ပွဲဝင်နေရတာ”ဟု သူ့ဖခင်က ကျောင်းအုပ် ဆရာမကြီးကို ပြောလိုက်သည်။

“ချစ်ကိုသာ ရှင်တို့ရွေးပေးတဲ့လမ်းကို လိုက်မယ်ဆိုရင် ရှင်တို့လို ဘဝမျိုးပဲဖြစ်တော့မှာပေါ့။ ကျောင်းစရိတ်ကို ကျွန်မကူညီမယ်။ သူအကောင်းဆုံး လုပ်နိုင်မယ်လို့ ကျွန်မယုံတယ်။ ကျေးဇူးပြုပြီး ကျွန်မကို ယုံကြည်ပေးပါ”ဟု ကျောင်းအုပ်ဆရာမကြီးက ပြောလိုက်သည်။ 

နောက်ဆုံးတွင် ချစ်ကိုမိဘတွေက ကျောင်းအုပ်ဆရာမကြီးကို သဘောတူလိုက်ရသည်။ သူတို့သားလေးကို သူတို့လို ဘဝမျိုးတွင် အဆုံးမသတ်စေချင်။ သူတို့မိဘတွေ ဆုံးဖြတ်ချက်မှန်သွားသည်။ နောက် သုံးနှစ်အကြာတွင် ထိုင်းနိုင်ငံ ကျောင်းပြင်ပ မိုဘိုင်းလ် စာတတ်မြောက်ရေးကို အောင်မြင်သူတစ်ယောက် ဖြစ်သွားသည်။ ကျောင်းပြင်ပ မိုဘိုင်းလ်စာ တတ်မြောက်ရေးကို ထိုင်းနိုင်ငံတွင် UNESCO ဘန်ကောက်နှင့် ပုဂ္ဂလိကနည်းပညာ ကုမ္ပဏီကြီးများ ပူးပေါင်းလုပ်ဆောင်နေကြသည်။ ထိုအထဲတွင် Microsoft, True, CP Group, Help Without Frontiers Foundation နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပါဝင်ကြသည်။ 

ယင်းပရောဂျက်ကို ၂၀၁၄ ခုနှစ်ကတည်းက စတင်နေပြီး ထိုင်း-မြန်နယ်စပ်တစ်လျှောက်ရှိ ရွှေ့ပြောင်းနေထိုင်သူများ၏ ကလေးများအတွက် ICT ဆိုင်ရာ လေ့လာတတ်မြောက်မှုကို လေ့ကျင့်သင်ကြားပေးနေခြင်း ဖြစ်သည်။ ထိုပရောဂျက်အတွက် တက်ဘလက် အလုံးပေါင်း ၇၀၀ ထုတ်ပေးထားပြီး၊ လေ့လာသင်ကြားရေးဆော့ဖ်ဝဲဖြစ်သော LearnBig ကို ထည့်သွင်းပေးထားသည်။ အကြောင်းအရာပေါင်း ၁၀၀၀ ကျော်ကို တက်ဘလက်ထဲတွင် ထိုင်း၊ မြန်မာ၊ ကရင်သုံးဘာသာဖြင့် လေ့လာနိုင်သည်။ ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းနေထိုင်သူ စခန်းများရှိ ကျောင်းပေါင်း ၆၀ တွင် ထိုတက်ဘလက်များနှင့် သင်ကြားပေးနေသည်။ 

ယနေ့ဆိုလျှင် ချစ်ကိုအပါအဝင် ကလေးပေါင်း ၅,၅၀၀ ကျော်ကို အခြေခံပညာဖြစ်သည့် အရေး၊ အဖတ်အတွက် သင်ခန်းစာများအား သင်ကြားပေးခဲ့ပြီး ဖြစ်သည်။ MILsမှ ဆရာများသည် ဂြိုဟ်တု တီဗီ အစီအစဉ်များကတစ်ဆင့် မည်သို့သင်ကြားပေးရမည်ကို လေ့လာကြသည်။ အွန်လိုင်းအင်တာနက်က တစ်ဆင့်လည်း သူတို့ကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။ 

ကျောင်းအုပ်ဆရာမကြီး ခမာချိန်ကတော့ နည်းပညာအထောက်အကူဖြင့် ရွှေ့ပြောင်းနေထိုင်သူများ၏ သားသမီးများ စာတတ်မြောက်အား ပိုကောင်းလာကြောင်းပြောပြသည်။ 

“ကျွန်မတို့ဟာ ဝှိုက်ဘုတ်တစ်ခုတည်းကို သုံးနေရုံနဲ့ သူတို့အတွက် ပျော်ရွှင်စရာကောင်းတဲ့ လေ့လာမှု နယ်ပယ်တစ်ခုကို ဖန်တီးပေးနိုင်မှာ မဟုတ်ပါဘူး။ ခုတော့ တီဗီတွေ၊ တက်ဘလက်တွေနဲ့ဆိုတော့ ကလေးတွေကလည်း ကျောင်းကို ပိုပြီး လာချင်နေကြပြီ။ ဆရာတွေက တက်ဘလက်တွေသုံးပြီး သင်ပေးတာကို သူတို့ပိုပျော်ကြတယ်။ သူတို့ ကျောင်းမှာ စာသင်ချိန်ပြီးရင် တီဗီက ကာတွန်းတွေ၊ အစီအစဉ် မှတ်တမ်းဗီဒီယိုတွေ စောင့်ကြည့်ပြီး ပျော်နေကြတယ်”ဟု သူက ဆိုသည်။

“ကျွန်မတို့ ICT ပစ္စည်းတွေကို အသုံးပြုတဲ့အခါ ကလေးတွေက စိတ်လှုပ်ရှားကြတယ်။ ကျောင်းသင်ခန်းစာကိုလည်း စိတ်ဝင်စားပြီး မေးခွန်းလေးတွေ မေးလာကြတယ်။ ဖတ်စာအုပ်ကိုတောင် သူတို့ဘာသာ သူတို့ကြိုပြီး ဖတ်လာကြတာတွေရှိတယ်”ဟု ဆရာမကြီးက ပြောပြသည်။

UNESCO က သတ်မှတ်ပေးထားသည့် ပရောဂျက်တွင် ပူးပေါင်းပါဝင်လေ့လာသူတွေ များလာသည်ဟု ဆိုသည်။ မြန်မာလို လေ့လာသူပေါင်း ၈၄ ဒသမ ၂ ရာခိုင်နှုန်းဖြစ်ပြီး အမြင့်ဆုံးဖြစ်သည်။ ထိုင်းလို လေ့လာသူ ၅၆ ဒသမ ၃ ရာခိုင်နှုန်းနှင့် သင်္ချာကိုလေ့လာသူ ၅၂ ဒသမ ၃ ရာခိုင်နှုန်းရှိသည်။ 

ချစ်ကိုကတော့ နည်းပညာက သူ့ဘဝကို မည်သို့တိုးတက်မြင့်မားအောင် လုပ်ပေးနိုင်သည်ဆိုခြင်းကို အကောင်းဆုံး သက်သေပြသွားနိုင်ခဲ့သည်။ ယခု အသက် ၁၄ နှစ်ရှိပြီဖြစ်သည့် ချစ်ကိုသည် အတန်းထဲတွင် အတော်ဆုံးဖြစ်နေရုံမက၊ ကရင်ပြည်နယ် ကျောင်းပြင်ပ ပညာရေးစာမေးပွဲကိုလည်း ဝင်ရောက်ဖြေဆိုရာ အမှတ်အများဆုံးရရှိခဲ့သည်။

သူ့ဘဝက အခြားသောကလေးများ အားကျစရာဖြစ်ခဲ့သည်။ ထိုင်းနိုင်ငံတွင် ICT အထောက်အကူများဖြင့် သင်ကြားခွင့်ရရှိခဲ့သော အခြားရွှေ့ပြောင်း ကျောင်းသား ငါးဦးကလည်း ကျောင်းပြင်ပ ပညာရေး စာမေးပွဲတွင် အမှတ်ကောင်းစွာဖြင့် အောင်မြင်နိုင်ခဲ့သည်က သက်သေပြစရာဖြစ်ခဲ့သည်။ 

“ကျွန်တော့် အိပ်မက်ကတော့ တစ်နေ့မှာ အင်ဂျင်နီယာကြီးဖြစ်ဖို့ပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က စက်တွေကို မြတ်နိုးတယ်။ အမှတ်ကောင်းကောင်းရအောင်လုပ်ပြီး အင်ဂျင်နီယာ ပညာသင်နိုင်အောင်လုပ်မယ်။ ကျွန်တော့် မိဘတွေကို ထောက်ပံ့နိုင်ရမယ်။ ကျွန်တော့်အတွက် သူတို့အလုပ်တွေ ပိုပြီးပင်ပင်ပန်းပန်း လုပ်နေရတယ်”ဟု ချစ်ကိုက ဆိုသည်။ 

E-01

(Ref: Bangkok Post)