News

POST TYPE

EDUCATION

ဆရာများ၏ ရင်ဖွင့်သံ (ပွဲဆူနေသော တန်းစီဇယား)
08-Nov-2018


တက္ကသိုလ်ဆရာ၊ ဆရာမများ၏ ရာထူးတိုးပြောင်းတန်းစီဇယားတွင် သုတေသန လုပ်ဆောင်မှုကို ထည့်သွင်းစဉ်းစား အမှတ်ပေးပြီး တန်းစီဇယားအမှတ်ပေးခြင်းအတွက် ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများက ကြီးကြပ်မည်ဆိုခြင်းအပေါ် အယူအဆ အမျိုးမျိုးဖြင့် ဆရာအသိုင်းအဝိုင်းကြား ပွက်လောရိုက်နေသည်။ ထိုအခြေအနေများအကြောင်း ဆရာ၊ ဆရာမများ၏ သဘောထားများကိုစုစည်း၍ ယခုတစ်ပတ် ဆရာများ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice က ကောက်နုတ်ဖော်ပြပါသည်။ 

“သမီးက အမေကိုမွေးတယ်ဆိုတဲ့ ပုံစံဖြစ်နေတယ်”
ဒေါက်တာနန်းထွေးခင် (ပါမောက္ခ၊ ဒဿနိကဗေဒ၊ ရတနာပုံတက္ကသိုလ်)

ယခုနှစ် ရာထူးတိုးပြောင်းမူက အရင်နှစ်တွေနဲ့ အနည်းငယ် ကွဲလွဲနေတာ တွေ့ရတယ်။ လုပ်သက်ရမှတ်ကို ၃၀ မှတ်၊ သုတေသနရမှတ်ကို ၂၀ မှတ် အများ တွက်ပြီးပေးတယ်။ အဲဒီ ၂ ခုရမှတ်ကို ပေါင်းပြီ အများ အနည်းအလိုက် တန်းစီတယ်။ ၂ ခုပေါင်းရလဒ်တူနေရင် သင်ကြားရေး ၁၀ မှတ် ၊ Activities ၁၀ မှတ်၊ ဆုတံဆိပ် ၁၀ မှတ် အဲဒီရမှတ်တွေနဲ့ ပြန်စီတယ်။ အဲဒါပါတူခဲ့ရင် လုပ်ရည်ကိုင်ရည် တာဝန်လိုလားမှု၊ ကြိုးစားချင်စိတ်ရှိမှု၊ ပေးအပ်သော တာဝန်ကျေပွန် အောင်ထမ်းဆောင်မှု၊ အရေးကြီးသတင်း မပေါက်ကြား အောင်ထိန်းသိမ်းမှု (ဝဖရမှတ်) တို့ကို ၁၀ မှတ်ကိုကြည့်တယ်။ နောက်ဆုံးမှ ဒေါက်တာဘွဲ့ ဘယ်ကရလဲ ကြည့်တယ်။ ဒီမူတွေရေးဆွဲဖို့ဆိုပြီး အကြံပြုကြဖို့ စာထွက်ပြီး တက္ကသိုလ်တိုင်းကိုတောင်းပြီး တစ်လလောက်ကြာမှ နေပြည်တော်မှာ ပါချုပ်များ ဆရာများသမဂ္ဂအဖွဲ့ပါ အစည်းအဝေးတစ်ရပ်ခေါ်တယ်။ ဝိုင်းဆွေးနွေးကြတယ်။ ဆွေးနွေးခြင်းမှာ ဆရာ၊ ဆရာမများက ခေါင်းမြင်တဲ့လူကမြင်၊ ပန်းလို့မြင်တဲ့သူက မြင်တဲ့သူတွေကလည်း တပုံကြီး ...။ အခုလည်း လုပ်သက်ဦးစားပေးနဲ့ ပါဖောမန့် ဦးစားပေး ငြင်းခုံနေကြတာပဲ။

အဓိကပြဿနာက ခေတ်အဆက်ဆက်က လုပ်ရပ်တွေကြောင့် အဆင့်မြင့်ပညာ ဦးစီးဌာနကို မယုံကြတာပါ။ အခုတန်းစီဇယားကလည်း ဘယ်က ဘယ်လို ထွက်လာတယ်ဆိုတာမသိဘူး။ MOE ဝက်ဘ်ဆိုက်မှာ ဝင်ကြည့်တာမတွေ့ဘူး။ မကြည့်တတ်တာလည်း ဖြစ်မှာပေါ့။ အခုတန်းစီဇယားက အစစ်အမှန်ဆိုလျှင် ပါဖောမန့် ဦးစားပေးထားတယ်လို့ ယူဆပါတယ်။ ဒါကို လုပ်သက်ဦးစားပေးစေချင်တဲ့သူတွေ ကြိုက်မယ်မထင်ဘူး။ လုပ်သက်ဦးစားပေးရင်လည်း ပါဖောမန့်သမားတွေက ပူညံပူညံလုပ်မှာ။ ဆရာမအနေနဲ့ ဒီတန်းစီဇယားကို လက်မခံဘူး။ ဆရာ၊ ဆရာမ အများစုက အဆင်မပြေဘူး။ ဘာဖြစ်လို့လဲဆို လုပ်သက်ကို အရင်ကြည့်ရမယ်။ အမေက သမီးကိုမွေးထားတာ။ အခုက သမီးက အမေကိုမွေးတယ်ဆိုတဲ့ ပုံစံဖြစ်နေတယ်။ နောက် Ph.D ဘွဲ့ရနှစ်ကိုလည်း ကြည့်ရမယ်။ အခုက ပါဖောမန့်ဆိုပြီး တွင်တွင်အော်နေတာ။ ပါဖောမန့် ဆိုတာက သုတေသနစာတမ်းကို ပြောတာ။ အဲဒီ သုတေသနစာတမ်းကလည်း ဂျာနယ်ထဲ အနည်းဆုံး ၂ ခုပါမှရမယ်။ အခုက သုတေသနများတဲ့လူက ရှေ့ရောက်နေတယ်။ Ph.D ပြီးသူက နောက်ရောက်နေတယ်။ Ph.D သမားကို ပိုဦးစားပေးရမယ်။ သူက သေသေချာချာ လုပ်ထားတာတဲ့လူ။ အခုက ဂျာနယ်ထဲမှာ စာတမ်း ၃၊ ၄ ခုပါရုံနဲ့ တန်းစီဇယားမှာ ရှေ့ရောက်နေတယ်။ စာတမ်းဖတ်ရုံနဲ့ အမှတ်မရဘူး။ မဖတ်ဘဲ ဖတ်တယ်ဆိုပြီး လိမ်ပြီးထည့်မှာစိုးလို့လေ။ 

ပညာရေးဝန်ကြီး ဒေါက်တာချမ်းငြိမ်းလက်ထက်မှာ သုတေသနစာတမ်းကို တစ်နှစ် တစ်စောင် မလုပ်မနေ ထွက်ခိုင်းတာ။ ဌာနတွေကလည်း အားကျမခံ မပါမဖြစ်ရလေအောင် ရေးကြတယ်။ ဒါပေမဲ့ အဲဒီစာတမ်းတွေကို ထည့်မတွက်ပြန်ဘူး။ ငါးနှစ်အတွင်းလုပ်တဲ့ စာတမ်းမှရမယ်ဆိုပြီး ဖြစ်ပြန်ရော။ နယ်ကမြို့ထက် ပိုလုပ်ကြတယ်။ မဟာတန်း မရှိတော့ အားနေကြတာပေါ့။ ကျောင်းသားများတဲ့မြို့ကျ ဒီစာတမ်းတွေကို မလုပ်အားပြန်ဘူး။ မဟာတန်းသင်ရ၊ Thesis လုပ်ရ၊ တခြားတာဝန်နဲ့ပိနေတော့ မလုပ်အားကြဘူး။ ဒါကိုညှိရမှာ မညှိကြဘူး။ နောက်ပြီး လှုပ်ရှားမှုကို အမှတ်ပေးတာလည်း မကြိုက်ဘူး။ ဘက်လိုက်မှုများတယ်။ ပါမောက္ခချုပ်ကြိုက်တဲ့ ပါမောက္ခဌာနမှူးကို အားကစား တစ်ခုခုမှာ ဥက္ကဋ္ဌလုပ်ခိုင်းမယ်။ ဥပမာ - ဘောလုံးဥက္ကဋ္ဌက ဌာနတိုင်းမှာ ဆရာ၊ ဆရာမငယ်ပါဝင်အောင် ဌာနတိုင်းရဲ့ ပါမောက္ခဌာနမှူးဆီမှာ လူတောင်းရတယ်။ အဲဒီမှာ ဌာနမှူးက မိမိဌာနက ဆရာ၊ ဆရာမတွေကို တစ်ယောက်မကျန် ကဏ္ဍစုံပါအောင် တာဝန်ပေးရတယ်။ ဒါပေမဲ့ အမှတ်ပေးမယ်လို့ ဘယ်သူကမှ ထင်မထားတော့ ကျောင်းစည်းကမ်း လိုက်နာပြီး ပုံမှန်လာတဲ့သူ၊ မိမိမျက်စိရှေ့လူကိုပဲ ပိုပြီးတာဝန်ပေးကြတယ်။ အဲဒီတော့ တာဝန်ပိုကျေသူက အမှတ်ပိုရသလို ဖြစ်လာတယ်။ ဒါကြောင့် လူတိုင်း Activity မရှိနိုင်ဘူး။ တာဝန်ပေးတဲ မှတ်တမ်းပါမှ အမှတ်က ပေးပြန်တယ်။ အဲဒီအတွက် အတုအယောင်ထွက်လာလို့ အမှတ်ပိုသွားတာတို့ရှိလာပြီ။ ဒီဝဖ ရမှတ်ကတော့ ဘက်လိုက်မှု အများဆုံးပဲ။ အဖွဲ့ဖွဲတာ ကောင်းပါတယ်။ ပါမောက္ခ ဌာနမှူးတစ်ယောက်တည်း မဟုတ်တော့ သိပ်ပြီး မတားလုပ်လို့မရဘူး။ မဟုတ်ရင် ငါ့လက်ထဲမှာရှိတယ်ဆိုတာနဲ့ ခြိမ်းခြောက်ခံရမှာ။ ပါမောက္ခချုပ်များ လေးလပတ် အစည်းအဝေးဆိုရင် သူတို့အမှားကို ထောက်ပြတဲ့သူ၊ အမှန်တရားကို ပြောတဲ့သူဆိုရင် သူတို့ကို ကလန်ကဆန် လုပ်တဲ့သူဆိုပြီး ဘယ်တက္ကသိုလ်က ဘယ်ဌာနက ဘယ်ဆရာ၊ ဘယ်ဆရာမက ဆိုးတယ်ပေါ့ သတိထားကြဆိုပြီး စကြတာရှိတယ်။ ဒါကြောင့် ပါမောက္ခချုပ်ဆိုရင် အမှတ်မပေးမှာကြောက်လို့ ဟုတ်ကဲ့နဲ့ပဲ ခေါင်းညိတ်ကြတာပေါ့။ အကြောက်တရားက ရှိနေတုန်းပါပဲ။

အခုမူက လူတစ်စုလောက်ပဲ အဆင်ပြေတဲ့မူ ဖြစ်တယ်။ Ph.D လည်းမရ၊ သုတေသနလည်း မလုပ်ထားတဲ့သူကလည်း လုပ်သက်များလာတော့ ရာထူးတိုးလိုချင်တယ်။ အဲဒါပေးဖို့တောင်းတယ်။ Ph.D လည်း မလုပ်သော်ညား စာတမ်း ၂ စောင်လောက် ဂျာနယ်ထဲပါရင် စဉ်းစားပေးမယ်ပေါ့။ Ph.D လည်း မလုပ် သုတေသနလည်းမလုပ်ဘဲ ကြိုးစားမှုတစ်ခုမှမရှိဘဲ အချိန်တန် ရာထူးတိုးချင်တဲ့သူတွေကိုတော့ စိတ်ပျက်မိတယ်။ အဲလိုလူတွေသာ ရာထူးတိုး၊ ပြောင်းရွှေ့ရသွားရင် Ph.D ပရိုဂရမ်ကိုလည်း ဖြုတ်လိုက်၊ သုတေသနလည်း မလုပ်ခိုင်းနဲ့ပေါ့။ မြန်မာနိုင်ငံ ဝိဇ္ဇာ၊ သိပ္ပံ သုတေသနရှင်များအဖွဲ့မှာ စာတမ်းသွားဖတ်လည်း အလကားဖြစ်မှာပဲ။ ကြိုးစားမှုရဲ့ရလဒ်ပဲ တောင်းဆိုသင့်တယ်လို့ပဲ ခံယူပါတယ်။ နောက်ဆုံး ဝန်ကြီးကို အကြံပြုချင်တာကတော့ လုပ်သက်ရင့်သူကိုလည်း လျစ်လျူမရှုနဲ့။ အတွေ့အကြုံက စကားပြောပါတယ်။ အချင်းချင်း လေးစားမှုရှိဖို့ လယ်ဗယ်တူကို တန်းညှိပေးပါ။ သေချာစိစစ်ပြီး မူကိုချပြပါ။ ချပြီးသား မူအတိုင်း သေချာစွာ လုပ်ပေးပါ။ ကြွက်ကြွက်ညံနေတဲ့ တန်းစီဇယားကို သေချာပြန်စစ်ပေးပါ။ လုပ်သက် အရမ်းကွာရင် ငယ်တဲ့အလျောက် နောက်မှာထားပေးပါ။ လုပ်သက်တူမှ အဆင့်ဆင့် သတ်မှတ်ပေးပါ။ Ph.D စံနှုန်းနဲ့ ရာထူးတိုးမူ ချပေးပါ။ မဟုတ်ရင် Ph.D ကို ဘယ်သူမှမလုပ်ချင်တော့ပါ။ Ph.D အရည်အသွေး မြင့်တင်ပါ။ Ph.D လုပ်နေတဲ့သူကို ၆ လတန်သည် တတ်နိုင်သလောက် နိုင်ငံခြားပို့ပါ။ သူများနိုင်ငံ ဘာတွေ ဘယ်လိုတွေ လုပ်နေလဲဆိုတာကို ပြပေးပါ။ လုပ်ကိုင်ချင်စိတ်မပျက်အောင် ဒီမူလေးတော့ ထားပေးပါလို့ပဲ အကြံပြုချင်ပါတယ်။

“လူမှုရေး တရားမျှတမှု ဆိုတာကိုလည်း ဖော်ဆောင်ဖို့ ထည့်သွင်းစဉ်းစားသင့်တယ်လို့ မြင်တယ်”
ဒေါက်တာအာကာမိုးသူ (ကထိက၊ အရှေ့တိုင်းပညာဌာန၊ တောင်ကုတ်ဒီဂရီကောလိပ်)

ရာထူးတိုးပြောင်းတွေအတွက် နောက်ပိုင်းမှာ တန်းစီဇယားဆိုပြီး လုပ်လာတယ်။ အခုက ကထိက ကနေ တွဲဖက်ပါမောက္ခ၊ တွဲဖက်ပါမောက္ခကနေ ပါမောက္ခကို ထွက်တာပေါ့။ အဲဒီဇယားနှစ်ခု ထွက်လာတာပေါ့။ အခုက သုတေသနကို အဓိကထားတဲ့ တန်းစီဇယားမျိုး။ အဲဒီဇယားကို ဘယ်သူကအမှတ်ပေးလဲဆိုရင် စီနီယာပါမောက္ခနဲ့ ပါမောက္ခချုပ်ကနေပြီး အမှတ်ပေးတာ။ ပါမောက္ခနဲ့ ပါမောက္ခချုပ်တွေရဲ့ အမှတ်ပေးမှုက အရေးပါတဲ့အခါမှာ သူတို့ကလည်း ဆန္ဒာဂတိတို့လို အဂတိတွေ မကင်းဘူးဆိုရင် နစ်နာစရာတွေဖြစ်တာပေါ့။ ဆန္ဒာဂတိတရား လေးပါးကင်းတဲ့ ပါမောက္ခချုပ်တွေ၊ ပါမောက္ခဆိုတာ ရှိပါမလားဆိုတဲ့ မေးခွန်းတွေ ထွက်လာတာ။ အရင်ပုဂ္ဂိုလ်ရေးကိစ္စတွေ ပေါ်ပေါက်လာနိုင်တာပေါ့။ တန်းစီဇယားအတွက် အမှတ်တွေပေးဖို့ဆိုပြီး သက်ဆိုင်ရာ ပါမောက္ခတွေကို ဝန်ထမ်းအရည်အချင်းမှတ်တမ်း ဆိုပြီး ပြောလို့ရတဲ့ ဟာတွေ လုပ်လာကြတယ်။ အဲဒီဟာတွေ ပေါ်မှာ အမှတ်တွေစီလာကြတယ်။ အမှတ်တွေစီတဲ့အခါ ဒီတန်းစီ ဇယားထဲမှာတောင် ပါခွင့်မရဘူးလို့ ဆရာ၊ ဆရာမ အချို့က ရင်ဖွင့်လာကြတယ်။ သူတို့က တန်းစီဇယားထဲမှာ ပါခွင့်မရတဲ့သူတွေလား။ သူတို့က နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့တဲ့ နိုင်ငံတော်အတွက် ပေးဆပ်ခဲ့ရသူတွေဖြစ်ပေမယ့် ရာထူးတိုးတဲ့ တန်းစီဇယားထဲမှာတောင် ပါခွင့်မရဘူးလို့ ခံစားချက်တွေ ရှိလာတယ်။ သူတို့က သုတေသနစွမ်းဆောင်ရည် မရှိသော်ငြား လုပ်သက်ရင့်တွေဖြစ်တယ်။ စွမ်းဆောင်ရည်ရှိတယ်။ ဒါကို သုတေသနနဲ့ ပိုင်းဖြတ်လိုက်တဲ့အခါ ဆရာ၊ ဆရာမတွေက တစ်ခါတလေကျရင် သုတေသနထက်စာရင် ရုံးလုပ်ငန်းဘက်မှာ ကျွမ်းကျင်တဲ့အတွက် သုတေသနဘက်ကို မလှည့်နိုင်ဘူး။ အဲဒီအခါ အခုရာထူးတိုး၊ ပြောင်းရွှေ့မူ တွက်ချက်တဲ့အခါ၊ သုတေသနကို ထည့်သွင်းတွက်ချက်တဲ့အခါ အဲဒီဆရာမတွေကို ဖြုတ်ထုတ်ခံရတဲ့ အနေအထားဖြစ်တယ်။

အရင်က လုပ်သက်ရင့် ဆရာ၊ ဆရာမတွေကို ထည့်သွင်း တွက်ချက်ဖို့ လုပ်ခဲ့ကြတယ်။ ဦးရေဘယ်လောက်ရှိမလဲ၊ ရာခိုင်နှုန်း ဘယ်လောက်ရှိမလဲ၊ လုပ်သက်ရင့် ဆရာ၊ ဆရာမတွေကို ၂၀ ရာခိုင်နှုန်းလောက် ထည့်သွင်းမယ်ဆိုတဲ့ ရာခိုင်နှုန်းဇယားတွေ ထွက်ခဲ့တယ်။ အဲဒါကိုကြည့်ပြီး ဆရာ၊ ဆရာမတွေက လျှောက်ကြတယ်။ လျှောက်တဲ့အခါ နောက်ဆုံး ငါးနှစ်အတွင်းမှာဖြစ်တဲ့ သုတေသနသာလျှင် အကျုံးဝင်တယ်ဆိုပြီး သွားဖြတ်လိုက်တဲ့အခါ သုတေသနမလုပ်ဘဲ ရုံးလုပ်ငန်းမှာ နစ်မွန်းနေတဲ့ ဆရာ၊ ဆရာမတွေ ရှိတယ်။ သုတေသန လုပ်ခွင့်မရခဲ့ဘဲ ရာထူးတိုးတဲ့အခါ သုတေသနနဲ့ တွက်ချက်တာကို နစ်နာတယ်လို့ ယူဆလာကြတယ်။ ဌာနတွင်းမှာ အလုပ်တွေ အများကြီး လုပ်ခဲ့ရဲ့သားနဲ့ သုတေသန မလုပ်ဘူးဆိုတဲ့ အချက်နဲ့ ရာထူးတိုးတန်းစီဇယားမှာ ပါဝင်ခွင့်မရဘူးဆိုပြီး ဆရာ၊ ဆရာမအချို့က ငိုကြတယ်။ တန်းစီဇယားမှာ ပါခွင့်မရလောက်အောင် သူတို့က နုံချာနေပြီလားပေါ့။ လောလောဆယ်က အဲဒီပြဿနာပေါ့။ ဒီနှစ်ရော အရင်နှစ်ကရော တန်းစီဇယားတွေ နှစ်ကြိမ်ထွက်ခဲ့တယ်။ အဲဒီမှာ သုတေသနကို အားပေးမလား၊ လုပ်သက်ကို အားပေးမလားဆိုတဲ့ သဘောထားကောက်ခံကြတဲ့အခါ လုပ်သက်ကို အားပေးသင့်ပါတယ်ဆိုတဲ့ အဖြေ ထွက်လာတယ်။ ဒါပေမဲ့ အခုထွက်နေတဲ့ တန်းစီဇယားက သုတေသနကို ဇောင်းပေးတဲ့ပုံစံ ထွက်လာတာပေါ့။ သုတေသနသည် ဦးစားပေးဖြစ်ရမယ် ဖြစ်လာတယ်။ သုတေသနဆိုတာလည်း တက္ကသိုလ်ရဲ့ အသက်ပေါ့။ ဒါပေမဲ့ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုကို အရှိန်ယူကာစခါလ ဖြစ်တယ်။ သုတေသနကို နှစ်ပေါင်း ၄၀ လောက် အဆက်ဖြတ်ခံရတဲ့ မျိုးဆက်တစ်ခုမှာ သုတေသနကောင်းကောင်း ရရမယ်ဆိုတာ ခက်ခဲတဲ့ ယဉ်ကျေးမှုတစ်ခု၊ မယဉ်ပါးသေးတဲ့ ယဉ်ကျေးမှုတစ်ခု ဖြစ်နေသေးတယ်လို့ မြင်တယ်။

အရင်က သုတေသနကို အားမပေးခဲ့တဲ့ ကာလက နှစ်ပေါင်းများစွာကြာနေပြီ။ သုတေသနကို ဦးမလှည့်ခဲ့ဘူး။ ရုံးလုပ်ငန်းတာဝန်နဲ့ နစ်မွန်းခဲ့တဲ့ ဆရာ၊ ဆရာမတွေကိုလည်း အတိုင်းအတာတစ်ခုထိ လုပ်ပေးဖို့လိုတယ်။ သူတို့ရဲ့နစ်နာမှုတွေကို ထည့်သွင်းတွက်ချက်ဖို့ လိုသေးတယ်လို့မြင်တယ်။ နစ်နာခဲ့တဲ့ကာလတွေကို ကုစားဖို့ အချိန်ယူဖို့ လိုအပ်နေတဲ့ကာလလို့ မြင်တယ်။ လုပ်သက်ရင့် ဆရာ၊ ဆရာမတွေကို ရာထူးတိုးရာမှာ ထည့်သွင်းစဉ်းစားသင့်တယ်လို့ ကျွန်တော်တို့ ထုတ်ပြောခဲ့တာလည်း ကြာပြီ။ အဲဒီပေါ်မှာ သုတေသနကို အဓိက ထည့်သွင်းတွက်ချက်လိုက်တဲ့အခါ နစ်နာမှုတွေဖြစ်တဲ့အတွက် စိတ်မကောင်းဘူး။ သူတို့ ရဲ့လုပ်အားတွေကို လျစ်လျူရှုရာရောက်တယ်လို့ မြင်တယ်။ မူဝါဒတစ်ခု ကူးပြောင်းတဲ့အခါမှာ နစ်နာချက်တွေ ရှိတယ်။ နစ်နာချက်တွေ စဉ်းစားတဲ့အခါ လူမှုရေး တရားမျှတမှု ဆိုတာကိုလည်း ဖော်ဆောင်ဖို့ ထည့်သွင်းစဉ်းစားသင့်တယ်လို့ မြင်တယ်။ အကုန်လုံး ပါဝင်တဲ့ ဆုံးဖြတ်ချက်တွေကို လေးစားလိုက်နာပြီး လူတစ်စုကနေ ဆုံးဖြတ်ထားတဲ့ စိတ်ကူးယဉ် ဆုံးဖြတ်ချက်တွေကို ပစ်ပယ်လိုက်ဖို့လိုတယ်လို့ မြင်ပါတယ်။ 

“ဆရာ၊ ဆရာမအားလုံးကို စိတ်ပူပန်သောက ရောက်စေတယ်” 
ဦးမင်းဇင် (အတွင်းရေးမှူး၊ ဒဂုံတက္ကသိုလ်ဆရာ၊ ဆရာမများသမဂ္ဂ)

ရာထူးတိုးတန်းစီဇယားက အဆင့်မြင့်ပညာက တရားဝင် ထုတ်ပြန်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကွန်ပျူတာနဲ့ရိုက်ထားတဲ့ ရာထူးတိုးတန်းစီဇယား PDF ဖိုင်က တစ်နိုင်ငံလုံးက ဆရာ၊ ဆရာမတွေရဲ့ လက်ထဲကို အုံနဲ့ကျင်းနဲ့ ရောက်လာပြီ။ ဒီတန်းစီဇယားက အဆညက တကယ်ထုတ်လား၊ တရားဝင်လား မဝင်လားဆိုတာ မသိဘူး။ ဒီတန်းစီဇယားတွေ အမှတ်စဉ်တွေနဲ့ PDF ဖောင့်နဲ့ ထွက်လာတဲ့အတွက် အတည်ဖြစ်နိုင်တယ်လို့ ယူဆတယ်။ အခုက ဘာသာရပ်တွေ အစုံထွက်လာတယ်။ ဒါကို ဘယ်သူကမှတော့ လက်ကမြင်းပြီး အတုအယောင် မလုပ်ဘူးလို့ထင်တယ်။ အဆင့်မြင့်က ပေါက်လာတဲ့ဇယားလို့ ထင်တယ်။ ဘာကြောင့်လဲဆိုရင် အဆင့်မြင့်ပညာက သာဓကတွေ အများကြီးရှိခဲ့တယ်...။ မနှစ်က ရှစ်လပိုင်း ဆယ့်တစ်ရက် ၂၀၁၇ က နေပြည်တော်မှာ ရာထူး တိုးပြောင်းမှု အစည်းအဝေးကို ဝန်ကြီးဌာနနဲ့ ဆရာ၊ ဆရာမတွေ ဆွေးနွေးခဲ့တယ်။ မနှစ်က တန်းစီ ဇယားပုံစံက စုစုပေါင်းလုပ်သက်ကို အဓိကထားတယ်။ လက်ရှိရာထူး လုပ်သက်ကို ပထမ ထားတယ်။ နံပါတ် ၂ မှာက စုစုပေါင်း လုပ်သက် သို့မဟုတ် သုတေသနဆိုပြီး ထားတယ်။ စုစုပေါင်းလုပ်သက်လုပ်မလား၊ သုတေသနလုပ်မလားလို့ မဲကောက်ကြတယ်။ အဲဒီတုန်းက တက္ကသိုလ်အများစုက စုစုပေါင်းလုပ်သက်ကို ထားမယ်။ အချို့သော တက္ကသိုလ်တွေက သုတေသနကို ဦးစားပေးမယ်ဆိုပြီးထွက်တယ်။

အဲဒီတော့ မနှစ်ကမူအရဆိုရင် လက်ရှိရာထူး လုပ်သက်၊ စုစုပေါင်းလုပ်သက်ပြီးမှ သုတေသနဆိုပြီး အစဉ်တိုင်းသွားတာ။ ဒီနှစ်မူက လုပ်သက်၊ စုစုပေါင်း လုပ်သက်၊ သုတေသန ရမှတ်၊ သင်ကြားရေးရမှတ် အားလုံးကို တန်းတူထားလိုက်တယ်။ အမှတ်တွေကို ပါမောက္ခဌာနမှူး၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိကနဲ့ ပါမောက္ခချုပ် ငါးဦးပါတဲ့အဖွဲ့ အမှတ်ပေးပါဆိုပြီး လုပ်တယ်။ အဲဒီအခါ မြန်မာပြည်မှာ ဌာနပေါင်း မြောက်မြားစွာက ပါမောက္ခဌာနမှူးများရဲ့ စိတ်ထား အမျိုးမျိုးကနေ အမှတ်ပေးလိုက်တဲ့အခါ အခုလိုမျိုး ကမောက်ကမ ရာထူးတိုး၊ ပြောင်း တန်းစီ ဇယားတွေ ထွက်လာတယ်။ ၁၉၈၆ က အလုပ်ဝင်တဲ့ ဆရာ၊ ဆရာမ တစ်ယောက် အခုက ရာထူးတိုးတန်းစီဇယားမှာ ၂၀၀၂ တို့ ၁၉၉၇ တို့မှ အလုပ်ဝင်တဲ့သူတွေ၊ နောက်ကိုမှ အဝေးကြီး ရောက်နေတာမျိုး ဖြစ်တယ်။ ဒါက လုပ်သက်ကို ဦးစားမပေးဘူး။ ရသေးတယ်။ နောက်တစ်မျိုးက ၁၉၉၈ ကနေ အလုပ်ဝင်တယ်။ ဒေါက်တာဘွဲ့လည်း ရတယ်။ သုတေသနစာတမ်းလည်း ဖတ်ထားတယ်။ ဒါပေမဲ့ အဲဒီဆရာမက ၂၀၀၂ ရဲ့ ဟိုးအဝေးကြီးမှာ ရောက်နေပြန်တယ်။ ကျွန်တော်တို့ သုံးသပ်တာ ဒီတန်းစီဇယားက ဆရာ၊ ဆရာမအားလုံးကို စိတ်ပူပန်သောက ရောက်စေတယ်။ လုပ်ငန်းခွင် အလုပ်လုပ်တဲ့အခါ ဦးနှောက်နာကျင်စေတယ်။ အလုပ်ကောင်းကောင်း မလုပ်ချင်တော့ဘူး။ အဲဒီအခါ နိုင်ငံ့လုပ်အား ဆုံးရှုံးတယ်။ ဒါကြောင့် ဒီရာထူးတိုးမူကို ကျွန်တော်တို့ ကန့်ကွက်တယ်။

ဆရာ၊ ဆရာမတွေ ဘာဖြစ်လို့နာကျင်ရလဲဆိုရင် ကမောက်ကမဖြစ်တဲ့ တန်းစီဇယားထုတ်တယ်။ ပြီးတော့ ပညာရေးဝန်ကြီးဌာနမှာ လစ်လပ်တန်းစီဇယား ထုတ်ထားတာ ရှိတယ်။ ဥပမာပြောရရင် ဓာတုဗေဒဌာနမှာ ကထိက ကနေ တွဲဖက်ပါမောက္ခကို တိုးပေးဖို့ လစ်လပ်နေရာ ၄ ခုရှိတယ်။ ဒါပေမဲ့ ကထိက ကနေ တွဲဖက်ပါမောက္ခကိုတိုးဖို့ တန်းစီဇယားမှာ လူ ၃၀၀ ရှိတယ်။ ကပြောင်းကပြန်ဖြစ်တဲ့ တန်းစီဇယားကို ကိုယ်တိုင်ခံစားကြည့်ကြပေါ့။ ဒါတွေက နိုင်ငံ့ဝန်ထမ်းနည်း ဥပဒေကြောင့်ဖြစ်တာ။ အရင်တုန်းက အဲဒီနည်းဥပဒေကို မကျင့်သုံးခင်က အဆင့်မြင့်ပညာက သူတို့လုပ်ပိုင်ခွင့်ရတုန်း ရာထူးတိုးချင်သလို တိုးပေးခဲ့တယ်။ ပြောင်းချင်သလို ပြောင်းပေးခဲ့တယ်။ အခုအစိုးရလက်ထက် ဥပဒေနဲ့အညီ လုပ်ရမယ့်အခါ အရင်ကထက်ပိုကောင်းဖို့ လိုတယ်။ အခု အဆင့်မြင့်ပညာရဲ့ လုပ်ပေါက်က အခု နည်းဥပဒေရှိကာကျမှ ပြည်သူ့အစိုးရက နည်းဥပဒေ ပြဋ္ဌာန်းတော့မှ လစ်လပ်နေရာတို့ တန်းစီဇယားတို့ထုတ်ပြီး တစ်နိုင်ငံလုံးက ဆရာ၊ ဆရာမတွေကို စိတ်ဒုက္ခရောက်အောင် လုပ်တယ်ဆိုတာ လက်ရှိပြည်သူ့ အစိုးရကို သိက္ခာကျအောင်၊ ဘဝတူချင်း မျက်ကွယ်ပြုပြီး ပညာရေးလောကကို စိတ်ပင်ပန်းအောင် လုပ်တယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။

မြဇာခြည်သင်း