News

POST TYPE

EDUCATION

နွေရာသီတွင် မူလတန်း၊ အလယ်တန်း ဆရာ၊ ဆရာမအားလုံး သင်ရိုးသစ်သင်တန်းတက်ရမည်
26-Oct-2018


ရန်ကုန်၊ အောက်တိုဘာ ၂၅

လာမည့်နှစ်တွင် စတင်သင်ကြားရမည့် တတိယတန်းနှင့် ဆဋ္ဌမတန်း သင်ရိုးသစ်များအတွက် သင်ရိုးသစ် သင်တန်းများကို အခြေခံပညာဦးစီးဌာန အောက်ရှိ မူလတန်းနှင့်အလယ်တန်းသင် ဆရာ၊ ဆရာမများအားလုံး တက်ရမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနထံမှ သိရသည်။

သင်ရိုးသစ်သင်တန်းများကို လာမည့်နှစ်ဇွန်လ၊ ကျောင်းမဖွင့်မီအတွင်း ဖွင့်လှစ်မည်ဖြစ်ပြီး အစိုးရကျောင်းများအပြင် ဘက ကျောင်းများ၊  ပုဂ္ဂလိကကျောင်းများ၊ တိုင်းရင်းသား ဘာသာစကားဦးစီးဌာန အောက်ရှိကျောင်းများ မူလတန်းနှင့် အလယ်တန်းအဆင့် ဆရာအားလုံး တက်ရောက်ရမည်ဖြစ်သည်။

ယင်းဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက “အလယ်တန်းက Grade 6 (ဆဋ္ဌမတန်းသင်ရိုးသစ်) ဆိုတာမှာ အရင်တုန်းက အခေါ်အရ ပဉ္စမတန်းပေါ့။ လက်ရှိအလယ်တန်းမှာ သင်တဲ့ ဆရာတွေထဲက ငါးတန်းသင်တဲ့ဆရာတွေ တက်ရမှာပေါ့။ ဒါပေမဲ့ အလယ်တန်းသင် ဆရာအကုန်လုံးကို သင်တန်းပေးဖို့ ကျွန်တော်တို့ လုပ်ထားတယ်”ဟု ပြောကြားသည်။

“သင်တန်းစရိတ်ကတော့ အများကြီးကုန်မှာပေါ့။ ဘယ်လောက်ဆိုတာတော့ အတိအကျပြောဖို့ခက်တယ်။ မနှစ်တုန်းက ကုန်တာထက် ပိုများမှာပေါ့။ မူလတန်း (ဆရာဦးရေ) ကတော့ မနှစ်ကအတိုင်းပဲဖြစ်မယ်။ အလယ်တန်းပြက မူလတန်းလောက် မများပေမယ့် အရင်ကထက် နှစ်ဆနီးပါးလောက် (စရိတ်) ကုန်မှာပေါ့”ဟု ဦးကိုလေးဝင်းက ဆက်လက်ပြောကြားသည်။

အခြေခံပညာဦးစီးဌာနအနေနှင့် ၂၀၁၆ ခုနှစ်ကတည်းက သင်ရိုးသစ်များကို တစ်နှစ် တစ်တန်းနှုန်းပြောင်းလဲခဲ့ပြီး သင်ရိုးသစ်များအတွက် သင်တန်းများကိုလည်း  တိုင်းနှင့်ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်၊ ကျောင်းအဆင့်များ သတ်မှတ်ကာ နှစ်စဉ်နွေရာသီ ကျောင်းပိတ်ရက်များတွင် ဖွင့်လှစ်နေခြင်းဖြစ်သည်။

ပြောင်းလဲလိုက်သည့် စနစ်သစ်အရ သူငယ်တန်း တစ်နှစ်၊ မူလတန်း ၅ နှစ်၊ အလယ်တန်း ၄ နှစ်နှင့် အထက်တန်း ၃ နှစ် ရှိမည်ဖြစ်ကာ အတန်းအားလုံးကို ၂၀၂၃ ခုနှစ်မတိုင်မီ အပြီးပြောင်းလဲ သင်ကြားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်အသိပေးထားပြီးဖြစ်သည်။  

J-19