News

POST TYPE

EDUCATION

တရုတ်ဘာသာစကား ကျွမ်းကျင်အောင် ပြုလုပ်ကြရန် မလေးရှားကျောင်းသားများကို အန်ဝါအီဘရာဟင် တိုက်တွန်း
22-Oct-2018


ကွာလာလမ်ပူ၊ အောက်တိုဘာ ၂၁

တရုတ်ဘာသာစကားသည် အရေးကြီးသော ဒေသတွင်း စီးပွားရေးဘာသာ စကားဖြစ်လာသောကြောင့် ကျွမ်းကျင်အောင် ပြုလုပ်ထားကြရန် မလေးရှား PKR ပါတီခေါင်းဆောင် အန်ဝါအီဘရာဟင်က တနင်္လာနေ့က တိုက်တွန်းလိုက်သည်ဟု CNA သတင်းတွင် ဖော်ပြထားသည်။

“တခြားဘာသာစကားတွေ ကျွမ်းကျင်တာကို အားပေးရမယ်ဆိုပေမယ့် တရုတ်စကား၊ အင်္ဂလိပ်စကားတွေကို အကာအကွယ်ပေးနေတာမဟုတ်ပါဘူး”ဟု PKR ပါတီခေါင်းဆောင်က ၄၇ ကြိမ်မြောက် အထွေထွေညီလာခံနှင့် ဆက်စပ်ကျင်းပသော ဆွေးနွေးပွဲတစ်ခုတွင် ပြောကြားသည်။

“တရုတ်ဘာသာစကားဟာ လောလောဆယ် ဒေသတွင်းမဟာဗျူဟာမြောက် စီးပွားရေးဘာသာစကားဖြစ်ပါတယ်။ မလေးစကားကတော့ အမျိုးသားအဆင့် ဘာသာစကားဖြစ်တယ်ဆိုတာ မေးခွန်းထုတ်စရာမလိုဘဲ လက်ခံထားကြပါတယ်”ဟု အန်ဝါက ပြောကြားသည်။

မလေးရှားမွတ်ဆလင်လူငယ် လှုပ်ရှားမှု ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ အန်ဝါအီဘရာဟင်က နိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးမှုသည် အစ္စလာမ်ကိုးကွယ်မှုဆိုင်ရာ အယူအဆကို ပိုမိုကျယ်ပြန့်စွာနားလည် သဘောပေါက်ရေးအတွက် လူသားချင်းစာနာမှု အမြင်များကိုပါ ယှဉ်တွဲရန် လိုအပ်သည်ဟု ပြောကြားသည်။

ယခုအချိန်တွင် အစ္စလာမ် ကိုးကွယ်မှုဆိုင်ရာ အယူအဆ နားလည်သဘောပေါက်မှုကို ပြသရန် ကြိုးစားမှုများသည် ဗဟုသုတ၊ နားလည်သဘောပေါက်မှုနှင့် ခံယူချက်ဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်ဟု ၎င်းက မှတ်ချက်ပေးသည်။

“ကျွန်တော်တို့ရဲ့ စီးပွားရေးအမြင်ဟာ စီမံခန့်ခွဲမှု ကောင်းနေရုံ၊ အဂတိလိုက်စားမှုကင်းနေရုံနဲ့ မပြီးသေးဘူး။ လူသားဆိုင်ရာ တန်ဖိုးတွေလည်း ရှိဖို့လိုတယ်။ ဘာကြောင့်လဲဆိုရင် တစ်ခါတစ်ရံမှာ ဖွံ့ဖြိုးတိုးတက်မှု ကိန်းဂဏန်းတွေဟာ မြင့်တက်မှုကို ပြသနေပေမယ့် လူသားဆိုင်ရာရှုထောင့်တွေ ဖိနှိပ်ခံနေရတယ်”ဟု အန်ဝါက ပြောကြားသည်။

မလေးရှားအသစ် ရည်မှန်းချက်ကို မျှော်ကြည့်ခြင်းဟု ခေါင်းစဉ်ပေးထားသော ဆွေးနွေးပွဲတွင် အန်ဝါအီဘရာဟင်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ 

F-04


  • VIA