News

POST TYPE

EDUCATION

ဆရာများ၏ ရင်ဖွင့်သံ (ကျောင်းသားနှင့် ဆိုင်ကယ်)
11-Oct-2018

မြန်မာနိုင်ငံ၏ မြို့နယ်တော်တော်များများရှိ အခြေခံပညာကျောင်းများတွင် တက်ရောက်နေသော ကျောင်းသူ၊ ကျောင်းသားများအနေနှင့် ကျောင်း သို့မဟုတ် ကျူရှင်သွားရာတွင် ဆိုင်ကယ်ကိုကိုယ်တိုင် မောင်းနှင်ပြီး သွားလာနေမှုများရှိသဖြင့် ယာဉ်အန္တရာယ် မဖြစ်ပွားစေရေး ဆရာ၊ ဆရာမများ၏ အကြံပြုချက်များကို စုစည်းဖော်ပြလိုက်ပါသည်။

 “ဆိုင်ကယ်စီးလာတဲ့ကျောင်းသားကို သဲကားက တိုက်လိုက်တယ်”
ဦးအောင်သူ (အလယ်တန်းပြ၊ အမက(လွန်)၊ နန်းတော်ကုန်း၊ သာစည်မြို့ နယ်)

ကျွန်တော်က မူလွန်ဆိုတော့ ၅တန်း၊ ၆ တန်း၊ ၇ တန်း သင်ရတာပေါ့။ ကျွန်တော်တို့က ရွာဖြစ်တော့ နည်းနည်းခေါင်တယ်။ ကျောင်းသားတွေကလည်း လမ်းလျှောက်လာကြတယ်။ စက်ဘီးတောင် သိပ်မရှိကြဘူး။ ဆိုင်ကယ်စီးတာမျိုးတော့ မရှိဘူး။ ကျွန်တော်တို့ ရွာကျောင်းတွေကတော့ မရှိဘူး။ အနီးအနားဝန်းကျင် ကျောင်းတွေကလည်း အလယ်တန်းကျောင်းတွေဖြစ် တဲ့အတွက် ဆိုင်ကယ်စီးတာ သိပ်မရှိဘူး။ မြို့ပေါ်ကျောင်း တွေမှာတော့ ဆိုင်ကယ်စီးခွင့်ပေးထားတာ တွေ့ရ တယ်။ ကျွန်တော်တို့နားက အထက်တန်းကျောင်းမှာ ဆိုရင် ဘေးရွာက ကလေးတွေက ကျောင်းတက်ရင် သုံးမိုင်၊ လေးမိုင်လောက် ဝေးတာဆိုတော့ ကျောင်း သွားရင် ဆိုင်ကယ်နဲ့သွားကြတယ်။ ကျောင်းသားတွေ ကိုယ်တိုင် မောင်းတာပေါ့။ ကလေးတွေ ဘယ်သူ့မှ ဂရုမစိုက်တဲ့ပုံစံမျိုး စီးနေကြတာလည်း တွေ့ရတယ်။ ကျောင်းကခွင့်ပြုထားလို့ပဲလို့ ထင်တယ်။ အဓိက တော့ ကိုးတန်း၊ ဆယ်တန်းအရွယ်တွေပေါ့။ ဆိုင်ကယ် စီးတာကတော့ ပြောမပြနိုင်လောက်အောင်ကို အန္တရာယ် ရှိတယ်။ ဘာလို့လဲဆိုရင် သူတို့က အငယ်တွေဆိုတော့ သူတို့ရောက်ချင်တာလောက်ပဲ သိတယ်။ လမ်းမှားတာ မသိဘူး။ ဘေးကရန်တွေကို မသိဘူး။ လမ်းစည်းကမ်း လည်း နားမလည်တော့ သူတို့မောင်းချင်သလိုမောင်း တယ်။ အန္တရာယ်ကတော့ တော်တော်များတယ်။ ကျွန်တော်တို့ သာစည်မြို့နယ်မှာဆိုရင် ဆိုင်ကယ်စီး လာတဲ့ကျောင်းသားကို သဲကားက တိုက်လိုက်တယ်။ ကလေး ပွဲချင်းပြီးသေသွားတယ်။ ဒါပေမဲ့ ကလေးက လမ်းမှားတာဖြစ်တဲ့အတွက် ကားကိုရပ်မပေးဘူး။ အဲဒီအဖြစ်အပျက်က ကြာတော့ကြပြီဆိုပေမယ့် မစီးခိုင်းတာက အကောင်းဆုံးပဲ။

ဆရာအများစုအမြင်ကတော့ ကလေးတွေကို ဆိုင်ကယ်ကို လုံးဝပေးမစီးသင့်ဘူးလို့ ယူဆတယ်။ ကျောင်းနဲ့ဝေးတဲ့ရွာတွေကတော့ အခက်အခဲဖြစ်နိုင်တယ်။ စက်ဘီးတော့ စီးလို့ရပေမယ့် အခုခေတ်ကလေးတွေက စက်ဘီးကို သိပ်မစီးချင်ကြတော့ဘူး။ ရွာမှာဆိုရင် စီးပွားရေး အဆင်ပြေတဲ့မိဘတွေရဲ့ သားသမီးတွေက ကျောင်းကို ဆိုင်ကယ်လေးတွေနဲ့ တက်တယ်။ တစ်ယောက်က ဆိုင်ကယ်နဲ့တက်တော့ နောက်တစ်ယောက်ကလည်း ဝယ်ခိုင်းပြီး တက်ကြတယ်။ အဆင်ပြေနိုင်တာကတော့ ရွာက ကလေးတွေအနေနဲ့ တခြားရွာကို၊ သို့မဟုတ် မြို့ကိုကျောင်းသွားတက်မယ်ဆိုရင် သုံးဘီး ဆိုင်ကယ်တစ်စီးလောက်နဲ့ ကြိုပို့လုပ်ပေးရင်တော့ အဆင်ပြေနိုင်တယ်။ ရွာမှာက ကားမရှိဘူး။ သုံးဘီးဆိုင်ကယ်ပဲရှိတယ်။ ကျွန်တော် အရင်တာဝန်ကျတဲ့ ဇာတိရွာမှာဆိုရင် ကလေးတွေ သာစည်မြို့ကိုကျောင်း သွားတက်ရင် ဆိုင်ကယ်စီးခွင့်မပြုဘူး။ သုံးဘီးကို ဖယ်ရီကားပုံစံမျိုးနဲ့ ကျောင်းကြို၊ ကျောင်းပို့လုပ်ခိုင်းတယ်။ အဓိကတော့ ယာဉ်အန္တရာယ်ကာကွယ်ဖို့က ကျောင်းသားရော၊ ဆရာရော၊ မိဘရောမှာ တာဝန်ရှိတယ်။ တစ်ဦးတစ်ယောက်တည်းကို လှည့်ချလို့မရဘူး။ ကျောင်းအုပ်က တားမြစ်ရင်တောင်မှ မိဘကိုယ်တိုင်က စီးခိုင်းနေတာဖြစ်တဲ့အတွက် ဆရာတွေ၊ ကျောင်းအုပ်တွေ ပြောတဲ့စကားက အလကားဖြစ်သွားတယ်။ ဒီတော့ အားလုံးပါဝင်ဖို့ လိုတယ်။ ကျွန်တော်တို့လို ရွာကျောင်းတွေက ကိစ္စသိပ်မရှိပေမယ့် အထက်တန်း ကျောင်းကြီးတွေအနေနဲ့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဟောပြောပွဲလိုမျိုးတွေကို တစ်နှစ်ကို နှစ်ကြိမ်လောက် လုပ်ပေးသင့်တယ်။

“လက်သာကျိုးခဲ့ရင် ဆယ်တန်းတောင်ဖြေနိုင်မှာမဟုတ်ဘူးပေါ့”
ဦးမျိုးမင်းအောင် (အလယ်တန်းပြ၊ အထက(၁)၊ ကလေးမြို့ )

ကျွန်တော်တို့ ကျောင်းနားဝန်းကျင်မှာက ပညာဒါနကျောင်းတွေ ရှိတယ်။ ဘော်ဒါရှိတယ်။ ဒီတော့ များသောအားဖြင့် ကျောင်းသားတွေ ကျောင်းကိုလာရင် ခြေလျင်လာကြတာများတယ်။ ဆိုင်ကယ်လည်း စီးတာရှိတယ်။ ကျွန်တော်တို့ကျောင်းအနေနဲ့ ကျောင်းသားတွေကို လုံးဝ ဆိုင်ကယ်မစီးဖို့ ညွှန်ကြားချက် ထုတ်ထားပါတယ်။ နောက်ဆုံး သူတို့အရေး အကြောင်းရှိရင်ပဲဖြစ်ဖြစ်၊ ကျောင်းလာဖို့ဝေးလို့ ဆိုင်ကယ်စီးလာရင်ပဲဖြစ်ဖြစ် ကျောင်းဝင်းထဲကို ဆိုင်ကယ် ယူမလာခိုင်းဘူး။ ဒါကတော့ မိဘရဲ့အခြေအနေအရပေါ့။ မြို့နယ်အနေနဲ့လည်း ကျောင်းသားတွေကို ဆိုင်ကယ်စီးခွင့်မပြုဖို့ ညွှန်ကြားချက် ထုတ်ထားပါတယ်။ အဓိက ယာဉ်အန္တရာယ် ကင်းရှင်းရေးဆိုပြီး နိုင်ငံတော်ကလည်း အသက်ဆယ့်ရှစ်နှစ်မပြည့်ရင် ဆိုင်ကယ်မစီးရ ထုတ်ထားတာပါ။ အရင်ကတော့ အသက် ဆယ့်ရှစ်နှစ်ပြည့်မှ လိုင်စင်ထုတ်ပေးတာပေါ့။ အာဆီယံနိုင်ငံတွေမှာ မြန်မာတစ်နိုင်ငံတည်းပဲ ဆယ့်ခြောက်နှစ်နဲ့အထက်တန်းပြီးတာဆိုတော့ ဆယ့်ခြောက်နှစ်ကျော်ရင် တက္ကသိုလ်တက်ရတယ်။ တက္ကသိုလ်တက်တဲ့အခါ ဆိုင်ကယ်လိုတာကြောင့် ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဆယ့်ခြောက်နှစ်ကျော်ရင် ဆိုင်ကယ်လိုင်စင် (က) အဆင့် ထုတ်ပေးတာရှိတယ်။ ပုံမှန်အားဖြင့်တော့ အခြေခံကျောင်းတွေမှာ လုံးဝစီးခွင့်မရှိဘူး။ ယာဉ် စည်းကမ်းအရပေါ့။ တိုးတက်လာတဲ့အခြေအနေအရ အသက်မပြည့်တဲ့ကလေးတွေလည်း ဆိုင်ကယ်စီးကြတာမျိုး ရှိပါတယ်။ 

နောက်ပြီး တချို့ကျ ကျောင်းကနေ ချက်ချင်းပြန်ပြီး ပုဂ္ဂလိကဘော်ဒါလို ပရဟိတကျောင်းတွေ တက်ရတာမျိုးရှိတယ်။ အဲဒီလိုသွားတဲ့အခါ ဆိုင်ကယ် အသုံးပြုတာမျိုး ရှိပါတယ်။ ကျွန်တော်တို့အမြင်အရ ဆယ့်ရှစ်နှစ် မပြည့်မချင်း ယာဉ်မောင်းခွင့်မပေးတာက နိုင်ငံတကာမှာလည်း သတ်မှတ်ထားတယ်။ ကျွန်တော့်အနေနဲ့လည်း မစီးသင့်သေးဘူးလို့ ထင်တယ်။ ဆယ့်ရှစ်နှစ်ပြည့်မှလည်း ဝေဖန်ပိုင်းခြားနိုင်တဲ့ အခြေအနေရှိတယ်။ အဲဒီအရွယ်မှလည်း ယာဉ်အန္တရာယ်ကို ဖြေရှင်းနိုင်မယ်လို့ လက်ခံတယ်။ ဥပဒေအရဖြစ်စေ၊ ကျောင်းအနေနဲ့ဖြစ်စေ သတ်မှတ်ထားတဲ့ အသက်မပြည့်သေးတဲ့ ကျောင်းသားဟာ ဆိုင်ကယ်မောင်းလို့ လမ်းမှာတစ်ခုခုဖြစ်လာရင် ကျောင်းအုပ်နဲ့ အတန်းပိုင်ဆရာပေါ်မှာပဲ အပြစ်ရောက်တယ်။ သူပဲတာဝန်ခံရမှာ။ ကျွန်တော့်အမြင်အရဆို ကျောင်းအနေနဲ့ လုံးဝကို ပေးမစီးသင့်ဘူး။ လွန်ခဲ့တဲ့နှစ်နှစ်၊ သုံးနှစ်လောက်က ဆယ်တန်းဖြေမယ့်ကလေးတစ်ယောက် ဆိုင်ကယ်စီးလို့ ခြေထောက်ကျိုးသွားတာ ကြုံဖူးတယ်။ ခြေထောက်ပဲဖြစ်လို့ တော်သေးတယ်လို့ ပြောရမှာပေါ့။ လက်သာကျိုးခဲ့ရင် ဆယ်တန်းတောင်ဖြေနိုင်မှာ မဟုတ်ဘူးပေါ့။ အဲဒါမျိုးအန္တရာယ်တွေကို ကြိုမြင်တတ်ဖို့ လိုတာပေါ့။

အဓိကက ဆိုင်ကယ်ဆိုတာ မိဘကပေးစီးတာ။ အပြစ်မြင်ရင် ကျောင်းနဲ့အတန်းပိုင်ကိုပဲမြင်မှာ။ ဖြစ်ပြီဆိုရင် အန္တရာယ် အရမ်းများတယ်။ ဘဝတစ်ခုလုံးလည်း ဆုံးရှုံးနိုင်တယ်။ ဒီတော့ မိဘရော၊ ဆရာရော၊ ကျောင်းမှာရော တာဝန်ရှိတယ်။ ကျွန်တော်တို့ ကလေးမြို့အနေနဲ့က အဓိက တရုတ်ကားနဲ့ တရုတ်ဆိုင်ကယ်က ယာဉ်တိုက်မှု တော်တော်ဖြစ်တယ်။ လူသေမှုလည်း တော်တော်များတယ်။ ဒါကြောင့် မလုပ်မဖြစ်ပေါ့ မြို့နယ် အုပ်ချုပ်ရေးမှူးတွေရော ယာဉ်ထိန်းတွေရောက လွန်ခဲ့တဲ့နှစ်လကတည်းက နေ့ရော၊ ညရော ယာဉ်အန္တရာယ် အလေးပေး ဆောင်ရွက်နေတယ်။ ဘက်မှန်တွေ ဖမ်းတယ်။ လိုင်စင်တွေစစ်တယ်။ တက္ကသိုလ် ကျောင်းသားတွေကိုတော့ ယာဉ်မောင်းလိုင်စင် လျှောက်ဖို့ အချိန်နှစ်လပေးလိုက်တယ်။ အကောင်းဆုံးက အခြေခံကျောင်းသားတွေကို မစီးခိုင်းတာက အကောင်းဆုံးပါပဲ။ ဆယ့်ရှစ်နှစ်မပြည့်သေးတဲ့အတွက် တစ်ခုခုဖြစ်ပြီဆိုရင် စီးတဲ့ကျောင်းသားတွေတင်မကဘဲ ကျန်တဲ့လူတွေပါ အသက်အန္တရာယ်ဖြစ်နိုင်တယ်။ သူ့အတွက်ရော သူ့ဘဝအတွက်ရော၊ စာမေးပွဲဖြေခါနီး ခြေထောက်ကျိုးတာ လက်ကျိုးတာမျိုး မဖြစ်ရအောင် ကျောင်းအုပ်တွေရော၊ ဆရာ၊ ဆရာမတွေကပါ ညွှန်ကြားချက်ထုတ်ပြီး တားမြစ်တာ အကောင်းဆုံးဖြစ်မယ်လို့မြင်ပါတယ်။

“အသက်မပြည့်သေးတဲ့ကလေးတွေ မစီးတာအကောင်းဆုံးပဲ”
ဦးအောင်ဆင့် (အထက်တန်းပြ၊ အထက(၅)၊ မိုင်းလားမြို့ )

ကျောင်းသားတွေ ကျောင်းလာတဲ့အခါ တချို့လည်း မိဘတွေကိုယ်တိုင်ပို့တယ်။ ကျောင်းသားတွေကိုတော့ ဆိုင်ကယ်ပေးမစီးဘူးပေါ့။ လားရှိုးမှာက အထူးသဖြင့် ဆိုင်ကယ်စီးများကြတယ်။ မစီးခိုင်းဘူးဆိုပေမယ့် လားရှိုးမှာ လမ်းလျှောက်လာဖို့ သိပ်အဆင်မပြေတဲ့ နေရာတွေများတယ်။ ဒါကြောင့်မို့ ကျောင်းသားတွေလည်း ဆိုင်ကယ်စီးတာမျိုးရှိတယ်။ အများဆုံးကတော့ ရှစ်၊ ကိုး၊ တစ်ဆယ် ကျောင်းသားတွေစီးကြတယ်။ အရွယ်ရောက်လာတဲ့ကလေးတွေပေါ့။ အန္တရာယ်မဖြစ်အောင်တော့ ဒီလိုပဲ ထိန်းကျောင်းရတာပေါ့။ ကျောင်းတိုင်း၊ ကျောင်းတိုင်းမှာတော့ ကျောင်းဝင်းထဲကို ဆိုင်ကယ်ပေးမယူတာများတယ်။ ဆိုင်ကယ်စီးလာတယ်။ ကျောင်းဝင်းထဲကို ပေးမထားဘူး။ အဲဒီတော့ စက်ဘီးစီးလာကြတယ်။ ကျောင်းဝင်းနဲ့နီးတဲ့ ဘော်ဒါဆောင်က ကလေးတွေကတော့ လမ်းလျှောက်လာကြတယ်။ ကျွန်တော်တို့ကျောင်းမှာဆိုရင် ဝန်ထမ်းပိုင်းလောက်ပဲ ဆိုင်ကယ်စီးတာများတယ်။ ကျောင်းသား ၂၀၀၀ ရှိတဲ့အထဲမှာ ဆိုင်ကယ်စီးလာတဲ့ ကျောင်းသားက ၄၀၊ ၅၀ မပြည့်ဘူးပြောရမယ်။ အများစုက မိဘကပဲ လိုက်ပို့ပေးတာ။ မြို့အနေအထားအရဆိုရင်တော့ ဆိုင်ကယ်မြို့တော်ပေါ့။ ဆိုင်ကယ်မြို့တော်ဖြစ်တဲ့အတွက် ကျောင်းဝင်းထဲကိုယူမလာပေမယ့် အပြင်မှာတော့ ကလေးတွေကိုယ်တိုင် စီးနေတာကို မြင်နေရတာပေါ့။ လမ်းစည်းကမ်းကို ကောင်းကောင်း မသိတာများတော့ တိုက်မိခိုက်မိတာလည်းရှိတယ်။ အသက် သေဆုံးသည်ထိမဖြစ်ဘဲ ထိခိုက်ရှနာဖြစ်တာလောက်ပဲရှိလို့ တော်သေးတယ်ပဲ ပြောရမှာပေါ့။

ဒီအရွယ်တွေက ဆိုင်ကယ်စီးဖို့အတွက် မသင့်တော်သေးဘူး။ လမ်းစည်းကမ်းတွေကို နားမလည်သေးဘူး။ သူတို့က သွားချင်တာ ရောက်ချင်တာလောက်ပဲ သိသေးတာ။ အချင်းချင်း ပြိုင်ချင်ကြတာ ရှိတယ်။ ဆိုင်ကယ်တော့စီးနိုင်တာပေါ့။ ဒါပေမဲ့ ယာဉ်စည်းကမ်းလေး ကောင်းကောင်း နားမလည်တဲ့အခါကျတော့ မစီးတာက အကောင်းဆုံးပေါ့။ တချို့မိဘတွေကျတော့ ကျောင်းကို သူတို့လိုက်မပို့နိုင်တဲ့အခါ ဆိုင်ကယ်ပေးလိုက်တာမျိုး ရှိတယ်။ အဲဒီပုံစံမျိုးကျတော့ အန္တရာယ်က မဖြစ်ရင်လည်း ဘာမှမဖြစ်ဘူး။ ဖြစ်ရင်လည်း နောက်ဆက်တွဲ အန္တရာယ်တွေ များတယ်။ ကျွန်တော်တို့ကျောင်းက ဆိုင်ကယ်ထားခွင့် ပိတ်ထားပေမယ့် တချို့ကျောင်းတွေကျ ဆိုင်ကယ်စီးခွင့် ပေးထားတာမျိုးလည်း ရှိတယ်။ မတော်တဆဖြစ်ရင်တောင် ထိခိုက်ရှနာလောက်ပဲဆိုတော့ တချို့ယာဉ်ထိန်းရဲတွေကလည်း မသိဟန်ဆောင်နေကြတာရှိတယ်။ လားရှိုးမှာ ယာဉ်တိုက်မှုဖြစ်တာက ဆိုင်ကယ်စတန့်ထွင်စီးကြလို့ပေါ့။ မတ်တတ်ရပ်စီးတာတို့ ဘီးထောင်စီးတာတို့ပေါ့။ အဲဒီကလေးတွေ အများဆုံးဖြစ်တယ်။ ကျွန်တော်တို့ကျောင်းကတော့ ကျောင်းဝင်းထဲကို ဆိုင်ကယ်ပေး မထားတော့ ဆိုင်ကယ်ယူလာရင် အပြင်မှာထားရတယ်။ အပြင်မှာထားတော့ ဆိုင်ကယ်သူခိုးတွေ အရမ်းများတဲ့အတွက် အပြင်မှာလည်း မထားရဲတော့ဘူး။

အဲဒီတော့ နောက်ပိုင်း ဆိုင်ကယ်ကို ယူမလာရဲတော့ဘူး။ ကျောင်းဝင်းထဲမှာသာ ဆိုင်ကယ်ထားခွင့်ပြုရင် ဆိုင်ကယ်စီးပြီး ကျောင်းတက်မယ့်သူတွေက အများကြီးရှိတယ်။ ဘာပဲဖြစ်ဖြစ် ကျောင်းကထိန်းချုပ်လိုက်တဲ့အတွက် မိဘတွေကလည်း ကိုယ့်သားသမီးကို လိုက်ပို့လိုက်ကြို လုပ်လာကြတာပေါ့။ စည်းကမ်းပိုင်းအရ အသက်မပြည့်သေးတဲ့သူ မစီးရဆိုပြီး ဟောပြောပွဲတွေလည်း လာတာရှိပါတယ်။ ဆိုင်ကယ်လိုင်စင်ကိုလည်း အသက်ပြည့်မှထုတ်ပေးတာပါ။ တချို့ကကျလည်း ဆိုင်ကယ်စီးတယ်ဆိုတာ ကြွားချင်တာလည်းပါတယ်။ မိဘကကြွားချင်တယ်။ ဆိုင်ကယ်အကောင်းစား စီးနိုင်တယ်။ စီးတတ်တယ်ဆိုတာမျိုးပေါ့။ မစီးလာအောင်လုပ်လိုက်တော့ အန္တရာယ်ဖြစ်မှု နည်းသွားတာပေါ့။ မိဘကလည်း အလိုမလိုက်သင့်တဲ့နေရာမှာ အလိုလိုက်တာပေါ့။ ကလေးတွေရဲ့ သွားရေးလာရေး အဆင်ပြေဖို့ဆိုတာ မိဘဘက်က တာဝန်ရှိတယ်။ အဲဒါကို တချို့မိဘတွေက မျက်နှာလွှဲခဲပစ်ပေါ့။ သူတို့သက်သာရင် ပြီးတာပဲဆိုပြီး ဆိုင်ကယ်ပေးထားကြတာ။ အဲလိုပေးထားတဲ့အတွက် မဖြစ်ရင် ဘာမှမဖြစ်ပေမယ့် ဖြစ်လာရင် ကျောင်းကိုအပြစ်ပုံချတာတွေ ပြောလာတာတွေ တွေ့နေရတယ်။ ယာဉ်ထိန်းရဲတွေရဲ့အလုပ်ကလည်း အသက်မပြည့်ဘဲစီးရင် တားမြစ်ရမှာ။ ယာဉ်အန္တရာယ်ကာကွယ်ရေးအတွက် အသက်မပြည့်သေးတဲ့ကလေးတွေ မစီးတာ အကောင်းဆုံးပဲ။ မိဘတွေလည်း မျက်ရည်မကျရတော့ဘူးပေါ့။

မြဇာခြည်သင်း