News

POST TYPE

EDUCATION

ဂျပန်နိုင်ငံ ပညာရေး လမ်းကြောင်း
06-Oct-2018



ဂျပန်နိုင်ငံ၏ ပညာရေးစနစ်ကိုကြည့်လျှင် ၆-၃-၃-၄ စနစ်ဖြင့် သွားနေကြောင်း တွေ့ရသည်။ မသင်မနေရ ပညာရေးစနစ်ကို ၆ နှစ် မူလတန်းတွင် ပြဋ္ဌာန်းထားသည်။ ထိုမှ အလယ်တန်း ၃ နှစ်၊ အထက်တန်း ၃ နှစ်နှင့် တက္ကသိုလ် ၄ နှစ်ဟူ၍ အသီးသီးသတ်မှတ်ထားခြင်းဖြစ်သည်။ 

နိုင်ငံတကာနှင့် နှိုင်းယှဉ်လိုက်လျှင် ၁၅ နှစ် အထိ မသင်မနေရ ပညာရေးစနစ်ကို အစိုးရက သတ်မှတ်ပေးထားသောကြောင့် အဆင့်အတန်းရှိသည့် ပညာရေးစနစ်တစ်ခုဟူ၍ဆိုနိုင်သည်။ နိုင်ငံပေါင်း ၇ နိုင်ငံအုပ်စုတွင်လည်း ဂျပန်ကို ပညာရေး၌ ထိပ်တန်းအဆင့်တွင် ရှိနေသည့် နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်နိုင်သည်။ 

၂၀၁၅ ခုနှစ် နိုင်ငံတကာ အဆင့်မြင့်စာမေးပွဲ တစ်ခုဖြစ်သည့် PISA တွင် OECD နိုင်ငံများအတွင်း၌ ဂျပန်နိုင်ငံ၏အဆင့်မှာ သိပ္ပံဘက်တွင် ဒုတိယနေရာလောက်တွင် ရှိသည်။ စင်ကာပူကထိပ်ဆုံးဖြစ်နေပြီး ဂျပန်က သူ့နောက်ကလိုက်နေခြင်းဖြစ်သည်။ စာဖတ်စွမ်းရည်တွင် ဂျပန်က အဆင့် ၈ နေရာတွင်ဖြစ်သည်။ ကိုရီးယားနိုင်ငံနောက်တွင်ရှိသည်။ သင်္ချာတွင် အဆင့် ၅ ဖြစ်ပြီး ထိုင်ဝမ်နောက်က လိုက်သည်။ အာရှတွင် စင်ကာပူနှင့် ဟောင်ကောင်သည် ပညာရေးတွင် တတိယအဆင့်လောက်နေရာ၌ ရှိနေသည်ဟုဆိုရမည်။

အဆင့်မြင့်ပညာနှင့် ပတ်သက်ပြီး တက္ကသိုလ်အဆင့်ကို သတ်မှတ်ရာ၌ Times Higher Education World University Rankings 2018 တွင် ဂျပန်နိုင်ငံမှ တိုကျိုတက္ကသိုလ်သည် ကမ္ဘာ့အဆင့် ၃၆ နေရာလောက်တွင် ရှိသည်။ ဂျပန်နိုင်ငံ၏ ဒုတိယအကောင်းဆုံးဆိုသည့် ကျိုတိုတက္ကသိုလ်ပင် အဆင့် ၇၄ နေရာ၌ရှိ သည်။ ဂျပန်နိုင်ငံမှ တက္ကသိုလ် ၂ ခုသည် အကောင်းဆုံး တက္ကသိုလ် ၁၀၀ စာရင်းဝင်သည်။ တက္ကသိုလ်အဆင့်အောင်မြင်ရေးဆိုသည်မှာ အခြေခံကျောင်းများအပေါ်တွင် တည်မှီနေသည်။ ဂျပန်နိုင်ငံပညာရေးကို ယခုအတိုင်း လမ်းကြောင်းပြောင်းသင့်၊ မပြောင်းသင့် စဉ်းစားသုံးသပ်လာကြသည်။ 

ပထမဆုံးအနေနှင့် ဂျပန်နိုင်ငံ၏ အထက်တန်းပညာရေးကို ဆန်းစစ်ရန်လိုလာသည်။ ဂျပန်နိုင်ငံတွင် Juku ခေါ် ကျူရှင်ကျောင်းများကို တက်နေသူ ကျောင်းသားအရေအတွက်က အလွန်များသည်။ ၂၀၁၆ ခုနှစ် ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အစိုးရကျောင်းများမှ ကျူရှင်လာတက်နေသူပေါင်း ၃၅ ရာခိုင်နှုန်းရှိပြီး၊ ပုဂ္ဂလိကကျောင်းများမှ ကျူရှင်တက်နေသူပေါင်း ၄၄ ရာခိုင်နှုန်းရှိသည်။ အထက်တန်းပြီး၍ တက္ကသိုလ်အဆင့် ဆက်တက်သည့် ကျောင်းသား အရေအတွက်မှာ ၅၀ ရာခိုင်နှုန်းခန့်သာ ရှိသည်။ သူတို့ အထက်တန်းတွင် ကျူရှင်တက်နေရခြင်းမှာလည်း နာမည်ကြီး တက္ကသိုလ်များကို ဝင်ခွင့်ရလိုသောကြောင့်ဖြစ်သည်။ 

ဂျပန်နိုင်ငံတွင် ဂျူကူကျောင်းပေါင်း ၅၀၀၀၀ ခန့်ရှိသည်။ အံ့ဩစရာကောင်းသည်မှာ အထက်တန်းကျောင်း အဆင့်အထိ သင်ကြားပေးနိုင်သည့် ကျောင်းပေါင်းက ၃၅,၀၀၀ ခန့်သာရှိနေခြင်းဖြစ်သည်။ ကျူရှင်ကျောင်းတွေ ပိုများနေသည်။ အစိုးရကျောင်းတွေက အခမဲ့ပညာရေးကို အကောင်အထည်ဖော်ပေးနေပြီး၊ ဂျူကူကျောင်းတွေက အခကြေးငွေယူသည်။ ပိုက်ဆံပေးရသည့် ကျောင်းတွေကို ကျောင်းသားတွေ အဘယ်ကြောင့် အလုအယက်သွားတက်နေကြသနည်းဆိုသည်မှာလည်း စဉ်းစားစရာဖြစ်သည်။ တက္ကသိုလ်ဝင်ခွင့်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို ထစ်ထားသဖြင့် ဂျူကူကျောင်းတွေ ခေတ်စားနေခြင်းလည်း ဖြစ်သည်။ 

ဂျပန်နိုင်ငံမှ ဆရာများသည် ဘာသာရပ်ဆိုင်ရာ ဗဟိုပြုသင်ကြားနေကြသူများဖြစ်သည်။ သူတို့ ပညာရေးစနစ်က ကျောင်းပြီးလည်း ကျောင်းဆက်တက်စေသည့် စနစ်တစ်ခုကို ဦးစားပေးထားသည်။ သို့သော် ဂျပန်ဆရာတွေ အချိန်များစွာ အလုပ်လုပ်နေကြရသည်။ OECD နိုင်ငံများထဲတွင် ဂျပန်နိုင်ငံဆရာတွေက အချိန်အများဆုံး လုပ်နေရသူများဖြစ်သည်။ သူတို့၏ တစ်ပတ်စာသင်ချိန်မှာ အနည်းဆုံး ၆၃ နာရီ ၁၈ မိနစ်ပျမ်းမျှရှိနေသည်။ သူတို့အချိန်တွေကို များစွာသင်ပေးနေရရုံမက တစ်တန်းလျှင် ကျောင်းသား အနည်းဆုံး ၄၀ ခန့်ကို ကိုင်တွယ်သင်ကြားပေးနေကြရသေးသည်။ ဂျပန်နိုင်ငံသည် ပညာရေးကို အားပေးသည်ဆိုသော်လည်း ပညာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများမှ နည်းပါးသေးသည်ဟုဆိုရမည်။ 

ဂျပန်နိုင်ငံတွင် အထက်တန်းအောင်ပြီးနောက် တက္ကသိုလ်ဆက်တက်သည့် အရေအတွက်ကလည်း နည်းပါးသည်ဟုဆိုရမည်။ ခေတ်သစ်ကအလုပ်အတွက် တောင်းဆိုနေမှုများမှာ GAFA (Google, Apple, Facebook and Amazon) စသည့်ကုမ္ပဏီများတွင် အလုပ်တာဝန်များထမ်းဆောင်ရန်ဖြစ်သည်။ ထိုဌာနများတွင် အလုပ်အကိုင်အခွင့်အလမ်းရရေးမှာ အနာဂတ်အတွက် အလွန်အရေးပါသည့် အနေအထားကို ရောက်လာသည်။ ထို့ကြောင့် တက္ကသိုလ်ဆက်တက်ပြီး ဘွဲ့တစ်ခုခုယူမည်လော၊ လက်တွေ့ လုပ်ငန်းခွင်ဝင်မည်လော စသည်ဖြင့် တွေးဆလာကြခြင်းကလည်း တက္ကသိုလ်များကို ဆက်တက်ရန် နှောင့်နှေးမှုများကို ဖြစ်လာစေခဲ့သည်။ 

ဂျပန်နိုင်ငံပညာရေးစနစ်သည် အခြား OECD နိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်လျှင် ပညာရေးအဆင့်နိမ့်ကျနေကြောင်း တွေ့ရသည်။ အစိုးရဝန်ထမ်း၊ ပညာရေးဌာနနှင့် စီးပွားရေးလုပ်ငန်းရှင်များကိုယ်တိုင်က တက္ကသိုလ်ပညာရေးကို အထင်ကြီးလေးစားမှု မရှိတော့သဖြင့် ဂျပန်၏ အနာဂတ်ပညာရေးသည် စိုးရိမ်ဖွယ်ရာ အနေအထားသို့ ရောက်လာသည်ဟု ဆိုရမည်။

ခေတ်မီတိုးတက်လာသည့်အတွက် ပညာရေးအနေအထားတွေက ပြောင်းလဲလာသည်။ တစ်နည်းအားဖြင့် ခေတ်ကတောင်းဆိုနေသည့် ပညာလမ်းကြောင်းကိုလိုက်ရန် ဂျပန်လူငယ်လေးများက စိတ်ဝင်စားလာသည်။ သူတို့သည် ကျောင်းက သင်ပေးလိုက်သည့် သိပ္ပံပညာထက် ပြင်ပလောကတွင် ရေပန်းစားနေသော စက်ရုပ်များ တီထွင်မှုဆိုင်ရာ ပညာ၊ AI ခေါ် ဉာဏ်ရည်တုဖြင့် လူသားအတိုင်းတွေးခေါ်လုပ်ဆောင်နိုင်သော ပညာရပ်များနောက်ကို လိုက်စားလာကြောင်းလည်းတွေ့ရသည်။

တက္ကသိုလ်နှင့် အဆင့်မြင့်ပညာများတွင် စက်ရုပ်များနှင့် AI ဆိုင်ရာပညာရပ်များကို လေ့လာလိုက်စားရန် မတတ်နိုင်သည့်သူများက လက်တွေ့လုပ်ငန်းခွင်များသို့ဝင်ပြီး ပညာရှာကြသည်။ တစ်နည်းပြောရလျှင် ဂျပန်နိုင်ငံမှ လူငယ်များသည် Ed-tech ခေါ် နည်းပညာဖြင့်တီထွင်မှုကို စိတ်ဝင်စားပြီး လမ်းကြောင်းပြောင်းလာကြောင်းတွေ့ရပါသည်။ ထို့ကြောင့် ဂျပန်နိုင်ငံ၏ ပညာရေးကို ဖွံ့ဖြိုးတိုးတက်စေလိုလျှင် ခေတ်စနစ်နှင့် ကိုက်ညီသည့် လမ်းကြောင်းပေါ်သို့ ဆွဲမခေါ်ပါက လွဲချော်သွားမည်ဖြစ်သည်။

E-01

(Ref: The Japan Times)