News

POST TYPE

EDUCATION

အဂတိလိုက်စားသူများကို မဖြစ်မနေ အပြစ်ပေးရမည်ဟု မလေးရှားဝန်ကြီးချုပ် ပြောကြား
27-Sep-2018

ကွာလာလမ်ပူ၊ စက်တင်ဘာ ၂၆ 

နိုင်ငံတစ်နိုင်ငံတွင် အဂတိလိုက်စားနေသူများကို မဖြစ်မနေ အရေးယူအပြစ်ပေး ရမည်ဖြစ်သည်ဟု မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က သတိပေးပြောကြားလိုက်ကြောင်း Channel News Asia  သတင်းဌာနက ရေးသားဖော်ပြသည်။ 

သို့သော် မလေးရှားနိုင်ငံတွင်မူ အဂတိလိုက်စားမှုများကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းပြစ်ဒဏ်ချမှတ်သည့် အနေအထားသို့ရောက်ရှိနေပြီဟု မထင်မိကြောင်း ၎င်းက ဆိုသည်။ 

“သူတို့ (အဂတိလိုက်စားတဲ့ ဝန်ထမ်းများ) တွေကို ဖမ်းဆီးထောင်ချသင့်တယ်။ ထောင်ဒဏ်ဘယ်လောက် ချမှတ်ခံသင့်သလဲဆိုတာက သူတို့ရဲ့အဂတိလိုက်စားမှု အနည်းအများပေါ်မှာ မူတည်တယ်။ ဒါပေမဲ့ ခက်တာက ကျွန်တော်တို့ဆီမှာ အဂတိလိုက်စားတဲ့သူတွေကို တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်နိုင်တဲ့အဆင့်ကို မရောက်သေးဘူး”ဟု မဟာသီယာမိုဟာမက်က ပြောကြားသည်။ 

တနင်္လာနေ့က Oxford Centre for Islamic Studies တွင် ကျင်းပပြုလုပ်သည့် “မွတ်ဆလင်ကမ္ဘာတွင်း အုပ်ချုပ်မှုကောင်းဆိုင်ရာ စိန်ခေါ်ချက်များ”ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် ပညာရပ်ပိုင်းဆိုင်ရာဆွေးနွေးပွဲတွင် မဟာသီယာက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။ 

မလေးရှားတရားရုံးများတွင် အဂတိလိုက်စားမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားသူများအားလုံးကို ထောင်ဒဏ်ချမှတ်မည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။ 

ထို့ပြင် ဒီမိုကရေစီစနစ်ကို လက်ကိုင်ကျင့်သုံးသည့် မွတ်ဆလင်နိုင်ငံများနေနှင့် ဒီမိုကရေစီစနစ်လည်ပတ်မှုနှင့် ဒီမိုကရေစီ၏ သဘောသဘာဝကို နားလည်အောင် အချိန်ယူလေ့လာရန် လိုအပ်ကြောင်း မဟာသီယာက ပြောကြားသည်။ 

“ဒီမိုကရေစီစနစ်တစ်ခုမှာ ရွေးကောက်ပွဲတစ်ပွဲ၊ မဲတစ်မဲဟာ ပါဝါအကြီးမားဆုံးဖြစ်တယ်ဆိုတာကို နားမလည်ဘူးဆိုရင် ဒီမိုကရေစီစနစ်ကို ကျင့်သုံးလို့ရမှာမဟုတ်ဘူး”ဟု ၎င်းက သတိပေးပြောကြားသည်။ 

အချို့သော မွတ်ဆလင်နိုင်ငံများတွင် ဒီမိုကရေစီအသွင်ကူးပြောင်းမှုကြောင့် ယမ်းပုံမီးကျအခြေအနေများနှင့် ရင်ဆိုင်ကြရကြောင်း ၎င်းက ဆိုသည်။ 

“ဒီမိုကရေစီစနစ် ဖော်ဆောင်ဖို့ သူတို့တွေကြိုးစားကြတိုင်း သူတို့အကြားမှာ တိုက်ခိုက်တာတွေဖြစ်ခဲ့ကြတာ တချို့ဆို တိုင်းပြည်ပျက်လုနီးပါးပါပဲ”ဟု ၎င်းက ဆိုသည်။ 

F-01