News

POST TYPE

EDUCATION

မွန်ပြည်နယ်ရှိ အကျဉ်းထောင်များကို စစ်ဆေး
20-Sep-2018
မော်လမြိုင်၊ စက်တင်ဘာ ၂၀

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဘားအံ အကျဉ်းထောင်မှ ထောင်သားများအချို့ ထွက်ပြေးမှုဖြစ်ပွားပြီးနောက် ထောင်ဖောက်မှုမဖြစ်စေရန် မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင် အကျဉ်းထောင်၊ သထုံအကျဉ်းထောင်နှင့် ကျိုက်မရောအကျဉ်းထောင်တို့ကို စက်တင်ဘာလ ၁၇ ရက်နှင့် ၁၈ ရက်နေ့တို့တွင် စစ်ဆေးခဲ့ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

“အကျဉ်းဦးစီးဌာန အနေနဲ့လည်း ညွန်ကြားထားတာရှိတယ်။ အဲဒီအတိုင်း လိုက်နာဆောင်ရွက်မှု ရှိ မရှိ၊ ဘားအံအကျဉ်းထောင်လို မဖြစ်အောင် လိုအပ်တာတွေ အကြံပြုပေးခဲ့တယ်။ ဘားအံအကျဉ်းထောင် ကိစ္စကို သင်ခန်းစာယူပြီး အားသာချက်၊ အားနည်းချက်တွေကိုဖော်ထုတ်ပြီး ပညာပေးရတယ်။ ဒါမှ အလားတူ ဖြစ်ရပ်တွေ မဖြစ်အောင်ထိန်းနိုင်မယ်”ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးဝင်နိုင်ဦးက ပြောကြားသည်။

မွန်ပြည်နယ်ရှိ အကျဉ်းထောင်များတွင် တာဝန်ထမ်းဆောင်နေသည့် အကျဉ်းဦးစီးဌာန ဝန်ထမ်းများမှာ အကျဉ်းသား အရေအတွက်နှင့် မျှတမှုမရှိကြောင်း၊ ဝန်ထမ်း နည်းနေသည့်အတွက် မနိုင် ဝန်ထမ်းနေရသည့်သဘောရှိကြောင်း၊ သို့သော် အကျဉ်းထောင်ဖောက်ခံရသည့် ဖြစ်စဉ်မျိုး မဖြစ်စေရန် သတိထား၍ လုံခြုံရေးယူရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

မွန်ပြည်နယ်တွင် အကျဉ်းထောင်သုံးခု၊ အကျဉ်းဦးစီးဌာန၏ ကုန်ထုတ်စခန်းနှင့် ကျောက်ထုတ်စခန်း ခြောက်နေရာရှိကြောင်း၊ ထိုအကျဉ်းထောင်၊ ကုန်ထုတ်စခန်းနှင့် ကျောက်ထုတ်စခန်းတို့တွင် အကျဉ်းသား စုစုပေါင်း ငါးထောင်ကျော်ရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ယင်းတို့အနက် တရားရုံးတွင် တရားရင်ဆိုင်နေရသည့် ထောင်ချုပ် (စွပ်စွဲခံရသူများ) ရှိသကဲ့သို့ တရားရုံးက အမိန့်ချမှတ်ပြီးသည့် တရားခံများလည်းရှိကြောင်း၊ အကျဉ်းထောင်တွင် ဝင်ဆံ့နိုင်သည့် အကျဉ်းသားဦးရေထက် အရေအတွက် ပိုများနေကြောင်း နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဌာနထံမှ သိသည်။

R-21