News

POST TYPE

EDUCATION

မလေးရှားဝန်ကြီးချုပ်ဖြစ်ရန် အလောတကြီး မဖြစ်စေလိုဟု အန်ဝါအီဘရာဟင် ပြောကြား
18-Sep-2018


ကွာလာလမ်ပူစက်တင်ဘာ ၁၆

မလေးရှားနိုင်ငံသည် တည်ငြိမ်မှုနှင့် အားကောင်းသောခေါင်းဆောင်ကိုလို အပ်နေသောကြောင့် ၎င်းဝန်ကြီးချုပ်ဖြစ်ရန် အလောတကြီးမဖြစ်စေလိုဟု အန်ဝါအီဘရာဟင်က ထပ်မံပြောကြားလိုက်ကြောင်း CAN သတင်းတွင် ဖော်ပြထားသည်။

“အာဏာလွှဲပြောင်းမှု အစီအစဉ်မှာ ဝန်ကြီးချုပ်မဟာသီယာကို နိုင်ငံ့အရေး လုပ်ဆောင်ဖို့နဲ့ သူ့ကို ကျွန်တော်တို့ ထောက်ခံအားပေးဖို့ သဘောတူခဲ့ကြပါတယ်။ ဒါက အရေးကြီးပါတယ်။ မလေးရှားနိုင်ငံဟာတည်ငြိမ်မှုနဲ့ ခေါင်းဆောင်ကောင်းကိုလိုအပ်နေပြီး မဟာသီယာကအရေးကြီးတဲ့ကဏ္ဍကနေ ပါဝင်နေတဲ့အတွက် ကျွန်တော်တို့ စိတ်မလောသင့်ဘူးလို့ ထင်ပါတယ်”ဟု အန်နဝါအီဘရာဟင်က ပြောကြားသည်။

အန်ဝါအီဘရာဟင်သည် မေလက အကျဉ်းထောင်မှ လွတ်မြောက်လာပြီး နောက်ပိုင်း စင်ကာပူသို့ ပထမဆုံးရောက်ရှိလာခြင်းဖြစ်ပြီး ၂၀၁၈ စင်ကာပူထိပ်သီး ညီလာခံတွင် ဖိုရမ်တစ်ခု၏ အဝန်းအဝိုင်း၌ သတင်းထောက်များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

PKR ပါတီခေါင်းဆောင် အန်နဝါအီဘရာဟင်က ၎င်းအနေနှင့် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ပို့တ်ဒစ်ဆန် ဆပ်ကမ်းနယ်မြေ၏ အမတ်နေရာအတွက် ပါဝင်ယှဉ်ပြိုင်ဦးမည် မဟုတ်ကြောင်း ပြောကြားသည်။ ၎င်းသည် ဝန်ကြီးချုပ်အဖြစ် မဟာသီယာကိုဆက်မခံမီ ပါလီမန်တွင် အမတ်နေရာကိုရရှိထားရန် လိုအပ်မည်ဖြစ်သည်။

“ကျွန်တော် နိုင်ငံရေးလုပ်လာတာကြာပါပြီ။ ဘယ်အရာကိုမှ အလောတကြီးမလုပ်ချင်ပါဘူး။ ကျွန်တော် အဲဒီကိုသွားပြီး မဲဆန္ဒရှင်တွေကို မေတ္တာရပ်ခံမယ်။ လူဦးရေက အရမ်းရောထွေးနေတယ်။ မလေးက ၅၀ ရာခိုင်နှုန်း၊ တရုတ်က ၃၀ ရာခိုင်နှုန်း၊ အိန္ဒိယက ၂၀ ရာခိုင်နှုန်းလောက်ရှိတယ်။ တကယ်တော့ မလေးရှားအသေးစားလေးပဲ။ မလေး၊ တရုတ်၊ အိန္ဒိယတွေရဲ့ အများစုထောက်ခံမဲကို သေချာအောင် ကျွန်တော်လုပ်မယ်”ဟု ၎င်းက ပြောကြားသည်။

အာဏာလက်လွှတ်လိုက်ရသော UMNO ခေါင်းဆောင်များက မဟာသီယာ၏ ဘာဆာတူပါတီနှင့် မဟာမိတ်ဖွဲ့ရန် ကြိုးစားနေခြင်းကို စိုးရိမ်ပါသလားဟု သတင်းထောက်က မေးမြန်းသောအခါ အန်ဝါအီဘရာဟင်က “ဘာကြောင့် စိုးရိမ်ရမှာလဲ။ ပါကာတန်အုပ်စုဝင် ဘယ်သူ့ကိုမဆို သူတို့ ချဉ်းကပ်နိုင်တာပဲ။ ဒါက ပြဿနာမဟုတ်ပါဘူး” ဟု ဖြေကြားသည်။

ပါကာတန်အုပ်စုသို့ UMNO ဝင်ရောက်ပူးပေါင်းရေးကို ကြိုဆိုပါသလားဟု မေးမြန်းသောအခါ “လောလောဆယ် မဖြစ်နိုင်သေးဘူး။ ဒါကြောင့် စဉ်းစားစရာမလိုဘူး” ဟု ၎င်းက ပြောကြားသည်။

၎င်းဝန်ကြီးချုပ် ဖြစ်လာသည့်အခါ သမီးနူရူအစ်ဇာနှင့် ဇနီးလက်ထောက် ဝန်ကြီးချုပ် ဝမ်အဇီဇာတို့ နှစ်ဦးအစိုးရအဖွဲ့ထဲတွင် ရာထူးရယူသင့်သလားဟု မေးမြန်းသောအခါ “ကျွန်တော်တို့ သဘောထားက ကျွန်တော်ဝန်ကြီးချုပ်ဖြစ်လာရင် ဝမ်အဇီဇာ နုတ်ထွက်ပေးဖို့ ဖြစ်ပါတယ်။ သမီး နူရူအစ်ဇာအတွက်တော့ မစဉ်းစားရသေးပါဘူး” ဟုအန်နဝါအီဘရာဟင်က ပြောကြားသည်။

နူရူအစ်ဇာသည် လက်ရှိတွင် ပါမာတန်ပေါင်းမဲဆန္ဒနယ်မှ လွှတ်တော်အမတ်ဖြစ်သည်။

F-04