News

POST TYPE

EDUCATION

ကျောင်းသားဦးရေ များလာသော်လည်း ဆရာအင်အား မဖြည့်နိုင်ကြောင်း ဝန်ကြီးပြော
17-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၁၆

မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲခဲ့ရာတွင် လက်ရှိ ကျောင်းနေအရွယ်ကလေး ကျောင်းတက်နိုင်ရေး လုပ်ဆောင်ချက်အရ ကျောင်းသားဦးရေ များပြားလာသော်လည်း လိုအပ်သည့် ဆရာ၊ ဆရာမများနှင့် ကျောင်းဆောင်များကို မဖြည့်ဆည်းနိုင်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

နေပြည်တော်၊ ပျဉ်းမနားမြို့နယ် အမှတ် ၃ အခြေခံပညာအထက်တန်း ကျောင်းတွင် အရှေ့တောင်အာရှ ရေနံစိမ်း ပိုက်လိုင်းစီမံကိန်း SEAOP ကုမ္ပဏီနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE တို့ ပူးပေါင်းလှူဒါန်းသည့် သုံးထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် လွှဲအပ်ပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အခြေခံပညာဦးစီးဌာနအောက်ရှိ စာသင်ကျောင်းများတွင် ပညာသင်ကြားနေသည့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းတို့တွင် ၉ ဒသမ ၂ သန်းနီးပါးရှိပြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် ပုဂ္ဂလိကကျောင်းများအပါအဝင် ၉ ဒသမ ၇ သန်းကျော်၊ ၁၀ သန်းနီးပါးအထိရှိကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။

“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆရာလိုအပ်ချက်က အလယ်တန်းနဲ့ အထက်တန်းပြကို သုံးနှစ်စာအတွက် ခန့်မယ်ဆိုရင် တစ်နှစ်ကို အထက်တန်းပြသုံးထောင်ကျော်၊ အလယ်တန်းပြခုနစ်ထောင်ကျော်စီ လိုအပ်တယ်။ မူလတန်းပြက ငါးနှစ်အတွက် ခန့်မယ်ဆိုရင် တစ်နှစ်ကို တစ်သောင်းကျော် လိုအပ်နေတယ်”ဟု ၎င်းက ဆိုသည်။

ပညာရေးပြုပြင်ပြောင်းလဲရေးအတွက် အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်းတွင်ပါဝင်သည့် ဦးစားပေးလုပ်ငန်းစဉ်ဖြင့် နယ်ပယ်ကိုးရပ်အရ ပြုပြင်ပြောင်းလဲမှုတွေကို ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး မူဝါဒအရ ကျောင်းနေအရွယ်ကလေးများ မည်သူတစ်ဦးတစ်ယောက်မှ မကျန်ဘဲ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နိုင်ရေးနှင့် ကျောင်းလုံးဝ မထွက်ရေးကို ဦးတည်ကြိုးပမ်းခဲ့ရာ ယမန်နှစ် ပညာသင်နှစ်အနေနှင့် ကျောင်းသားပညာသင်ယူမှုအပိုင်း တိုးလာပြီး Grade 10 တွင် ကျောင်းသား၊ ကျောင်းသူဦးရေ မြန်မာနိုင်ငံတွင် တစ်သန်းကျော်ရှိခဲ့ကာ Grade-11 တွင် ကျောင်းသား ခြောက်သိန်းကျော်၊ Grade-10 တွင် ကျောင်းသား လေးသိန်းကျော်ရှိခဲ့ကြောင်း ပညာရေးဝန်ကြီးက ပြောကြားသည်။

“မူလတန်းပညာရေးအနေနဲ့ ကျွန်တော်တို့တစ်တွေ ပညာရေးပြုပြင်ပြောင်းလဲမှုကို လုပ်တဲ့အခါမှာ ကျောင်းနေနှုန်းနဲ့ ကျောင်းနေမြဲနှုန်းက ကောင်းလာပြီးတော့မှ ကျောင်းထွက်နှုန်း နည်းသွားတယ်။ ဒါကြောင့် ကျောင်းသားဦးရေ တိုးလာတယ်”ဟု ၎င်းက ဆိုသည်။

ကျောင်းဆောင်များအနေနှင့် တစ်နိုင်ငံလုံးတွင် အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း ပေါင်း ၄၇,၀၀၅ ကျောင်းမှာ စာသင်ခန်းပေါင်း နှစ်သိန်းကျော်ရှိပြီး တစ်ခန်းကို ၄၆ ဦး၊ ၄၇ ဦး ပညာသင်ကြားလျက်ရှိရာ ကျောင်းဆောင်လိုအပ်မှုအနေနှင့် မူလတန်းကျောင်းအတွက် ကျောင်းဆောင်ပေါင်း နှစ်သောင်းခွဲ အနည်းဆုံးလိုအပ်ပြီး အလယ်တန်း၊ အထက်တန်းတွင် ကျောင်းဆောင်ပေါင်း နှစ်သောင်းနှစ်ထောင်ကျော် လိုအပ်နေခြင်းကြောင့် ကျောင်းဆောင် အားလုံးပေါင်း လေးသောင်းခုနစ်ထောင် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

J-06


  • VIA