News

POST TYPE

EDUCATION

၁၄ နှစ်ဆက်တိုက် ခွင့်မယူသည့် ဆရာများကို ဆုချမည်
17-Sep-2018

ရန်ကုန်၊ စက်တင်ဘာ ၁၆

အခြေခံပညာ ဆရာ၊ ဆရာမများအနက် ၁၄ နှစ်ဆက်တိုက် ကျောင်းမပျက်၊ ခွင့်မယူသည့် ဆရာ၊ ဆရာမများကို အောက်တိုဘာလ ၅ ရက် ကမ္ဘာ့ဆရာများနေ့၌ ဆုချမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနထံမှ သိရှိရသည်။

ကျောင်းမပျက်ဖူးကြောင်း အတည်ပြုနိုင်မည့် အထောက်အထားများကို ပြည်နယ်၊ တိုင်းပညာရေးမှူးရုံးများထံ စာရင်းတောင်းယူနေပြီး ရက်အများဆုံး ခွင့်မယူဖူးသည့် ဆရာ၊ ဆရာမ ၁၂ ဦးကို ဆုချမည်ဖြစ်သည်။

တစ်နှစ်လျှင် ရှောင်တခင်ခွင့် ၁၀ ရက်ယူခွင့်ရှိခြင်းဖြစ်ပြီး အဆိုပါခွင့်ခံစား ခြင်းမရှိဘဲ ၁၄ နှစ်ဆက်တိုက် ကျောင်းမပျက်သူကို ဆုချမည်ဖြစ်သည်။ 

မည်သို့ဆုချမည်ကိုမူ မသိရသေးဘဲ ဘဏ္ဍာရေးအခြေအနေအရဟုသာ အခြေခံပညာက တုံ့ပြန်သည်။

ယင်းဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲလင်းမြင့်က “အလုပ်ကိုပိုပြီးစိတ်ဝင်စားစွာ တာဝန်ထမ်းဆောင်တဲ့သူတွေကို ဂုဏ်ပြုချင်လို့ပေါ့။ နှစ်အများဆုံးလူပဲ ရမှာပေါ့။ ခွင့်မယူဘဲ ၁၄ နှစ်ထက်ကျော်တဲ့ သူလည်းရှိချင်ရှိမှာပေါ့”ဟု ပြောကြားသည်။

ပဲခူးတိုင်း အိုးသည်ကုန်း အထက်တန်းကျောင်းအုပ် ဦးတင်ခိုင်ညွန့်က ဆရာ၊ ဆရာမများအနေနှင့် ကျန်းမာရေးအတွက် သို့မဟုတ် လူမှုရေးအတွက် ခွင့်ယူကြပြီး ၎င်းလုပ်သက်တွင် ခွင့်မယူ၊ ကျောင်းမပျက်ဖူးသူ မတွေ့ဖူးသေးကြောင်း ပြောဆိုသည်။

“နောက်တစ်ခုက ကျောင်းမပျက်တာကို ဘာနဲ့သက်သေပြမလဲပေါ့။ ကျောင်းမှာရှိတဲ့စာရင်းကလည်း အတိအကျ မမှန်နိုင်ဘူး။ တစ်ခါတလေကျတော့ နားလည်မှုနဲ့ပေးထားတာမျိုးလည်း ရှိတယ်”ဟု ဦးတင်ခိုင်ညွန့်က ပြောကြားသည်။

ဆရာ၊ ဆရာမများ၏ကျောင်းတက် မှတ်တမ်းများမှာ မြို့နယ်ပညာရေးမှူးရုံးသို့ ပို့ရခြင်းမရှိဘဲ စာသင်ကျောင်းများတွင်သာ ထားရှိရကြောင်းနှင့် ထိုမှတ်တမ်းများမှာလည်း မှန်ကန်မှုမရှိနိုင်ကြောင်း ဦးတင်ခိုင်ညွန့်က ပြောဆိုသည်။

ယခင်နှစ် ကမ္ဘာ့ဆရာများနေ့တွင် ရက်အများဆုံး ကျောင်းမပျက်သည့် ဆရာ၊ ဆရာမ ၆ ဦးကို ဆုချခဲ့သည်။ ထိုအထဲတွင် ၁၃ နှစ်ဆက်တိုက် ကျောင်းမပျက်၊ ခွင့်မယူခဲ့သူများ ပါဝင်သောကြောင့် ယခုနှစ်တွင် ၁၄ နှစ်အထိ တိုးလိုက်ခြင်းဖြစ်သည်။

J-19