News

POST TYPE

EDUCATION

ဩစတြေးလျကျောင်းသူလေး ဟတ်ပါနီလ်ဆင်က နိုင်ငံတော်သီချင်းကို ဆန္ဒပြ
14-Sep-2018


ကင်ဘာရာ၊ စက်တင်ဘာ ၁၃

အသက်ကိုးနှစ်အရွယ် ဩစတြေးလျ ကျောင်းသူဟတ်ပါနီလ်ဆင်က ဩစတြေးလျ နိုင်ငံတော်သီချင်းသည် လူမျိုးရေးခွဲခြားမှုရှိသည်ဟုဆိုကာ ဆန္ဒပြသည့်အနေနှင့် မတ်တတ်ရပ်ရန် ငြင်းဆန်ခဲ့မှုကြောင့် အငြင်းပွားစရာကိစ္စ ဖြစ်လာခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

“Advance Australia Fair နိုင်ငံ တော်သီချင်းဟာ ဒေသခံတိုင်းရင်းသားတွေကို လျစ်လျူရှုထားပါတယ်။ တို့ငယ်စဉ်တုန်းက ဆိုတဲ့စကားလုံးဟာ သမီးတို့ အရင်ကရှိနေခဲ့တဲ့ တိုင်းရင်းသားတွေကို လုံးဝဥဿုံ လျစ်လျူရှုလိုက်တာပါပဲ”ဟု ဟတ်ပါနီလ်ဆင်က ABC ရုပ်သံသို့ ပြောကြားသည်။

အငြင်းပွားသူ လက်ယာယိမ်းဆီနိတ် တာပေါ်လင်းဟင်န်ဆန်ကမူ ဟတ်ပါကို အရိုင်းအစိုင်းလေးဟု ခေါ်ဝေါ်သမုတ်လိုက်သည်။

ကိုးနှစ်အရွယ် ကျောင်းသူလေးသည် ဘရစ်စဘိန်းရှိကင်မိုးတောင်ပိုင်း အစိုးရကျောင်းတွင် နိုင်ငံတော်သီချင်းသီဆိုစဉ် အတန်းဖော်များနှင့် အတူပါဝင်ရန် ပျက်ကွက်မှုကြောင့် ယခင်အပတ်ကကျောင်း ခန်းမအပြင်ဘက်တွင် စောင့်ဆိုင်းနေခဲ့ရသည်။

ကျောင်းသူလေး ဟတ်ပါက လူအများ၏ အသိအမြင်နှင့် အတွေးအခေါ်မြှင့်တင်ရန် အချိန်တန်ပြီဟု ခံစားယူဆကြောင်း ပြောကြားသည်။ သူမ၏ မိဘများကလည်း သမီးဖြစ်သူ၏ မယုံနိုင်စရာ ရဲရင့်မှုအတွက် ဂုဏ်ယူသည်ဟု ပြောဆိုကြသည်။

“တိုးတက်တဲ့ ဩစတြေးလျဆိုတဲ့ သီချင်းဟာ စပြီးရေးကတည်းက တိုးတက်တဲ့ လူဖြူတွေကို ရည်ညွှန်းခဲ့တာပဲ”ဟု ABC ရုပ်သံအင်တာဗျူးတွင် ဟတ်ပါက ပြောကြားသည်။

သို့ရာတွင် ဆီနိတ်တာဟင်န်ဆန် အပါအဝင် အချို့သူများကလည်း ဟတ်ပါကို ရိုသေလေးစားတတ်မှုမရှိသည့် ကလေးဟု ပြစ်တင်ဝေဖန်ခဲ့ကြသည်။

ဆီနိတ်တာဟင်န်ဆန် ၆၄ နှစ်က “ဒီမှာ ဦးနှောက်ဆေးခံထားရတဲ့ ကလေးတစ်ယောက်တော့ ရှိနေပြီ။ ကျွန်မကတော့ သူ့တင်ပါးကို ကန်ပစ်လိုက်ချင်တာပဲ။ ဘာမှမသိနားမလည်တဲ့ ကလေးတစ်ယောက်အကြောင်းကို ကျွန်မတို့ အရေးလုပ်ပြီးပြောနေရတယ်။ ကျွန်မကတော့ နိုင်ငံတော်သီချင်းကို ဂုဏ်ယူတယ်”ဟု ပြောဆိုထားသော ဗီဒီယိုဖိုင်ကို facebook တွင် တင်လိုက်သည်။

ကွင်းစလန်းပြည်နယ်မှ ပညာရေးအရာရှိ ဂျာရော့ဘလိုင်ဂျီကလည်း ဟတ်ပါ၏ မိဘများကို ပြစ်တင်ဝေဖန်လိုက်ပြီး ဟတ်ပါ၏ ဆန္ဒပြမှုသည် မခံ့လေးစား လုပ်ရပ်ဖြစ်သည်ဟု မှတ်ချက်ပေးသည်။

ရုပ်သံတင်ဆက်သူ သတင်းထောက် ဂျော်ဂျီဂတ်ဒနာနှင့် အခြားသူများကမူ ဟတ်ပါသည် ထက်မြက်၍ ပြတ်သားသော ကလေးဖြစ်သည်ဟု ချီးကျူးပြောဆိုသည်။

“နိုင်ငံတော်သီချင်းစာသားတွေအပေါ် ဆန်းစစ်တွေးခေါ်တာကို ချီးကျူးတယ်။ လူအများစုက အဓိပ္ပာယ်ကိုမစဉ်းစားဘဲ ပြီးစလွယ် ဆိုနေကြတာလေ”ဟု သူမက မှတ်ချက်ပေးသည်။

ဟတ်ပါကို ထောက်ခံသူများက “ဩစတြေးလျရဲ့ ခေသူမဟုတ်သော အထက်မြက်ဆုံး ဆောင့်ကြွားကြွားကလေး”ဟု twitter တွင် ဝိုင်းဝန်းချီးကျူး ရေးသားကြသည်။

ဟတ်ပါ၏ ဆန္ဒပြမှုသည် အမေရိကတွင် နိုင်ငံတော်သီချင်းတီးမှုတ်စဉ် NFL ကစားသမားများ အငြင်းပွားဖွယ် ဒူးထောက်ဆန္ဒပြခဲ့မှုအပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

ကျောင်းတာဝန်ရှိသူများက နိုင်ငံတော်သီချင်းသီဆိုနေစဉ် ဟတ်ပါကို ခန်းမအပြင်ဘက်တွင် နေနိုင်ရန် ရွေးချယ်စရာပေးခဲ့ခြင်းဖြစ်သည်ဟု ပညာရေးဌာနက ထုတ်ပြန်ခဲ့သည်။

ဗြိတိသျှ ဓနသဟာယနိုင်ငံဖြစ်သည့် ဩစတြေးလျနိုင်ငံမှ ပြည်နယ်များသည် နိုင်ငံအတွင်းရှိ မူလဇာတိနေထိုင်သူ အဘော်ရီဂျင်း လူမျိုးများ၊ တောရပ်စ် စထရိတ်ကျွန်းသားများနှင့် ပထမဆုံးအကြိမ် အသိအမှတ်ပြု သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ရေးကို ပြီးခဲ့သော ဇွန်လက စတင်ဆောင်ရွက်လာခဲ့ကြသည်။ 

F-04
 


  • VIA