News

POST TYPE

EDUCATION

ထိုင်းနိုင်ငံ ပညာရေးစနစ်အား ကမ္ဘာ့ဘဏ်မှ ဆန်းစစ်ချက်
08-Sep-2018 tagged as ပညာရေး ထိုင်း



ထိုင်းနိုင်ငံတွင် ကျောင်းငယ်လေးပေါင်းများစွာရှိနေပြီး ထိုကျောင်းငယ်လေးများကို ပေါင်းလိုက်ခြင်းဖြင့် ပညာရေးဘတ်ဂျက်ကို ချွေတာနိုင်ကြောင်း ကမ္ဘာ့ဘဏ် (The World Bank) အဖွဲ့က တိုက်တွန်းထားသည်။ အဘယ်ကြောင့်ဆိုသော် ဘတ်ဂျက်အနေအထားကြောင့် ဆရာများကို လျှော့ချရမလို ဖြစ်နေသည့် အနေအထားအား၊ ဆရာမလျှော့ဘဲ ကျောင်းငယ်လေးများကို ပေါင်းလိုက်ခြင်းဖြင့် အဖြေရှာကြည့်ရန် ကမ္ဘာ့ဘဏ်က တိုက်တွန်းကြည့်ခြင်းဖြစ်သည်။

လက်ရှိထိုင်းနိုင်ငံ မူလတန်းကျောင်းများတွင် ဆရာတစ်ဦးသည် ကလေး ၁၄ ဒသမ ၇ ဦးနှုန်းဖြင့် သင်ကြားနေကြရသည်။ ထိုနှုန်းသည် စာသင်ခန်းများသဖြင့် ကလေးများကို ခွဲသင်နေရခြင်း မဟုတ်ဘဲ ကျောင်းသားမရှိသည့် ကျောင်းများတွင် ဆရာများကို ခန့်ထားပေးနေရသောကြောင့် ထိုင်းနိုင်ငံကျောင်းသား၊ ဆရာအချိုးက ကမ္ဘာ့ပေါ်တွင် ကျောင်းသား အနည်းဆုံး သင်ကြားပေးရသည့်နှုန်းကဲ့သို့ ဖြစ်စေခဲ့သည်။

၁၉၇၇ ခုနှစ်တွင် ထိုင်းနိုင်ငံ ကျောင်းတက်နှုန်းသည် ၉ ဒသမ ၅ သန်းအထိ လျှော့ကျခဲ့သည်။ ယခုနှစ်တွင် ၇ ဒသမ ၄ သန်းအထိ လျော့ကျနေပြန်သည်။ သို့သော်ဖွင့်ထားသည့် ကျောင်းတွေကတော့ လျှော့ချနိုင်ခြင်းမရှိကြောင်း တွေ့ရသည်။ 

ကမ္ဘာ့ဘဏ်က ထိုင်းနိုင်ငံရှိကျောင်းငယ် အများစုမှာ ပြုပြင်နိုင်ခြင်းလည်း မရှိတော့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် သယ်ယူပို့ဆောင်ရေးကလည်း အထောက်အကူ မပြုနိုင်သည့်အတွက် ဖြစ်ကြောင်း၊ ကလေးတွေကို သယ်ယူပို့ဆောင်ပေးနိုင်ရေးခက်ခဲသောကြောင့် ကျောင်းမတက်နိုင်သူတွေများလာကြောင်း၊ ကလေးတစ်ဦးသည် ကျောင်းကို မိုင်ဝက်လောက် အနည်းဆုံးလမ်းလျှောက်လာရသည့် အနေအထားတွင် ရှိနေကြောင်း ထောက်ပြကြသည်။ ထို့ကြောင့် ကမ္ဘာ့ဘဏ်က ကျောင်းများကို ဖြစ်နိုင်လျှင် တစ်ရွာတစ်ကျောင်း ဖွင့်ထားမည့်အစား နီးစပ်ရာ ကျောင်းများကိုပေါင်းပြီး ကျောင်းတစ်ကျောင်းအဖြစ် ပြောင်းလိုက်လျှင် ပြဿနာအေးသွားနိုင်ကြောင်း အကြံပြုထားသည်။ ကလေးများ ကျောင်းကို လမ်းလျှောက်ရချိန်များလာသည်မှာ ပြဿနာမဟုတ်ကြောင်း၊ ကျောင်းကို ဝေးဝေးလာတက်ရသည့်အတွက် ကောင်းကွက်များရှိနိုင်ကြောင်း သူတို့က ဆိုသည်။

ထိုင်းနိုင်ငံ ကျေးလက်မူလတန်းကျောင်းလေးများတွင် လက်ရှိရင်ဆိုင်နေရသည့် ပြဿနာမှာ ဆရာဦးရေ မလုံလောက်ခြင်းဖြစ်သည်။ ကျောင်းတစ်ကျောင်းလျှင် ဆရာတစ်ယောက်သာရှိသဖြင့် တစ်တန်းသင်လျှင် ကျန်အတန်းများကို လွှတ်ထားရသည့် အနေအထားတွင်လည်းရှိနေသည်။ ကျောင်းများတွင် ဆရာကို လုံလောက် အောင်ထားပေးမည်ဆိုစေ ထိုင်းနိုင်ငံတွင် အရည်အသွေးရှိသည့် ဆရာတွေ မရှိခြင်းမှာလည်း ပြဿနာတစ်ရပ်ဖြစ်သည်။ 

အကယ်၍ ကျောင်းငယ်များကို ပေါင်းလိုက်သည့် စနစ်ကိုသာ ကျင့်သုံးလိုက်မည်ဆိုလျှင် မူလအရေအတွက် ၃၀,၅၀၆ ကျောင်းမှ ၁၇,၇၆၆ အထိ လျော့ကျသွားနိုင်ကြောင်း အခြေခံပညာကော်မရှင် (OBEC) က ထုတ်ပြန်ထားသည်။ လက်ရှိ ကျောင်းများတွင်လည်း စာသင်ခန်းအရေအတွက်မှာ ၃၄၄,၀၀၉ မှ ၂၅၉,၂၆၁ အထိ ကျဆင်းနေကြောင်း OBEC က ဆိုသည်။ ကျောင်းတွေကိုပေါင်းလိုက်လျှင် ဆရာတွေကိုလည်း ၄၇၅,၇၁၇ မှ ၃၇၃,၆၂၀ အထိ လျှော့ချနိုင်လိမ့်မည်ဟု တွက်ချက်ပြထားသည်။ 

ထိုင်းနိုင်ငံ၏ အသက် ၁၅ နှစ် ကျောင်းသားများ၏ နိုင်ငံတကာစာမေးပွဲဖြစ်သည့် Programme for International Student Assessment (PISA) ကို ဖြေဆိုနိုင်မှုများကလည်း အားရစရာကောင်းသည့် အနေအထားတွင် မရှိကြောင်းတွေ့ရသည်။ OECD နိုင်ငံများအတွင် ထိုင်းနိုင်ငံ၏ PISA အဆင့်က နောက်ဆုံးအဆင့်လောက် ရောက်နေသည်။ ထို့ကြောင့် PISA တွင် အဆင့်အတန်းမြင့်လာရေးကို ကြိုးစားအားထုတ်နေသော်လည်း အောင်မြင်နိုင်မှုမှာ အလှမ်းဝေးလျက်ရှိနေသေးသည်။ 

ထိုင်းနိုင်ငံတွင် ဆရာများလစာနှင့် ပတ်သက်ပြီး ဘတ်ဂျက်ကို ဘတ် ဘီလီယံ ၃၀၀ ခန့်သုံးရန်မှ ၂၀၀ သာ အသုံးပြုလျှော့ချရန် OBEC ပြင်ဆင်နေကြောင်း သိရသည်။ ထို့ကြောင့် ဘတ်ဂျက်ကို ကျောင်းများ လျှော့ချခြင်းဖြင့် ကယ်တင်မည်ဆိုလျှင် အရည်အသွေးမြင့်သည့် ပညာရေးအဆင့်တစ်ခုကို ဖော်ဆောင်နိုင်မည်ဟူ၍လည်း ထောက်ပြကြသည်။ 

ထိုင်းနိုင်ငံဆရာများသည် လစာကောင်းသည်ဟု ဆိုရမည်။ ထို့ပြင် ကျန်းမာရေးအတွက် ဆေးကုသခွင့်၊ မိသားစုများ ဆေးကုသခွင့်၊ ပင်စင်ခံစားခွင့်များအပြင် လေးစားခံရသည့် အလုပ်ဖြစ်နေသောကြောင့် ဆရာအလုပ်ကို မြတ်နိုးတန်ဖိုးထားပြီး လုပ်ဆောင်နေကြသူများရှိသည်။ ၂၀၁၆ ခုနှစ် စာရင်းအရ ထိုင်းနိုင်ငံ အစိုးရကျောင်းဆရာများသည် တစ်လ ဘတ် ၄၀,၀၀၀ (၁,၂၂၁ ဒေါ်လာခန့်) ခန့်အထိ ခံစားပိုင်ခွင့်ရှိကြသူများဖြစ်သည်။ သို့သော် ကမ္ဘာ့အဆင့်တွင် ထိုင်းဆရာများ၏ လစာအဆင့်မှာ ၁,၅၀၀ နေရာတွင်သာ ရှိသည်။ ထိုင်းနိုင်ငံ တက္ကသိုလ်ဆရာများသည်ပင် လစာခံစားမှု အဆင့်မှာ ၅၀၀ တွင်ရှိသည်။ 

အစိုးရအနေဖြင့် ပညာရေးအတွက် တစ်နှစ် အသုံးစရိတ်မှာ တစ်နှစ် ဘတ်ဘီလီယံ ၅၀၀ ဖြစ်သည်။ OBEC ခေါ် အခြေခံပညာအတွက် ထိုအထဲမှ အသုံးပြုနေရသည့် ဘတ်ဂျက်မှာ ဘီလီယံ ၃၀၀ ဖြစ်သည်။ ပညာရေးတွင် အခြေခံပညာကို မြှင့်တင်ရန် အရေးကြီးသည်။ သို့သော် အထက်အောက်ကို မျှတအောင် အချိုးညီစွာ ရှိရန်လည်းလိုသည်။ ပညာရေးကို မြှင့်တင်လိုလျှင် ဘတ်ဂျက်ကို ကောင်းစွာသုံးနိုင်ရမည်ဖြစ်သော်လည်း အကျိုးရှိ၊ မရှိ လေ့လာသုံးသပ်ပြီး အကျိုးရှိစွာ သုံးနိုင်လျှင် ပညာရေးအတွက် ပိုကောင်းမည်ဟု ကမ္ဘာ့ဘဏ်က သုံးသပ်ထားသည်။

E-01

(Ref : The Nation)