News

POST TYPE

EDUCATION

ဆရာများ၏ ရင်ဖွင့်သံ (ဆရာ၊ ဆရာမများ လုံခြုံရေး)
06-Sep-2018
ရပ်ဝေး၊ နယ်ဝေး တာဝန်ထမ်းသည့် ဆရာ၊ဆရာမများနှင့် ဒေသခံများကြား ပြဿနာဖြစ်မှုက ယခုနောက်ပိုင်း ခပ်စိပ်စိပ် ကြားလာရသည်။ လတ်တလောတွင် ဝက်လက်မြို့နယ်အတွင်း ရွာခံ၏နှောင့်ယှက်မှုကြောင့်ဆိုကာ ဆရာ၊ ဆရာမများ ကြောက်ရွံ့ပြီး ကျောင်းပိတ်ထားသည်။ ဆရာ၊ ဆရာမများ တွေ့ကြုံနေရသည်များ၊ အမြင်များကို ယခုတစ်ပတ်ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။

“ဒီနှစ်ဦး (ကျောင်းအုပ်နှင့် အုပ်ချုပ်ရေးမှူး)က အဓိက အကျဆုံးလို့မြင်ပါတယ်”
ဦးအောင်ကျော်သူ (ကျောင်းအုပ်၊ အထက အေးမွန်၊ ကဝမြို့ နယ်၊ ပဲခူးတိုင်း)

ကျွန်တော်တို့ ဆရာ၊ ဆရာမဆိုတာ ရပ်ဝေးမှာ တာဝန်ထမ်းရတာ၊ နေရတာ ပိုများပါတယ်။ များသောအားဖြင့် ပြဿနာဖြစ်တာသည် ရွာခံဆရာ၊ ဆရာမထက် ရပ်ဝေးကလာတဲ့ ဆရာ၊ ဆရာမနဲ့ ဒေသခံနဲ့ ပြဿနာဖြစ်တာ များတယ်။ ဒီကိစ္စတွေအပေါ်မှာပြောရရင် တချို့ကိစ္စတွေမှာ နှစ်ဦးနှစ်ဖက် ဖြစ်တဲ့ကိစ္စတွေရှိတယ်။ တချို့ကျတော့လည်း ဆရာ၊ ဆရာမတွေအပေါ်မှာ ရပ်ရွာရဲ့အားပေးမှု၊ ယုံကြည်မှု၊ လေးစားမှုလျော့လို့ဖြစ်တာလည်း အများကြီးပါလာ တယ်ပေါ့။ တချို့ကျတော့လည်း ရပ်ရွာကကောင်းတယ်။ ဆရာ၊ ဆရာမတွေကိုယ်တိုင် ဆိုးနေတာတွေလည်း ရှိတာပေါ့။ ကျွန်တော့်အနေနဲ့ မျှမျှတတပြောရရင် ဆရာ၊ ဆရာမတွေကလည်း တခြားရပ်ရွာနေတဲ့အခါ ကာလံ၊ ဒေသံဆိုတဲ့အတိုင်း သူ့ဒေသနဲ့ လိုက်လျောညီထွေဖြစ်တဲ့ နေထိုင်မှုဆိုတာလည်းရှိရမှာပေါ့။ အစည်းအဝေးတွေမှာလည်း ပြောပါတယ်။ ဆရာ၊ ဆရာမ ဆိုတာ ဝတ်စားဆင်ယင်မှုကအစဂရုပြုဖို့ပေါ့။ ဆရာ၊ ဆရာမရဲ့ ဂုဏ်သိက္ခာနဲ့ ညီအောင် ဝတ်စားဆင်ယင်ရင် ရပ်ထဲရွာထဲက လေးစားမှာပေါ့။ အဲဒီအခါ ဆရာ၊ ဆရာမတွေကို မနောက်ရဲဘူး။ မပြောင်ရဲဘူးပေါ့။ ဒီအချက်တွေကတော့ ဆရာ၊ ဆရာမတွေဘက်က စောင့်ထိန်းရမယ့်အပိုင်းတွေပါ။ တချို့တော့လည်း မစောင့်ထိန်းနိုင်တာလည်း တွေ့ရပါတယ်။ ဆရာတချို့ မူးပြီး သောင်းကျန်းတာမျိုးပေါ့။ ဒါတွေကတော့ ထိန်းရမယ်လို့ပြောရင် ကျောင်းအုပ်လည်း အဓိကသက်ဆိုင်တာပေါ့။ ဒီလိုရပ်ရွာနဲ့ အဆင်ပြေဖို့ဆိုတာလည်း ကျောင်းအုပ်နဲ့ အဓိက ပတ်သက်တာပေါ့။ ကျောင်းအုပ်က ဆရာ၊ ဆရာမတွေနဲ့ အနီးကပ်တွေ့ နေရတဲ့အခါ ထိန်းရမှာပေါ့။ နောက်ပြီး ရပ်ရွာနဲ့ပတ်သက်လို့ တာဝန်ခံရမှာလဲ ကျောင်းအုပ်ပဲလေ။ ကိုယ့်ဆရာ၊ ဆရာမတွေ ပြဿနာတစ်ခုဖြစ်လာရင် ရှေ့ဆုံးက ရင်ဆိုင်ရမှာ ကျောင်းအုပ်ပါပဲ။ ကျောင်းအုပ်က ရဲရဲတင်းတင်းနဲ့ ကိုယ့်ဆရာ၊ဆရာမတွေအပေါ် ဝန်းရံ ရပ်ပေးထားရင် ရပ်ရွာကလည်း တော်ရုံတန်ရုံ မထိရဲဘူးပေါ့ဗျာ။ ဒီလိုဖြစ်ဖို့လည်း ကျောင်းအုပ်ကလည်း မှန်ရမယ်။ ကိုယ့်ဆရာ၊ ဆရာမကလည်း မှန်ရမယ်။ ဒီလိုမှန်နေရင်မထိရဲပါဘူး။

ရပ်ရွာကလူတွေနဲ့ ဆရာ၊ ဆရာမတွေနဲ့ အဆင်ပြေဖို့၊ ပညာရေးတိုးတက်ဖို့ဆိုရင် နှစ်ဦးနှစ်ဖက် ပူးပေါင်းရမှာပါ။ ကျွန်တော်တို့ကလည်း ပြုပြင်နေထိုင်ဖို့လိုသလို ရပ်ရွာသူ၊ သားဘက်ကလည်း ထောက်ပံ့ပေးဖို့ လိုတာပေါ့ဗျာ။ ကိုယ့်ရွာကို တာဝန်ကျတဲ့ ဆရာ၊ ဆရာမ တာရှည်မမြဲဘူး၊ မပျော်ဘူးဆိုတာလည်း ရပ်ရွာရဲ့ကူညီထောက်ပံ့မှု အထိုက်အလျောက် မူတည်တယ်။ အရေးကြီးဆုံးက အုပ်ချုပ်ရေးမှူးပေါ့ဗျာ။ အုပ်ချုပ်ရေးမှူးနဲ့ ကျောင်းအုပ်ကြီးနဲ့ ညှိနှိုင်းနိုင်လို့ ရှိရင် ဆရာ၊ ဆရာမတွေရဲ့နေထိုင်ရေး၊ လုံခြုံရေး အားလုံး အဆင်ပြေပါလိမ့်မယ်။ အုပ်ချုပ်ရေးမှူးကိုလည်း ကျောင်းအုပ်ကြီးက လုပ်ငန်းသဘောအရ ပူးပေါင်းရမယ်။ အုပ်ချုပ်ရေးမှူးကလည်း ကျောင်းအုပ်ကို လုပ်ငန်းသဘောအရ လေးစားရမယ်ပေါ့။ ကျွန်တော် ကျောင်းအုပ်တစ်ဦးအမြင်အရ ဒီနှစ်ဦးက အဓိက အကျဆုံးလို့ မြင်ပါတယ်။ နောက်အခြေအနေတစ်ခုက လူတိုင်းက ဖေ့စ်ဘွတ်ခ်ကို ဖတ်နေကြပြီဆိုတော့ ပညာရေးနဲ့ပတ်သက်လို့ တခြားဒေသလုပ်နေတာ၊ ကိုင်နေတာတွေကိုလည်းမြင်နိုင်ပြီပေါ့။ တခြားဒေသမှာ ဒီလိုလုပ်တယ်။ ကိုယ့်ရပ်ရွာကျောင်းမှာ ဒီလိုမလုပ်ဘူးဆိုရင် အပြစ်မြင်တာမျိုး အဲဒါမျိုးက ထင်ရှားလာတယ်။ တခြားကျောင်းက လုပ်တယ်။ ကိုယ့်ကျောင်းက မလုပ်ဘူးဆိုရင် ပိုပြီးအပြစ်မြင်လာတာပေါ့။ လက်ရှိကျောင်းကလည်း ပညာရေးနဲ့ပတ်သက်ပြီး တက်တက်ကြွကြွ ဆောင်ရွက်နေမယ်၊ ကလေးတွေကိုသင်ကြားတဲ့အခါ ကြပ်ကြပ်မတ်မတ် သင်ကြားနေမယ်ဆိုရင် ရပ်ရွာကလည်း ကျောင်းအပေါ်မှာရော ဆရာ၊ဆရာမအပေါ်မှာရော လေးစား၊ ယုံကြည်လာမှာပါ။

“တစ်ခုခုဆို တို့နယ်က သည်းမခံဘူးဆိုတဲ့ အတွေးအမြင်လည်း မထားသင့်ပါဘူး”
ဒေါ်နီလာဝင်း (မူပြ၊ ချမ်းမြသာစည်၊ မန္တလေးမြို့ )

ဆရာ၊ ဆရာမဆိုတာ ဘယ်လိုနေရာကိုပဲ တာဝန်ထမ်းချင်တယ်ဆိုပြီးရွေးဖို့ နိုင်ငံရဲ့အခြေအနေအရ အားနည်းပါတယ်။ ဒီတော့ တာဝန်ကျဒေသသွားတော့မယ်ဆိုရင် ကိုယ့်စိတ်အခြေအနေကို ပြင်ထားရမယ်လို့ ယူဆပါတယ်။ ဆရာ၊ ဆရာမတစ်ယောက်က အနစ်နာဆိုတာထားလိုက် ဝါသနာနဲ့စေတနာကို အခြေခံပြီး ပျော်ရွှင်စွာ သင်ကြားသင်ယူမှုလုပ်နိုင်မှ ပညာသင်ရခြင်းရဲ့ ရည်ရွယ်ချက်၊ သင်ခန်းစာ မျှော်မှန်းရလဒ်တွေကို ရအောင်လုပ်နိုင်မှာပါ။ ဒါကြောင့် ရွေးချယ်ခွင့်မရတဲ့ ဒေသအသီးသီးမှာ တာဝန်ထမ်းဆောင်ရမယ့် ဆရာ၊ ဆရာမတွေအတွက် ဒေသခံရယ်၊ မိခင်ဌာနရယ်၊ ဒေသတွင်း လုပ်ဖော်ကိုင်ဖက်တွေရယ်ဟာ အပြန်အလှန် လေးစားမှုနဲ့ မျှတတဲ့ဆက်ဆံရေးကို တည်ဆောက်မှသာ အဆင်ပြေမှာပါ။

ပထမဆုံး ဆရာ၊ ဆရာမတွေဘက်က ဘာတွေပြင်သင့်သလဲဆို ကျွန်မတို့ဟာ လူသား ကလေးလေးတွေဖြစ်တဲ့ မိသားစုအသီးသီးရဲ့ အသည်းနှလုံးတွေ၊ မျှော်လင့်ချက် အနာဂတ်တွေကို မိသားစုကိုယ်စား မိသားစုထက် လေ့လာသင်ကြားမှတ်သားခဲ့ရတဲ့ ဆရာအတတ်နဲ့ ထိန်းကျောင်းပဲ့ပြင်ပေးရမှာဖြစ်တယ်။ ဒါကြောင့် အခြေအနေ အမျိုးမျိုး စိတ်သဘောထား ခံယူချက်အမျိုးမျိုး ရှိနိုင်တာမို့ ထိရှလွယ်နိုင်တာကြောင့် ကလေးစိတ်ပညာ၊ ပညာရေးသဘောတရားနဲ့ ရပ်ရွာလူထုနဲ့ လိုက်လျောညီအောင် ပေါင်းဆက်ဆံနိုင်ဖို့ စတာတွေကို အထိုက်အလျောက် သိထားရပါမယ်။ အထိုက်အလျောက် ရင့်ကျက်မှုနဲ့ ဆရာစိတ်ကိုသွင်း ထားရတော့မယ်။ ကိုယ့်မိသားစု ကိုယ့်အသိုင်းအဝိုင်းထဲမှာ နေခဲ့ဆက်ဆံခဲ့တာထက်တော့ ပိုဆင်ခြင်နိုင်ရတော့မယ်ပေါ့ရှင်။ ဒီအတွက် ဗဟုသုတလည်း ကြွယ်အောင် ရင့်ကျက်မှုလည်းရှိအောင်၊ ဒေသရဲ့အခြေအနေ၊ ဒေသခံတွေရဲ့ စိတ်သဘောထား ခံယူချက်တွေ၊ ယဉ်ကျေးမှုဓလေ့ထုံးစံတွေ၊ ရပ်ရွာလူထုရဲ့ ယုံကြည်မှုတွေ၊ ရပ်ဓလေ့ရွာဓလေ့ထုံးစံတွေ၊ သူတို့ရဲ့ အသိပညာ ရေချိန်နဲ့အတူ သူတို့ရဲ့အကျင့်စရိုက်တွေကို သိအောင်ရယ် ချင့်ချိန်နိုင်ဖို့ စာများများဖတ်ပြီး ကလေးတွေနဲ့ ရပ်ရွာတိုးတက်မှုကိုလိုလားတဲ့ စိတ်အခံကို ပြင်ဆင်ထားသင့်တယ်လို့ ထင်ပါတယ်။

ဘယ်ဒေသကိုရောက်ရောက် ဖြူစင်တဲ့စိတ်အခံနဲ့ ဆရာအတတ်ကို စွဲကိုင်သွားရမှာက ဆရာ၊ ဆရာမတွေရဲ့ တာဝန်ပါ။ လူငယ်ဆရာ၊ ဆရာမတွေတော့ လူငယ်ဆန်ဆန် လွတ်လပ်ပေါ့ပါးမှုတွေတော့ ရှိချင်ကြမှာပါ။ အပြန်အလှန် လေးစားယုံကြည်တဲ့ ဆက်ဆံရေး တည်ဆောက်ထားရင် လူငယ်သဘာဝဘယ်လောက်ပဲ လွတ်လပ်ပေါ့ပါးစွာ နေထိုင်မိပါစေ၊ ပိုပြီးတောင် ချစ်ခင်ရင်းနှီးလာစေတာလည်း ရှိပါတယ်။ ဆရာ ကျင့်ဝတ်မပြောနဲ့ လူ့ကျင့်ဝတ်ဖောက်ပြီး နိမ့်ပါးတဲ့ စာရိတ္တမျိုးနဲ့ သွားလာနေထိုင်မိရင်တော့ ဘာလုပ်လုပ် အဖတ်ဆယ်ရမှာ မဟုတ်ဘူးလေ။ ဒေသခံတွေဘက်က ကျတော့လည်း ငါတို့ကလေးတွေကို စာသင်ပေးဖို့ လာတာ။ လစာရထားတာ အစစအရာရာ လိုအပ်တာတွေကို သူတို့ဘာသာ စီစဉ်ဖြေရှင်းရမယ်။ တစ်ခုခုဆို တို့နယ်က သည်းမခံဘူးဆိုတဲ့ အတွေးအမြင်လည်း မထားသင့်ပါဘူး။ ကိုယ့်ရွာ၊ ကိုယ့်မိသားစု အနာဂတ်ကောင်းဖို့ မိဝေး၊ ဖဝေးလာပြီး တာဝန်ထမ်းတာ အတတ်နိုင်ဆုံးကူညီပြီး စာနာထောက်ထားလို့ နွေးနွေးထွေးထွေး ဆက်ဆံသင့်တယ်လို့ ထင်ပါတယ်။

လိုအပ်ချက်တွေမှန်သမျှ ဖြည့်ဆည်းပေးဖို့ဆိုတာ တချို့နယ်တွေမှာ ခက်ခဲပါတယ်။ မိသားစု နေဖို့ စားဖို့ ဝတ်ဖို့ ခက်ခဲပင်ပန်းစွာ ရုန်းကန်ကြရလို့ မဖြည့်ဆည်းနိုင်ပေမယ့် ကိုယ့်နယ်ဘက်က ကျရောက်လာမဲ့ အန္တရာယ် အသွယ်သွယ်ကိုတော့ ကာကွယ်ပေးဖို့ တာဝန်ရှိတယ်လို့ မြင်ပါတယ်။ အမြင်မတော်တာ လက်မခံနိုင်တာကိုလည်း ပွင့်ပွင့်လင်းလင်း ထောက်ပြ တားမြစ်ပြီး အဆင့်ဆင့် တာဝန်ရှိသူများနဲ့ပါ ဆွေးနွေး ချပြဖို့ ရပ်မိရပ်ဖများဦးဆောင်သင့်ပါတယ်။ အသေး အဖွဲပြဿနာတွေကို ဥပဒေ၊ စည်းမျဉ်းတွေနဲ့ချည်း ပစ်ပစ်ခါခါ မဆုံးဖြတ်သင့်ပါဘူး။ ကျွန်မတို့ဌာနက သက်ဆိုင်ရာ အဆင့်ဆင့် တာဝန်ရှိသူတွေကလည်း ဆရာတွေကို ခန့်ထားတဲ့ အမိန့်စာထွက်တဲ့အခါ အားပေးတဲ့၊ မှာကြားသင့်တဲ့ ဒေသအခြေအနေတွေကို ချပြတဲ့ တွေ့ဆုံမှုလုပ်ပြီးမှ သက်ဆိုင်ရာကျောင်းနဲ့ ရပ်ရွာနယ်ခံအုပ်ချုပ်သူကို ဆက်သွယ်အပ်ပေးသင့်ပါတယ်။ ကိုယ့်ဆရာ၊ ဆရာမတွေရဲ့ချိုးဖောက်မှုတွေကို ပြတ်ပြတ်သားသား ဆုံးမပြီး နစ်နာမှုတွေအတွက်လည်း ခေါင်းမရှောင်ဘဲ မားမားမတ်မတ် ကာကွယ်သင့်တယ်လို့ ထင်ပါတယ်။

“ဒါကြောင့် ဒီလိုကျောင်းမှာ မနေချင်ပါဘူးလို့ပဲ ပြောချင်တယ်”
ဒေါ်စန္ဒာဝင်း (ကျောင်းအုပ်၊ အမက-ကွင်းမ၊ ဝက်လက်မြို့နယ်)

ကျွန်မတို့ကျောင်းက မူလတန်းကျောင်းဖြစ်တဲ့အတွက် ကျွန်မအပါအဝင် ဆရာတစ်ဦးနဲ့ ဆရာမ ၄ ဦး စုစုပေါင်း ၅ ဦးရှိပါတယ်။ ခုက ကျောင်းနဲ့ကပ်လျက် အိမ်ကနေ ကျောင်းက ဆရာ၊ ဆရာမတွေကို အော်ဆဲတာမျိုး ညတိုင်းဖြစ်နေတယ်။ ခုနောက်ပိုင်းဆိုရင် နေ့တွေရော ဆဲနေတာမျိုးပါ။ ဒီစက်တင်ဘာလ ၁ ရက်မှာဆို တစ်နေ့လုံး ဆဲတယ်။ အခုလိုဆဲတဲ့သူကလည်း ကျွန်မကျောင်းက ကလေးတစ်ဦးရဲ့မိဘဖြစ်ပါတယ်။ အရက်လည်း အမြဲမူးနေတာပါ။ အခုလိုမဆဲခင်ကလည်း သူ့သမီးကို ကျောင်းလုပ်ငန်းခိုင်းလို့ သူ့သမီး တစ်ခုခုဖြစ်ရင် အကြောင်းသိမယ်ဆိုတာမျိုး ဆရာမတစ်ယောက်ကို ပြောပါတယ်။ အဲဒီတုန်းက သည်းခံခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ကျောင်းထဲမှာ ဝင်ထွက်လုပ်တယ်။ ဆဲတယ်။ ကျောင်းဝင်းက သံဆန်ခါလွတ်နေတာမျိုးရှိတယ်။ အဲဒီလူကလည်း ဆရာ၊ ဆရာမတွေကို ဂရုမစိုက်တဲ့ပုံစံမျိုး နွားတွေ လွှတ်ကျောင်းတာမျိုး လုပ်တယ်။ ဒီကျောင်းကဆရာ၊ ဆရာမတွေအနေနဲ့ ကျောင်းထဲမှာ နေထိုင်ကြတာမျိုး မရှိပါဘူး။ အားလုံးက နေ့ချင်းပြန်ပဲ တက်ကြတယ်။ အရင်က ကျောင်းဝင်းထဲမှာ သစ်ပင်တွေ စိုက်ထားတာမျိုးရှိတဲ့အတွက် သစ်ပင်တွေကို စောင့်ရှောက်ဖို့ ကျွန်မနေခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ကွင်းမဇာတိဖြစ်တာကြောင့် ကျွန်မကျောင်းထဲမှာနေတာကို ရွာက မကျေနပ်တဲ့သူ တချို့ရှိတာကြောင့် ဆက်မနေတော့ဘူး။ အဲလိုနဲ့ပဲ ကျောင်းက ဆရာ၊ ဆရာမတွေကို နေ့စဉ် အော်ဆဲတာ မျိုးရှိလာတော့ စာသင်ကြားဖို့ အနှောင့်အယှက်ဖြစ်တယ်။ ဒါကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးကို အကြောင်းကြားတဲ့အခါမှာ အုပ်ချုပ်ရေးမှူး မအားတာကြောင့် ရဲနှစ်ဦးလာပြီး သူ့ကို လက်ထိတ်ခတ်ဖို့ လုပ်တယ်။ ရဲတွေကိုလည်း မချေမငံပြန်ပြောတာရှိတယ်။ ဒါပေမဲ့ ဘယ်လို ဖြောင့်ချက်ပေးလည်းမသိဘဲ ရဲတွေက ဒီတိုင်းပြန်သွားတယ်။ ရဲကမဖမ်းဘဲ ပြန်သွားတဲ့အခါမှာ အဲဒီလူကကျောင်းထဲပြန်ဝင်လာပြီး ကျွန်မတို့ကို ရဲတိုင်တဲ့အတွက် သတ်မယ်ဆိုပြီးပြော တယ်။ ကျွန်မတို့အနေနဲ့ ဒေသခံထဲက ဒီလိုနှောင့်ယှက်တာခံရတာ ဒီလိုမျိုး ပထမဆုံးအကြိမ်ပါ။ အရင်က ကြားလည်း မကြားဖူးဘူး။ ကျွန်မတို့ အသက်အန္တရာယ် ခြိမ်းခြောက်ခံရတာလည်း ဒါပထမဆုံးပါပဲ။ ကျွန်မတို့ ဝန်ထမ်းတွေ အပြစ်မရှိဘဲ ဆဲဆိုခံရတယ်။ အသက် အန္တရာယ်လည်းရှိတဲ့အတွက် အုပ်ချုပ်ရေးမှူးကတစ်ဆင့် အမှုဖွင့်တိုင်ကြားထားပါတယ်။

ကျွန်မတို့အနေနဲ့က လက်ရှိတာဝန်ကျတဲ့ ကျေးရွာကို လုံးဝ မသွားရဲတော့ဘူး။ အဓိကတော့ ကျေးရွာကနေ ဆရာ၊ ဆရာမတွေကို စိတ်ချယုံကြည်ရလောက်အောင် လုံခြုံရေးပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ကျွန်မတို့တွေဆိုတာက ပညာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းချက်ဘောင်အတွင်းက သင်ကြားနေရတဲ့သူတွေဖြစ်တယ်။ အဲလိုမျိုးဖြစ်တဲ့အခါမှာ ကျွန်မတို့လည်း အနှောင့်အယှက်ဖြစ်သလို ကလေးတွေလည်း စိတ်အနှောင့်အယှက်ဖြစ်တယ်။ ကလေးတွေရဲ့ သင်ကြားရေးက အင်မတန်မှ နှောင့်နှေးပါတယ်။ စိတ်ပိုင်းဆိုင်ရာလည်း ထိခိုက်ပါတယ်။ ဒီကိစ္စအတွက်လည်း ဘယ်သူကမှ သက်သေမလိုက်ရဲတဲ့အခြေအနေ ဖြစ်နေတယ်။ အခုအခြေအနေမှာ အမှုဖွင့်တိုင်ကြားထားပေမယ့် အာမခံနဲ့ လွတ်မြောက်နေတာ ဖြစ်တဲ့အတွက် ကျွန်မတို့အနေနဲ့ ကျောင်းတောင် မတက်ရဲတဲ့ အနေအထားဖြစ်နေတယ်။ ဒါကြောင့် ကျောင်းလည်း ပိတ်ထားတယ်။ ကျွန်မကတော့ ဒီလိုလုံခြုံမှုမရှိတဲ့နေရာကို မသွားနိုင်တော့ပါဘူး။ တစ်ကျောင်းလုံးက ဆရာ၊ ဆရာမတွေလည်း မသွားနိုင်တော့ဘူး။ ဒါကြောင့် လုံခြုံမှုရှိတဲ့ ကျောင်းမှာပဲ နေချင်ပါတယ်။ အသိတရားမရှိတဲ့ရွာတွေမှာ တာဝန်မထမ်းဆောင်နိုင်တော့ဘူး။ ကျွန်မတို့ရဲ့ မိဘတွေကလည်း ဒီလိုဝန်ထမ်းဖြစ်ဖို့ ခက်ခက်ခဲခဲထားခဲ့ရတာ ဖြစ်ပါတယ်။ အင်မတန်မွန်မြတ်တဲ့အလုပ်ဖြစ်သလို ဒီလိုအခြေအနေ ဒီလိုရာထူးကိုရဖို့ အင်မတန်အားစိုက်ခဲ့ရတာပါ။ ဒါပေမဲ့ခုက ကျွန်မတို့အတွက် အခက်အခဲတွေ အများကြီးရှိသလို စိတ်လည်း ပင်ပန်းတယ်။ ဒါကြောင့် ဒီလိုကျောင်းမှာ မနေချင်ပါဘူးလို့ဘဲ ပြောချင်တယ်။

မြဇာခြည်သင်း