News

POST TYPE

EDUCATION

တက္ကသိုလ်ဝင်တန်း (၁၀ တန်း) အတွက် ဝိဇ္ဇာ သိပ္ပံ ဦးစားပေး အတွေးအခေါ်ကို သုံးသပ်ခြင်း
05-Sep-2018
သိပ္ပံဘာသာ ဦးစားပေးဖြစ်စဉ်ကို ဆန်းစစ်ခြင်းနှင့် ဝိဇ္ဇာဘာသာ မြှင့်တင်ရေးကို ဆွေးနွေးခြင်း

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ ပါလီမန်ဒီမီုကရေစီ အရပ်သားအစိုးရကို အာဏာသိမ်းပြီး တပ်မတော်အစိုးရအဖြစ် တော်လှန်ရေးကောင်စီအစိုးရ ပေါ်ပေါက်လာကာ ဆိုရှယ်လစ်စနစ်သို့ အသွင်ကူးပြောင်းမယ်လို့ တရားဝင်ကြေညာခဲ့တယ်။ ပုဂ္ဂလိကပိုင် စီးပွားရေးပိုင်ဆိုင်မူများကို ပြည်သူပိုင်သိမ်းတယ်။ ပုဂ္ဂလိကကျောင်းတွေကိုလည်း ပြည်သူပိုင်သိမ်းတယ်။ ဆိုရှယ်လစ်ပညာရေးကိုကြေညာရာမှာ “သိပ္ပံပညာကို ဦးစားပေးမည်” ဆိုတဲ့ စကား ၉ လုံးဟာ ဘယ်အတိုင်းအတာထိ နက်ရှိုင်းစွာသက်ရောက် မယ်ဆိုတာကို ထိုစဉ်က ထိုမူဝါဒကိုချမှတ်သူများ ကိုယ်တိုင်ပင် လေးနက်စွာ စဉ်းစားမိမယ်မထင်ပါဘူး။ 

ကွန်မြူနစ်ဝါဒ ကမ္ဘာကိုလွှမ်းမိုးချိန်လို့ဆိုရမယ့် ၁၉၆၂ ထိုစဉ်ကာလမှာ တိုင်းပြည်အတွက် အရေးပေါ်လိုအပ်ချက်ဖြစ်လို့ မဖြစ်မနေ သိပ္ပံပညာကို ဦးစားပေးဖို့ လိုကောင်းလိုမယ်လို့ နားလည်မှုပေးပါတယ်။ သို့သော် ဘယ်အတိုင်းအတာထိလဲ၊ ၁၀ နှစ် ၁၅ နှစ် စသည်ဖြင့် ကန့်သတ်ဖို့လိုမှာပါ။ တမင်မရည်ရွယ်သော်လည်း သိပ္ပံပညာကို ဦးစားပေးတော့ ဝိဇ္ဇာဘာသာကို ဦးစားမပေးဖူးဆိုတာ အလိုလိုသဘောပေါက်စေပါတယ်။ ထိုကြေညာချက်ကို ကြေညာပြီး များမကြာမီ ဆေးနှင့်စက်မှုတက္ကသိုလ်တွေမှာ အမှတ် အများဆုံးရသူတွေ စုပုံလာတယ်။ မိဘတွေကလည်း မိမိတို့သားသမီး ဆရာဝန်၊ အင်ဂျင်နီယာဘွဲ့မရပါက လူဖြစ်ရှုံးတော့မယ့်အတိုင်း ခံစားကြကာ ကလေးများကို ကျူရှင်ယူစေခြင်းအပါအဝင် ဖိအားမျိုးစုံ ပေးလာပါတော့တယ်။ ဝါသနာမပါပဲ ဆရာဝန်၊ အင်ဂျင်နီယာဘွဲ့ကို သင်ကြားရသူတွေဟာ ခန့်မှန်းခြေ တစ်ဝက်ကျော်မကရှိလို့ ကြီးမားသောပညာရေး အဟောသိကံဖြစ်လာတယ်။

ဆိုရှယ်လစ်စီးပွားရေးစနစ်ဆိုတာ စီမံကိန်းစီးပွားရေး Planned Economy ပါ။ အနှစ်သာရက Command and Control System အထက်က ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရပါတယ်။ မြန်မာပြည်မှာ နှစ်၂၀ ရေရှည်စီမံကိန်းကို ၁၉၇၄ မှာစတင်တော့ ဆရာဝန်၊ အင်ဂျင်နီယာတွေ အလုပ်ပေါတဲ့ကာလဟာ နောက်ဆုံးပိတ် ၁၉၇၆-၁၉၈၀ လောက်ထိပဲရှိပုံရပါတယ်။ နောက်ပိုင်း အလုပ်အကိုင်ရှားပါးလာတော့ ပညာတတ်များ နိုင်ငံခြားထွက် အလုပ်လုပ်ဖို့လိုတယ်၊ လူများစွာလည်း သင်္ဘောလိုက်ကြတယ် စသည်ဖြင့် ဦးနှောက်ယိုစီးမှု ဖြစ်လာတယ်။ ပညာရှင်တွေ တော်တော်များများလည်း နိုင်ငံခြားရောက်ကုန်တယ်။ 

၁၉၈၈ ဆိုရှယ်လစ်ခေတ်ကိုဖျက်သိမ်းပြီး ဈေးကွက်စီးပွားရေးကို အကောင်အထည်ဖော်ရာမှာ တာဝန်ရှိသူ တပ်မတော်အစိုးရအနေနဲ့ နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးချွတ်ခြုံကျမှု ဆိုးမွေခံဖြစ်နေချိန်မှာ လုပ်သားပေါင်းထောင်ဂဏန်းရှိတဲ့ ပြည်သူပိုင်စက်ရုံကြီးတွေဟာ အလွန်ခေါင်းခဲစရာပါ။ ပညာရေးလောကကတော့ မူကြိုမှတက္ကသိုလ်အထိ ဆိုရှယ်လစ်ပညာရေးနွံထဲနစ်နေဆဲပါ။ ယနေ့ထက်တိုင် ဈေးကွက်စီးပွားရေးနဲ့ ဆက်စပ်လို့ရမယ့် ပြည်သူပိုင်၊ ပုဂ္ဂလိကပိုင် စနစ်တကျရောစပ်ကာ နိုင်ငံတကာအကူ အညီယူပြီး အာရှအခြေအနေ ကမ္ဘာ့အခြေအနေနဲ့ ဆက်စပ်တဲ့ ပညာရေး အသွင်ကူးပြောင်းမူကို ပြည်တွင်းပြည်ပ “အား”ဖြင့် ထူထောင်ရုန်းကန်ထွက်ဖို့လိုပါမယ်။ ဒီလုပ်ငန်းစဉ်မှာ အချက်တစ်ခုဖြစ်တဲ့ သိပ္ပံပညာ ဦးစားပေးဆိုတဲ့ လွဲချော်မူကိစ္စကို စဉ်းစားဖို့လိုလာပါတယ်။

သိပ္ပံပညာကို ဦးစားပေးသင်ကြားမည်ဆိုတဲ့စကားဟာ ယနေ့ခေတ် ကမ္ဘာ့ပညာရေးလောကမှာ အလွန်ခေတ်နောက်ကျကျန်ရစ်ခဲ့ပါပြီ၊ ဒါပေမဲ့ ယနေ့ထိ ကျွန်တော်တို့ကိုလွှမ်းမိုးနေဆဲဖြစ်ကြောင်း လက်ရှိမြန်မာပြည်ပညာရေးအခြေအနေက ပြသနေဆဲပါ။ တက္ကသိုလ်ဝင်တန်းဆိုင်ရာ ဘာသာတွဲများကိုကြည့်ရင် မြန်မာပြည်မှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ အိုင်တီပညာရှင် စတဲ့တက္ကသိုလ်များကို တက်ခွင့်ရရေးက အရေးပါနေဆဲပါ။ ဝိဇ္ဇာဘာသာရပ်ကို သင်ကြားရတာကပဲ သိမ်ငယ်စရာဖြစ်တာကြာလှပေါ့။ သမိုင်းဘာသာ၊ မြန်မာစာမေဂျာတွေက မျက်နှာငယ်နေဆဲ။ တကယ်တမ်း စိတ်ဝင်စားလို့ ဆေးတက္ကသိုလ်၊ အင်ဂျင်နီယာတက္ကသိုလ်တို့ကို တက်တာလား။ အမှန်တကယ် အလေးအနက် စိတ်ဝင်စားသူတစ်ဦးအနေနဲ့ကရော လိုအပ်ချက်နည်းနည်းရှိနေပါရင် ဖြည့်ဆည်းပေးပြီး စိတ်ဝင်စားရာ ဆရာဝန်၊ အင်ဂျင်နီယာဖြစ်ဖို့ အထောက်အကူပြုနိုင်မယ့် ပညာရေးအခြေအနေမျိုး ဖြစ်နိုင်ပါပြီလားဆိုတာ စောကြောဖို့လိုလာပါတယ်။ 

သိပ္ပံပညာကို ဦးစားပေးတဲ့ခေတ်မှာ တကယ်တမ်း ထူးချွန်ထက်မြက်တဲ့ အာရှအဆင့် စသည်ဖြင့် တန်းမီသူ ပညာရှင်များ ပေါ်ထွက်ပါရဲ့လားလို့ မေးရင် ဖြေဖို့ခက်ပါမယ်။ သိပ္ပံပညာကို အဆင့်မြှင့်ဖို့ဆိုတာ သုတေသနလုပ်ဖို့ အချိန်ကုန် ငွေကုန်ခံခြင်းနဲ့တကွ နိုင်ငံတော်ကလည်း အားပေးဖို့လိုသလို ပညာရှင်တွေလည်းကိုယ်တိုင်က ပညာရပ်တွေမှာ ကျက်စားဖို့နဲ့ လေ့လာကျက်စားဖို့ကောင်းတဲ့ပတ်ဝန်းကျင်လည်း ရှိဖို့လိုတယ်။ ကမ္ဘာ့သမိုင်းအလိုအရ သိပ္ပံတစ်ခုတည်းထူးချွန်လို့ မဖြစ်နိုင်ပဲ ဝိဇ္ဇာ သိပ္ပံ တန်းတူ တိုးတက်ရမြဲအစဉ်အလာရှိခဲ့တယ်။

ကမ္ဘာ့စာအုပ်စာပေနိဒါန်းကတော့ ဂျာမန်လူမျိုး ဂူတင်ဘတ် Gutenberg က ပုံနှိပ်စက်ကို တီထွင်ပေးလို့ ခရစ်ယာန်ဘိုင်ဘယ် သမ္မာကျမ်းစာကို ၁၄၅၅ ခုနှစ်မှာ ပထမဆုံးစာအုပ်အဖြစ် ပုံနှိပ်ခဲ့တယ်။ ဘိုင်ဘယ်စာအုပ် ပြည်သူလက်ထဲပျံ့နှံ့တော့မှ ဂျာမန်ဘုန်းကြီး မာတင်လူသာ Martin Luther ကပဲ ဘုန်းကြီးများရဲ့ လွဲမှားတဲ့အယူအဆတွေကို The 95 Theses(1517) စာတမ်းတင်ကာ ဒီဘိတ်ဆွေးနွေးငြင်းခုံပွဲ ခေါ်တယ်။ နောင်တော့ ခရစ်ယာန်ဂိုဏ်းခွဲ Protestant Reformation ဖြစ်ပြီး အတွေးအခေါ်ကို လမ်းပွင့်စေပါတယ်။ ဆိုလိုတာက ဝိဇ္ဇာ သိပ္ပံ ဘာသာနှစ်ခုဟာ ဟန်ချက်ညီညီ တိုးတက်ခဲ့တာပါ။ ရှေးအယူအဆတွေဖြစ်တဲ့ နေအပါအဝင် ဂြိုဟ်တွေက ကမ္ဘာကို ဗဟိုထားကာ ဝိုင်းရံနေတယ်ဆိုတဲ့ အဆိုကို ဆန့်ကျင်ကာ ၁၅၄၃ ခုနှစ်မှာ Copernicus တို့က နေစကြဝဠာအယူအဆကို ဖော်ထုတ်ပြီး Scientific Revolution SR သိပ္ပံခေတ်ပြောင်းတော်လှန်ရေးလုပ်ပြီး သိပ္ပံနည်းကျ အတွေးအခေါ်ကို စတင်ခဲ့တယ်။ ဆေးကျောင်းသားလေး Galileo က ၁၆၀၉ မှာ တယ်လီစကုတ် အဝေးကြည့်မှန်ပြောင်းသုံးကာ SR ကို လက်တွေ့ပြနိုင်တယ်။

SR ထက်နည်းနည်းစောပြီး Renaissance ဝိဇ္ဇာဘာသာများ ပြန်လည်ထွန်းသစ်ကာလဟာ အီတလီမှာစနေပါပြီ။ အီတလီသားတွေ Leonardo da Vinci (1452) မိုက်ကယ်အိန်ဂျယ်လို (၁၄၇၅) အင်္ဂလန်က ရှိတ်စပီးယား (၁၅၆၄) တို့ ပေါ်ထွက်ပါတယ်။ Scientific Revolution နဲ့ Renaissance တို့ပေါင်းစပ်ကာ Age of Enligntment အသိဉာဏ်များ ပွင့်လင်းထွန်းတောက်တဲ့ကာလမှာ ဝိဇ္ဇာ၊ သိပ္ပံပညာများ ပြိုင်တူ တိုးတက်လာပါတယ်။ ရူပဗေဒတည်ထောင်သူ နယူတန် (၁၆၄၂)၊ ဘောဂဗေဒတည်ထောင်သူ John Smith (2723) တို့သာမက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို စတင်တွေးခေါ်သူများဖြစ်ကြတဲ့ John Locke (1632)၊ Montesquieu (1689)၊ Rousseau (1712)၊ Voltaire (1694) တို့ဟာ ခေတ်ပြိုင်ပေါ်ထွက်ကာ ဉာဏ်အလင်းကို ဆောင်ခဲ့ကြပါတယ်။ ဒါ့ကြောင့် ကမ္ဘာ့ဉာဏ်အလင်းဆောင်ချိန်ခေတ်ဟာ ဝိဇ္ဇာသိပ္ပံဘာသာရပ်များ ဟန်ချက်ညီညီ တစ်ပြိုင်နက် တိုးတက်ဖို့လိုတယ်ဆိုတာ သဘောပေါက်စေရမှာဖြစ်ပါတယ်။

မြန်မာပြည်မှာတော့ ၁၉၆၂ နောက်ပိုင်း ပညာရှင်များလည်း တိုင်းပြည်ကို စွန့်ခွာကတည်းက ပညာရေးအယူတိမ်းကာ စုပေါင်းတာဝန်ယူမူဆိုတဲ့ ရွှေရည်စိမ်အပေါ်ယံကြော ကြွေးကြော်သံကို အသံကောင်းဟစ်ကာ လက်တွေ့မှာတော့ ကြီးနိုင်ငယ်ညှဉ်းဝါဒ အထက်ဖားအောက်ဖိ အတွေးအခေါ် မလုပ်မရှုပ် မပြုတ်လမ်းစဉ်တွေပဲ ထွန်းကားလာပါတော့တယ်။ ဝိဇ္ဇာ ဘာသာတွေက မြောင်းထဲရောက်တယ်ဆိုရင် သိပ္ပံဘာသာတွေကလည်း လူတောမတိုးနိုင်တဲ့အဆင့်ပါ။ ကမ္ဘာ့အဆင့်မီ မြန်မာပြည်သားပညာရှင် လူငယ်လူလတ်ပိုင်းအချို့ဟာ နိုင်ငံတကာမှာ ရှိနေကြသေးတာဖြစ်လို့ ထိုပညာရှင်များ ပြန်လာနိုင်ဖို့ တိုင်းပြည်ထိပ်ပိုင်း တာဝန်ရှိသူများက ပညာရှင်များအား ဆွဲဆောင်တတ်ဖို့ လိုအပ်ပါတယ်။ တစ်ဦးချင်းကို အလေးပေးချဉ်းကပ်သင့်ပါတယ်။

ယနေ့ခေတ်မှာ ဥပဒေပညာရှင်၊ နိုင်ငံရေးသိပ္ပံသမိုင်းပညာရှင်၊ စီးပွားရေး ဘောဂဗေဒပညာရှင်စတဲ့ ဝိဇ္ဇာဘာသာပညာရှင်များ ထူးချွန်စွာ ပေါ်ထွက်ရေးအတွက် လက်ရှိပညာရေးစနစ်ကို ကုစားဖို့ အပူတပြင်းလိုအပ်နေကြောင်း အဓိက တင်ပြလိုပါတယ်။ မူလယ်ထက်ဆိုတဲ့ အခြေခံပညာကစပြီး ပြင်ရမှာပါ။ တစ်ပြိုင်နက်မှာပဲ အနှောင်အဖွဲ့ကင်းစွာ မက်လုံးပေး ဆွဲဆောင်မူကင်းစွာ မိဘအပါအဝင် အသိုင်းအဝန်းဖိအားကင်းစွာ လူငယ်များကို စိတ်ဝင်စားရာ ဝါသနာပါရာ တက္ကသိုလ်များကို လွတ်လပ်စွာ ရွေးချယ်တက်ရောက်ပေးဖို့လိုပါပြီ။ အသက် ၁၇၊ ၁၈ အရွယ်မှ ၂၀၊ ၂၃ အရွယ် အချိန် ၄ နှစ်မှ ၇ နှစ်ခန့် တက္ကသိုလ်မှာတက်နေစဉ် ပညာရေး၊ လူမှုရေးပန်းတိုင်သာမက နောင်ကြီးပြင်းလာတဲ့အခါ တို့ငယ်စဉ် တက္ကသိုလ်တက်စဉ်တုန်းက ဘယ်လိုဆိုတဲ့ လွမ်းမောဖွယ်ခံစားချက်ကိုပါ ရစေဖို့ လူငယ်တွေကို တိုင်းပြည်က အလေးထားစဉ်းစားပေးဖို့ပါ။ ဥပမာ အသက် ၇၄ နှစ် အထက်ရှိသူတွေဟာ ၁၉၄၈-၆၂ ပါလီမန်ခေတ်ပညာရေးမှာ ဥပစာဆိုတဲ့ Intermediate တန်း ၂ နှစ်အတွင်း တက္ကသိုလ်တက်နေစဉ် ဝိဇ္ဇာယူလိုက် သိပ္ပံယူလိုက် စိတ်ကြိုက်ပြောင်းယူခဲ့ကြတဲ့ အောက်မေ့ဖွယ်ခေတ်ရှိခဲ့ဖူးတာပါ။

ဝိဇ္ဇာ သိပ္ပံ အချိုးညီတိုးတက်စေဖို့ ၁၀ တန်း ဘာသာရပ်ထဲမှာ သိပ္ပံတွဲတွေကိုလည်း ရူပ၊ ဓာတု၊ ဇီဝသာမက ကွန်ပျူတာ၊ ဘူမိနှင့် သဘာဝပတ်ဝန်းကျင်ဘာသာ စသည်ဖြင့် ထပ်မံတိုးချဲ့နိုင်ပါက တိုးချဲ့သင့်သလို ဝိဇ္ဇာဘာသာတွဲများကိုလည်း တိုးချဲ့ပေးသင့်ပါတယ်။ နိုင်ငံရေးသိပ္ပံဘာသာ၊ ဥပဒေရေးရာအခြေခံဘာသာ၊ အာရှတိုက်သမိုင်း၊ အခြေခံဒဿနိကပညာ စတဲ့ ဘာသာတွဲများစွာတို့ကို တိုးချဲ့ပေးရပါမယ်။ ဖြစ်နိုင်ရင် ဒီဘာသာယူလို့ ထူးချွန်သူများကို မြန်မာပြည်မှာ ၂ နှစ်သင်ပြီး နိုင်ငံခြားမှာ ၂ နှစ်ပေး သင်မယ်ဆိုတာမျိုး စီစဉ်သင့်ပါတယ်။ အထက်တန်းဆင့်ရောက်မှ ဒီဘာသာတွေကို သင်တာမျိုးမဟုတ်ဘဲ အလယ်တန်းမှာကတည်းက အခြေခံကျကျ ထည့်သွင်းပေးရပါမယ်။ 

နိုင်ငံတချို့ရဲ့ အတွေ့အကြုံအရ ဘာသာရပ်နှစ်ခုကို အထက်တန်းအဆင့်ကျောင်းသားများအား မယူမနေရ သင်စေတဲ့ဘာသာများရှိပါတယ်။ တစ်ခုကတော့ The Government  အမည်ရှိတဲ့ ကိုယ့်တိုင်းပြည်အကြောင်း သင်ရတာဖြစ်ပါတယ်။ တိုင်းပြည်တစ်ခုရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အခြေခံကျကျရှင်းပြပြီးတော့ အခြေခံဥပဒေအရ ဖြစ်ပေါ်လာတဲ့ အာဏာပိုင်အဖွဲ့အစည်းအရပ်ရပ်၊ လွှတ်တော်အဆင့်ဆင့်နှင့် ၎င်းတို့ရဲ့ အာဏာများ၊ အာဏာခွဲဝေပုံအဆင့်ဆင့်၊ ဥပဒေပြုပုံ၊ တရားစီရင်ပုံ၊ လွှတ်တော်ကိုယ်စားလှယ်အမတ်များရွေးပုံ၊ အမတ်တို့ရဲ့ လုပ်ပိုင်ခွင့်၊ သမ္မတရဲ့အာဏာ၊ ပါတီများကို တည်ထောင်ခြင်း၊ ရွေးကောက်ပွဲများ၊ နိုင်ငံတော်ဝန်ကြီးအဖွဲ့၊ နိုင်ငံတော်လုံခြုံရေး၊ တပ်မတော်ရဲ့အခန်းကဏ္ဍ၊ ဥပဒေသက်ရောက်မှုနှင့် ရဲတပ်ဖွဲ့ စသည်တို့ကို လူငယ်များကို တိကျသေချာစွာ သင်ပေးဖို့လိုပါမယ်။

နောက်ဘာသာတစ်ခုကတော့ တိုင်းပြည်စီးပွားရေး Macro Economy ကို ကိုယ့်နိုင်ငံစီးပွားရေးအကြောင်း ဂဃနဏသိအောင် ကျယ်ပြန့်စွာသင်ပေးရမှာ ဖြစ်ပါတယ်။ ဗဟိုဘဏ်အလုပ်လုပ်ပုံ၊ တိုင်းပြည်သုံး ငွေကြေးဘယ်လိုပုံနှိပ်တယ်၊ လည်ပတ်တယ်၊ ငွေကြေးဖောင်းပွမှု၊ ငွေလဲနှုန်း၊ နိုင်ငံတကာဆက်ဆံမှု၊ အိမ်နီးချင်းနိုင်ငံများနဲ့ စီးပွားဆက်ဆံမူ၊ လူမှုစီးပွားအခြေအနေများ၊ အခြားတိုင်းပြည်ကိုထွက် အလုပ်လုပ်မှုအခြေအနေ၊ ပြည်တွင်းသွင်းကုန်ထုတ်ကုန်လုပ်ငန်းများ၊ ပြည်တွင်းပြည်ပလုပ်ငန်းရှင်များ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စသည်တို့ကို လူငယ်များကို မှန်ကန်တိကျပြီး ခေတ်မီမီတွေးခေါ်တတ်စေဖို့ အခြေခံကျကျ ပညာပေးရမှာဖြစ်ပါတယ်။

မယူမနေရဘာသာကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာအပြင် ဖော်ပြပါ ဘာသာနှစ်ခုကိုပါ ထပ်ဖြည့်ပါက ၅ ဘာသာဖြစ်လာပါမယ်။ ပြီးတော့မှ စိတ်ကြိုက် ဝိဇ္ဇာ သိပ္ပံဘာသာတွဲထဲက ၃ ခုဖြည့်ကာ ၈ ဘာသာစနစ်ဖြစ်လာရင် လက်ရှိကျောင်းအနေအထားနဲ့ ခက်ခဲနေပါမယ်။ ကျောင်းကို နိုင်ငံတော်က လုံးဝတာဝန်ယူနေရတဲ့ ဆိုရှယ်လစ်စနစ်ဆိုးမွေကို ပယ်ဖျက်ကာ ဈေးကွက်စီးပွားရေးနဲ့လိုက်လျောညီထွေရှိမယ့် စီးပွားရေးဆန်ဆန် ကျောင်းစနစ်ကို ပြုပြင်ဖို့လိုပါမယ်။ အထူးသဖြင့် တက္ကသိုလ်၊ကောလိပ်တွေက ပိုပြုပြင်ရပါမယ်။ ဆိုရှယ်လစ်ခေတ်ပညာရေးမှာ ဆရာတွေဟာ ကေဒါကောင်းတွေ ဖြစ်ဖို့လိုတယ်။ ကလေးတွေကို တေဇလူငယ်၊ ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ်အဖြစ် ပျိုးထောင်ရတာပါ။ ဒီခေတ်ကို ဖျက်သိမ်းပြီး ဘာနဲ့အစားထိုးမှာပါလဲ။

ပညာရေးဟာ အနည်းဆုံးတော့ do/don’t ဘယ်ဟာလုပ်မယ် ဘယ်ဟာမလုပ်သင့်ဘူးဆိုတဲ့ Moral Education စိတ်ဓာတ်ပိုင်းဆိုင်ရာ သင်ပေးခြင်းတော့ အနည်းဆုံးအဆင့် ဝန်ဆောင်မှု Service ပေးနိုင်ဖို့ လိုပါတယ်။ မဆလခေတ်မှ ယနေ့တိုင် ပျက်ပြားနေတဲ့ စိတ်ဓာတ်တစ်ခုကတော့ “ခွင်”ဆိုတဲ့ လုပ်ရပ်ပါ။ ဘယ်ဌာနမဆို ဘယ်လုပ်ငန်းမဆို Process ဝန်ဆောင်မှုအဆင့်ဆင့်ရှိပါတယ်။ ဝန်ဆောင်မှုတိုင်းမှာ လုပ်ပိုင်ခွင့်နဲ့ တာဝန်ယူမှုဟာ ဒွန်တွဲပါလာပါတယ်။ ဒါကိုအသုံးချပြီး နောင်အခါမှာ ခွင်ဆိုတာ ပေါ်ပေါက်လာခဲ့ပြီး တိုင်းပြည်နဲ့အဝန်း ပြင်လို့မရတော့ဘဲ လက်မြှောက်ထားရပါတယ်။ တစ်ဦးချင်းဝင်ငွေမြင့်တက်လာရင် အနည်းငယ်သက်သာလာမယ်လို့ မျှော်လင့်ရပါတယ်။ တိုးတက်တဲ့တိုင်းပြည် ပညာရေး အဆင့်မြင့်လာတဲ့နိုင်ငံတိုင်းမှာတော့ ခွင်ဟာ နည်းပါးလာပြီး လူတွေဟာ Process ကို သဘောပေါက်ကာ လုပ်တတ်ကိုင်တတ် ရှိလာပါတယ်။ ကျောင်းက အနည်းဆုံး ဒီအဆင့်ကိုတော့ လေ့ကျင့်ပေးသင့်ပါတယ်။ ဥပမာ - ကျောင်းတွေဟာ နွေရာသီအားလပ်တိုင်း ၉ တန်းအရွယ် ၁၅ နှစ် သားကလေးများကို ဌာနဆိုင်ရာ၊ ဆေးရုံ၊ ရဲစခန်း၊ တရားရုံး၊ စက်ရုံတွေမှာ လုပ်အားပေးလုပ်ခိုင်းပြီး လေ့ကျင့်ခြင်း အပါအဝင် စဉ်းစားဖွယ် လုပ်ဆောင်ချက်များကို လုပ်ဖို့လိုပါမယ်။

ကျောင်းဟာ အစိုးရကိုချည်းအားမကိုးဘဲ လွတ်လပ်စွာရပ်တည်ခွင့် အတွက်အချက် ၃ ချက် စဉ်းစားပါမယ်။ (၁) Structurally and organizationally independence ကျောင်းဖွဲ့စည်းပုံကအစ လုပ်ပိုင်ခွင့်ပေးဖို့လိုမယ်။ လိုအပ်သလို ဆရာကို အချိန်ပိုင်းခန့်တာကအစ ပြင်ပပညာရှင်ကို လုပ်အားပေးရှာဖွေတာ ဥပမာ အနည်းဆုံး အသက် ၇၀ ကျော် ပင်စင်စား ဆရာ၊ ဆရာမကြီးများကို တစ်နေ့ ၂ ချိန်ခန့် သင်ပေးဖို့စည်းရုံးခြင်း စသည်ဖြင့် စဉ်းစားရပါမယ်။ (၂) Financially independence ငွေကြေးရှာခြင်းထက် ပိုမိုကျယ်ပြန့်ပါတယ်။ ဆရာတွေကို ကျူရှင်ဆရာလို ဝင်ငွေရဖို့ ဘယ်လိုကြိုးစားမလဲ။ KG မှ ၅ တန်းအထိ ဂျပန်အကူအညီနဲ့ ခေတ်မီအောင်ပြုပြင်သော်လည်း ဆရာဝင်ငွေကို ဂျပန်လိုမြှင့်ပေးနိုင်ပါ့မလား။ (၃) Academically independence အဆင့်မြင့်ပညာရေးအတွက် ကမ္ဘာနဲ့ဆက်သွယ်ရပါမယ်။ အင်တာနက်သုံးခြင်း ကွန်ပျူတာ အစရှိတဲ့ ခေတ်မီဘာသာရပ်များအတွက် အကူအညီတောင်းခြင်းနှင့် ပညာရေးအတွက် အန်ဂျီအိုဝန်ဆောင်မှုပေးနိုင်မယ့် အဖွဲ့အစည်းများစွာနဲ့ ဆက်သွယ်ကာ အကူအညီရယူခြင်းတို့ကို လုပ်ဖို့လိုအပ်ပါတယ်။ အာရှ ဥရောပနဲ့ အမေရိကန်တို့ရဲ့ High School ပညာရေးကို လေ့လာရပါမယ်။ နောင်အခါ တက္ကသိုလ်ဝင်စာမေးပွဲ မရှိတော့တဲ့အခါ အထက်တန်းပညာရေးဟာ ပိုမိုအရေးပါလာရပါမယ်။

နိဂုံးချုပ်တင်ပြလိုတာက ပညာရေးပြောင်းလဲမှုဟာ အတွေးအခေါ်ပြုပြင်ရေး ဖြစ်ပါတယ်။ ခေတ်နောက်ကျခြင်းဟာ ဖြေရှင်းလို့ရပါတယ်။ တစ်ခါတစ်ရံ ခေတ်နောက်ကျကျန်ရစ်ခြင်း၊ မတိုးတက်ခြင်းဟာ တချို့အပိုင်းတွေမှာ အကောင်းမြင်ကြည့်ရင် လက်ခံလို့ရပါတယ်။ ဘာ့ကြောင့်ဆိုတော့ ရှေ့ကတိုးတက်သွားသူ ရှေ့ရောက်နေသူတွေရဲ့ အမှားကို သင်ခန်းစာယူလို့ ရပါသေးတယ်။ သူတို့အမှားတွေကို ရှောင်နိုင်သလို ပိုကောင်းမယ့်နည်းတွေကို ရှာဖွေကျင့်သုံးခွင့်ရတယ်လို့ ယူဆနိုင်ပါမယ်။ ယခုအချိန်ဟာ ပညာရေးပြောင်းလဲမှုတွေ စတင်နေပြီဖြစ်လို့ စဉ်းစားဖွယ် အချက်အလက်အချို့ကို တင်ပြလိုက်ပါတယ်။

တင်ဝင်းသိန်း (RIT 1977)၊ အောင်ကျော်စိုး (RIT 1980)
၂၀၁၈ ဩဂုတ်လ ၃၁ ရက်