News

POST TYPE

EDUCATION

အခြေမခိုင် သာခွေယိုင် ပညာရေး
01-Sep-2018
သြော် ... ဒါနဲ့စကားမစပ်။

၂၀၁၈/၂၀၁၉ ပညာသင်နှစ်မှာတော့ မူလတန်းကျောင်းကနေ အလယ်တန်းကျောင်းသစ်တစ်ကျောင်း တိုးမြှင့်ဖွင့်လှစ်လိုက်တဲ့သတင်းကို သတင်းစာထဲမှာ ဖတ်လိုက်ရတယ်။ ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် ရွှေလှေစုကျေးရွာလေးမှာပေါ့။ ကျောင်းရဲ့ဓာတ်ပုံကိုမြင်ရတော့ တကယ့်ကို စိတ်မချမ်းသာစရာ။ အလယ်တန်းစာသင်ဆောင်အဖြစ်လုပ်ထားတဲ့ အဆောက်အအုံကိုလည်း ကြည့်ကြဦး ပျက်စီးနေတာက ပိုးစိုးပက်စက်။ 

တိုင်က ဝါးပိုးဝါး၊ အကာက ပေါက်ပြဲနေတဲ့ ဝါးထရံ၊ အမိုးက သွပ်တွေကို ဝါးနဲ့ညှပ်ပြီး မိုးထားတာ၊ အဖီက ဓနိမိုး၊ အခင်းကမြေကြီး၊ စာသင်ခုံတွေက ခရိုခယိုင်။ ဒီလို အမိုးအကာမလုံခြုံဘဲ ပေါက်ပြဲ၊ ကျိုးပျက်၊ ယိုင်နဲ့နေတဲ့အဆောက်အအုံမှာ စာသင်နေရတဲ့ ကလေးတွေရဲ့ ရုပ်အခြေအနေနဲ့ စိတ်အခြေအနေ ဘယ်လောက်ညစ်နွမ်းနေမယ်ဆိုတာ စာနာကြည့်ကြပါ။ ပြီးတော့ ကျောင်းဝင်းပတ်လည်မှာ ရေကဝိုင်းနေသေးတယ်။ 

ဒီလိုကျောင်းမျိုးကို မူလတန်းကနေ အလယ်တန်းအထိ ကျောင်းအဆင့် တိုးမြှင့်ပေးတယ်ဆိုတော့ စဉ်းစားလို့ကိုမရဘူး။ ဘယ်လိုအချက်တွေကိုကြည့်ပြီး ကျောင်းအဆင့်တိုးခွင့်ပြုပေးကြသလဲလို့ တာဝန်ရှိသူတွေကို မေးကြည့်ချင်တယ်။ ကျောင်းအဆင့် တိုးပေးတယ်ဆိုတာ နှယ်နှယ်ရရမှမဟုတ်တာ။ အလယ်တန်းကျောင်းတစ်ကျောင်းမှာ ရှိသင့်တဲ့ အချက်အလက်တွေနဲ့ ရုပ်ပိုင်းဆိုင်ရာပစ္စည်းတွေ (Facts and Figures) ကိုက်ညီမှုရှိမှ အဆင့်ဆင့်စိစစ်ပြီး ပေးရတဲ့ဥစ္စာ။ အခုတော့ဗျာ... ကျောင်းအဆင့်တိုးရင် ပြီးရောဆိုပြီး ကပျစ်ကညစ် လုပ်လိုက်ကြတာပဲ။ (၂၀၁၈ ဩဂုတ် ၂၃ The Voice Daily)

ကျောင်းအဆင့်တိုးတော့မယ်ဆိုရင် စိစစ်ရမယ့်အချက်တွေ ထင်ထင်ရှားရှား ရှိနေတာပဲ။ 

- အလယ်တန်းကျောင်းတစ်ကျောင်းမှာ ရှိရမယ့် အနည်းဆုံး မြေနေရာ အကျယ်အဝန်း

- ကျောင်း၏ တည်နေရာနှင့် ဗဟိုအချက်အချာကျမှု

- ပတ်ဝန်းကျင်မှာရှိသော ကျေးရွာဦးရေနှင့် ခရီးအကွာအဝေး

- ကျောင်းမိသားစု အုပ်စုအတွင်းရှိ မူလတန်းကျောင်းဦးရေ

- ပတ်ဝန်းကျင် ကျေးရွာများမှ တက်ရောက်နိုင်မည့် ပဉ္စမတန်း ကျောင်းသား (အလယ်တန်းကျောင်းသား) ဦးရေ

- လက်ရှိကျောင်းတွင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမ ဦးရေနှင့် ရာထူး

- အလယ်တန်းကျောင်းသားများအတွက် စာသင်ဆောင်နှင့် စာသင်ခန်းလုံလောက်မှု ရှိ၊ မရှိ

- ပရိဘောဂ လုံလောက်မှု ရှိ၊ မရှိ

- သန့်စင်ခန်း ဦးရေ

စတဲ့ အချက်အလက်တွေကို အခြေခံကာ ကျောင်းအဆင့်တိုးပုံစံမှာ သက်ဆိုင်ရာကျောင်းအုပ်က ဖြည့်ပြီး စာရွက်စာတမ်း၊ ဓာတ်ပုံအထောက်အထားတွေနဲ့အတူ မြို့နယ်ပညာရေးမှူးရုံးကို တင်ရတာပဲ။ ဒါတင်ကပါ့မလား။ ကျောင်းအကျိုးတော်ဆောင်၊ ရပ်ရွာလူ့အဖွဲ့အစည်းနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံတင်ပြချက်တွေတောင် ပါရသေးတာ။ 

ဆိုရရင်... ကျောင်းအုပ်ကြီးက တင်ပြလာတဲ့ ကျောင်းအဆင့်တိုး လျှောက်လွှာမှာ ရေးသွင်းထားတဲ့ အချက်အလက်တွေ အမှန်တကယ် ဟုတ်မဟုတ်ကို မြို့နယ်ပညာရေးမှူးရုံးက မြေပြင်အနေအထားအတိုင်း ကွင်းဆင်းစိစစ်ရမယ်။ တွေ့ရှိချက်တွေကို အမှန်အတိုင်းရေးသားပြီး ခရိုင်ပညာရေးမှူးရုံးကို တင်ပြရမယ်။ ခရိုင်ပညာရေးမှူးရုံးကလည်း ကွင်းဆင်းစိစစ်ပြီး ပြည်နယ်/တိုင်းဒေသကြီး ပညာရေးမှူးရုံးတွေကို တင်ပြရမယ်။ တိုင်းပညာရေးမှူးရုံးတွေကလည်း ကွင်းဆင်းစိစစ်ပြီး ကျောင်းအဆင့် တိုးပေးသင့်၊ မသင့်ကို ထောက်ခံပြီး အခြေခံပညာဦးစီးဌာနကို တင်ရတယ်။ နောက်တော့ ပညာရေးဝန်ကြီးဌာန အလုပ်အမှုဆောင် (EC) အစည်းအဝေးကို တင်ပြပြီး ခွင့်ပြုချက်တောင်းရတာပဲ။ 

ဒီလောက်တောင် အဆင့်ဆင့်စိစစ်ပြီး ကျောင်းအဆင့်တိုးပေးပြီးခါမှ စာသင်ဆောင် ယိုယွင်းနေတာကို အခုမှ သိရလေတော့။ တာဝန်ရှိသူ အဆင့်ဆင့်က တကယ်အလုပ်မလုပ်ဘဲ ဝန်ကြီးဌာနကို လိမ်ညာပြီး တင်ပြခဲ့မှန်း သိသာလှတယ်။ ဒါတောင် ပဲခူးမြို့ခံတစ်ဦးက ရေဘေးကယ်ဆယ်ရေးသွားရင်း တွေ့ခဲ့လို့ စာသင်ဆောင်ပုံကို လူမှုကွန်ရက်ပေါ်တင်ခါမှ လူအများ သိရတာ။ နို့မို့ဆိုရင် တာဝန်ရှိသူတွေက ဘယ်လောက်ကြာအောင် ဖုံးကွယ်ထားမှန်းမသိ။ လူမှုကွန်ရက် ပေါ်လာတာကိုပဲ ကျေးဇူးတင်ရတော့မလို။ 

အခုလို ဟိုးလေးတကျော် လူတွေသိကုန်မှ ကျောင်းအင်္ဂါရပ်နဲ့ မညီဘဲ ပျက်စီးနေတဲ့ အလယ်တန်းကျောင်းကို အသစ်ပြန်ဆောက်ပေးမယ်လို့ ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးက စီမံဌာနအကြီးတန်းအရာရှိတစ်ဦးက ပြောသတဲ့။ ဒါက ဘူးပေါ်သလိုပေါ်လာခါမှ အချိုသတ်ပြီးပြောတဲ့ စကားမျိုးပဲ။ နဂိုကတည်းက သူတို့မသိဘူးလား။ ဖြစ်လာခါမှ ဟိုလူ့ကိုလွှဲချ၊ ဒီလူ့ကို လွှဲချသလိုမျိုး လုပ်တာကရှိသေး။ ထမင်းရည်ပူလာမှ လျှာလွှဲသလိုမျိုး လုပ်နေကြတာ။ 

ဒီကြားထဲ ပျက်စီးနေတဲ့စာသင်ဆောင်အတွက် ကျောင်းတာဝန်ရှိသူတွေက ပြင်ဆင်စရိတ်မတင်သလို အသစ်ဆောက်ဖို့ကိုလည်း မတင်လို့ဆိုပြီး သူများကို အပြစ်ပုံချသလိုမျိုးနဲ့ ဒု/ညွှန်မှူးဆိုသူက ပြောနေသေးတယ်။ ဒါဆို နောက်ဆုံး တာဝန်ရှိသူ အပြစ်ရှိသူက အဲ့ဒီကျောင်းက မူလတန်းကျောင်းအုပ်လား။ အထက်ကလူကြီးတွေမှာရော တာဝန်မရှိကြဘူးလား။ မေးစမ်းပါရစေ။ 

မြို့နယ်ပညာရေးမှူးရုံးက လက်ထောက်မြို့နယ် ပညာရေးမှူးတွေ၊ ဒု/မြို့နယ်ပညာရေးမှူးတွေက ဘာလုပ်နေကြသလဲ။ ကိုယ့်မြို့နယ်အတွင်းမှာရှိတဲ့ မူလတန်းကျောင်းတွေကို မစစ်ဆေးကြဘူးလား။ ဘယ်မူလတန်းကျောင်းရဲ့ စာသင်ဆောင် ကောင်းတယ်၊ မကောင်းဘူးဆိုတာ မသိကြဘူးလား။ အခုမြင်တွေ့နေရတဲ့ စာသင်ဆောင်က ဒီနှစ်ရောက်မှ ပျက်စီးတာ မဟုတ်လောက်ဘူး။ အရင့်အရင် နှစ်တွေကတည်းက စာသင်ဆောင်က နုံချာပျက်စီးနေတာပါ။ တကယ်လို့ မူလတန်းကျောင်းအုပ်က ပြင်ဆင်စရိတ်တင်ဖို့ မသိဘူး၊ နားမလည်ဘူးဆိုရင်တောင် အထက်လူကြီးတွေဖြစ်တဲ့ လက်ထောက်မြို့နယ်ပညာရေးမှူးတွေ၊ ဒုမြို့နယ် ပညာရေးမှူးတွေက တွန်းအားမပေးကြဘူးလား။ ဒါဟာ တာဝန်မဲ့ရာကျသလို တာဝန်ယူမှု၊ တာဝန်ခံမှုမရှိကြတာပဲ။ 

နောက်တစ်ချက်က ကျောင်းအဆင့်တိုး လျှောက်လွှာတင်တော့ လာပြီးစိစစ်တဲ့ မြို့နယ်ပညာအဖွဲ့၊ ခရိုင်ပညာအဖွဲ့နဲ့ တိုင်းပညာအဖွဲ့တွေကရော ဘာလုပ်နေကြသလဲ။ စာသင်ဆောင် ပျက်စီးနေတာကို မမြင်ကြဘူးလား။ ဒီစာသင်ဆောင်နဲ့ အလယ်တန်းကလေးတွေ ဘယ်လိုလုပ်ပြီး ပညာသင်ယူကြမှာလဲ။ မြင်နေရက်သားနဲ့ ကောင်းပါတယ်ဆိုပြီး အလိမ်အညာတွေနဲ့ တင်လိုက်ကြတာလား။ ဒါဆိုအားလုံးက ကလိမ်ကလည်တွေချည်းပဲပေါ့။ ဘာတွေရလို့ ဝိုင်းပြီးလိမ်ညာပေးနေရတာလဲ။ တွေးစရာတွေက အများသားလား။ 

အခုမှလာပြီး ဘတ်ဂျက်ကျမလာလို့ ဆောက်မပေးရသလိုလို လာပြောနေတာက ရှိနေသေး။ ဘတ်ဂျက်ကျတာ မကျတာက မြို့နယ်ပညာ၊ တိုင်းပညာက အလုပ်မဟုတ်။ ဘတ်ဂျက်ကိစ္စက ဝန်ကြီးဌာနရဲ့အလုပ်။ တကယ်တမ်းလုပ်ရမှာက ပျက်စီးနေတဲ့စာသင်ဆောင်ကို ပြင်ဆင်စရိတ်တင်ဖို့ တွန်းအားပေးရမှာက မြို့နယ်ပညာအလုပ်။ ပြင်ဆင်စရိတ်တင်ရာမှာလည်း ဦးစားပေးအဆင့်ထဲမှာ တင်ပြပေးရမှာက မြို့နယ်ပညာအလုပ်။

သတ်မှတ်အရည်အချင်း မကိုက်ညီတဲ့ မူလတန်းကျောင်းကို အလယ်တန်းကျောင်းအဆင့် တိုးမြှင့်ခွင့်မရအောင် စိစစ်ရမှာက မြို့နယ်၊ ခရိုင်နဲ့ တိုင်းပညာတွေရဲ့ အလုပ်မဟုတ်လား။ အခုတော့ဗျာ...။ အလယ်တန်းကျောင်း အဆင့်တိုးပြီး ကျောင်းသားတွေအတွက် စာသင်ဆောင်တို့၊ ပရိဘောဂတို့ မရှိမှတော့ ဘယ့်နှယ်လုပ်ကြမတုံး။ 

ပညာရေးစနစ်ကြီး ပြောင်းလဲအောင် ကြိုးပမ်းနေကြတယ်လည်း ပြောရဲ့။ အခုလိုလုပ်ရပ်တွေက ခေတ်ဟောင်းကအတိုင်း အရိုးစွဲပြီး တစ်သက်လုံး ကလိမ်ကကျစ်လုပ်နေလို့ကတော့ ပညာရေးစနစ်ကြီး ပြောင်းဖို့နေနေသာသာ ရွေ့ဖို့တောင်အခက်။ ဒီလို ပညာရေးဝန်ထမ်းတွေနဲ့ ခရီးဆက်နေလို့ကတော့ ဒီမိုကရေစီပညာရေးပန်းတိုင်နဲ့ ဝေးနေဦးမှာ မြင်ယောင်မိသေး။ 

တည့်တည့်ပြောရရင်။ တောအုံကျေးလက် (နယ်စပ်ဒေသအပါအဝင်) က စာသင်ကျောင်း အဆောက်အအုံတွေက ခြေခြေမြစ်မြစ်မရှိ။ ပညာရေးဝန်ထမ်းတွေရဲ့ တာဝန်ယူမှု၊ တာဝန်သိမှုစိတ်ဓာတ်က ယိုင်တိုင်တိုင်။ ဆိုတော့ကာ ရှေ့လျှောက် အခြေမခိုင် သာခွေယိုင်ပညာရေး ဖြစ်နေမှာကတော့ အသေအချာပါပဲဗျို့။

ကိုသောင်း (ပညာရေး)