News

POST TYPE

EDUCATION

ကလေးများကို စာဖတ်ဓလေ့ ပျိုးထောင်ပေးခြင်း
01-Sep-2018 tagged as



ကလေးများကို အောင်မြင်စေချင်လျှင် ကျောင်းစာဖတ်ရုံသက်သက် မကျေနပ်နေစေချင်ပါ။ အောင်မြင်မှု၏ အခြေခံကျသည့် အချက်မှာ အသိပညာ ဗဟုသုတဖြစ်သည်။ ပညာဗဟုသုတ ပြည့်ဝစေရန် ပြင်ပစာကိုလည်း များများဖတ်ခိုင်းရန် လိုသည်။ 

စာဖတ်နာလျှင် ပညာရေးမှာလည်း ထူးချွန် ပေါက်မြောက်အောင်မြင်နိုင်ပါသည်။ စာဆိုသည်မှာ ကျောင်းစာအပြင် အခြားလေ့လာစရာတွေ ရှိနေသေးကြောင်း ကလေးများကိုသင်ပေးစေချင်သည်။ စာများများဖတ်လျှင် စာလုံးစကားကြွယ်သည်။ အာရုံစူးစိုက်အားကောင်းလာသည်။ တွေးခေါ်အားကောင်းပြီး ပိုင်းဖြတ်ဝေဖန်ဆန်းစစ်နိုင်စွမ်းလည်း ပိုကောင်းလာသည်။ 

ထို့ကြောင့် ငယ်စဉ်ကတည်းက အိမ်တွင်လည်း ကလေးများဖတ်နိုင်မည့် အရုပ်များများ စာအုပ်လေးများကိုထားပေးပြီး စာအုပ်ကိုချစ်ခင်မြတ်နိုးလာစေရန် စတင်ပျိုးထောင်ပေးသင့်ပါသည်။ ကျောင်းများကလည်း ကျောင်းစာသက်သက်သင်ပြီး ပညာတတ်ကြီးများ ဖြစ်စေချင်နေသည့်အစွဲတွေကို ပြုပြင်သင့်ပြီထင်သည်။ 

မိဘများသည် ကလေးများကို စာဖတ်လာစေရန် အတူဖတ်ခြင်းများဖြင့် လက်တွဲခေါ်စေချင်သည်။ ကလေးများနှင့် အချိန်များစွာပေးပြီး စာအုပ်တွေကို အတူဖတ်ခြင်းဖြင့်လည်း စာပေကို မြတ်နိုးလာစိတ်များ ရင့်သန်လာစေနိုင်သည်။ စာဖတ်မှ စာကိုဆက်ဖတ်သွားအောင် လုပ်ဆောင်နိုင်ပါသည်။ စာကို ဆင့်ကဲဖတ်သွားစေရန်ဆိုသည်မှာ ပျိုးထောင်ရမည့် အလေ့အထတစ်ခုဖြစ်သည်။

ကလေးတိုင်းသည် မွေးကတည်းက စာဖတ်သည့်ဗီဇ ပါလာနိုင်မည်မဟုတ်ပါ။ စာဖတ်ပြီး စာအုပ်တွေကို မြတ်နိုးစေရန်ဆိုသည်မှာ ပြုစုလေ့ကျင့်ပေးရမည့် အလုပ်တစ်ခုလည်းဖြစ်သည်။ ကလေးများ စာဖတ်လာစေရန် ပြုစုပျိုးထောင်ပေးရာတွင် စာဖတ်ခြင်းသည် ပျင်းရိစရာကောင်းသည့် အလုပ်တစ်ခုမဟုတ်ကြောင်း၊ စာဖတ်ရန်မခက်ကြောင်း နည်းကောင်းလေးများ ညွှန်ပြရန်လည်း လိုသည်။ စာဖတ်ခြင်းကို မမြတ်နိုးဘဲ ပျင်းစရာကောင်းသည်ဟု ထင်နေသည့် အသိုင်းအဝိုင်းတွင်လည်း စာဖတ်ချင်သည့်ကလေးများ ပေါ်ထွန်းရန် မလွယ်ပါ။

ကလေးများ စာဖတ်လာစေရန် ပြုစုပျိုးထောင်ပေးနိုင်သည့် နည်းများရှိပါသည်

၁။ သူတို့ကို စာဖတ်နိုင်သည့် နေရာများ ဖန်တီးပေးပါ

ကလေးတွေကို သူတို့စာဖတ်နိုင်သည့် ငြိမ်းချမ်းသော နေရာလေးတစ်ခု ဖန်တီးပေးသင့်ပါသည်။ စားပွဲ၊ ကုလားထိုင်သီးသန့်၊ လဲလျောင်း၍ဖြစ်စေ သက်သောင့်သက်သာဖြင့် စာဖတ်နိုင်သည့်နေရာ၊ ကလေးဖတ်နိုင်မည် စာအုပ်များ၊ ကလေးများအတွက် စာဖတ်ခန်း သီးခြား စီစဉ်ထားပေးလျှင် ပိုကောင်းသည်။

၂။ အိမ်တွင်ဖြစ်စေ၊ ကျောင်းတွင်ဖြစ်စေ၊ လမ်းတွင်ဖြစ်စေ အားလျှင် အားသလိုဖတ်ပါစေ

ဂျပန်ကလေးတွေ ရထားပေါ်၊ ကားပေါ်လည်း စာဖတ်သည်။ လေ့ကျင့်ပေးထားခြင်းဖြစ်သည်။ ခေတ်သစ်တွင် ဖုန်းပွတ်ခြင်းထက် စာအုပ်ဖွင့်ဖတ်ခြင်း ၏အရသာ ကို ပေါ်လွင်အောင် ဖော်ဆောင်ပေးသင့်သည်။ စာအုပ်ကို မဖတ်သေးမီ ကလေးသည်ငယ်ပါက ကားပေါ်မှ ဆိုင်းဘုတ်များကို ဖတ်စေခြင်း၊ တွေ့သမျှ စာတန်းလေးတွေကို ဖတ်စေခြင်း၊ အဓိပ္ပာယ်ရှင်းပြစေခြင်းတို့မှာ စာဖတ်ဝါသနာ ပျိုးထောင်ပေးခြင်းဖြစ်သည်။

၃။ ဥပမာလေးတွေပေးပါ

ကိုယ်တိုင်လည်း ကလေးများရှေ့တွင် စံပြုလောက်အောင်နေပါ။ ထို့ပြင် ကလေးများ စံပြုလောက်သည့် ပုဂ္ဂိုလ်များအကြောင်းလေး သူတို့ နားလည်အောင် ဥပမာလေးတွေနှင့် ရှင်းပြပါ။ လူကြီးတွေ ကိုယ်တိုင်က ကလေးတွေရှေ့တွင် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ စာအုပ်တွေကို ဖတ်ပြနိုင်အောင် ကြိုးစားပါ။

၎။ စာတွေ့နှင့် လက်တွေ့ပေါင်းစပ်နိုင်ကြောင်း သက်သေပြပါ

စာဖတ်နေရုံနှင့် မပြီးပါ။ စာထဲက အချက်အလက်တွေကို အပြင်တွင် လက်တွေ့ကျကျ မည်သို့ပြန်လည်အသုံးချနိုင်သည်ဆိုခြင်းကို လက်တွေ့ပြနိုင်သည့် စံနမူနာများရှာပြီး လက်တွေ့သင်ပေးပါ။ လက်တွေ့လုပ်နိုင်သည်များ စာအုပ်တွေထဲတွင် ရှိနေကြောင်း အားကိုးနိုင်စရာပြောပြပါ။

၅။ စာဖတ်နိုင်ရန် စာအုပ်တွေရှိနေပါစေ

စာဖတ်ရန် အရေးအကြီးဆုံးမှာ စာအုပ်များ သူတို့ပတ်ဝန်းကျင်တွင် ရှိနေရမည်ဖြစ်သည်။ စာအုပ်တွေ မစီစဉ်ပေးထားဘဲ စာဖတ်ခြင်းကို စိတ်ဝင်စားအောင် မလုပ်ဆောင်နိုင်ပါ။ စာဆိုသည်မှာ ကျောင်းကသင်သည့် စာသက်သက်မဟုတ်ကြောင်း ကလေးများကို ကောင်းစွာသိပါစေ။

၆။ စာကြည့်တိုက်တွေကို ခေါ်သွားပေးပါ

ကလေးတွေအတွက် စာကြည့်တိုက်များတွင် စာငှားကတ်လေးတွေကို ကိုယ်ပိုင်ဖြစ်စေရန် လုပ်ပေးထားပါ။ စာကြည့်တိုက်ကိုခေါ်သွားပြီး စာအုပ်တွေကို မည်သို့ရှာရသည်၊ မည်သို့ငှားရသည်၊ မည်သို့ ပြန်အပ်ရသည် ဆိုသည့် အလေ့အကျင့်ကောင်းများကို ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်ပေးပါ။

၇။ သူတို့ဖတ်နေသည့်စာအုပ်အကြောင်း ပြောခိုင်းပါ

ကလေးတွေကို စာအုပ်တစ်အုပ် ဖတ်ပြီးတိုင်း သူတို့ဖတ်သည့် စာအုပ်အကြောင်း ပြောခိုင်းခြင်းသည် အကောင်းဆုံး လေ့ကျင့်ပေးနည်းဖြစ်သည်။ စာဖတ်စွမ်းရည်ကိုသာမက သူတို့၏ စကားပြောစွမ်းရည်ကိုလည်း ပြုစုပျိုးထောင်ပေးခြင်းဖြစ်သည်။

၈။ စာအုပ်အမျိုးမျိုး ရသအမျိုးမျိုး ခံစားခိုင်းပါ

ကလေးဆိုသည်မှာ အလွန်နုနယ်ပြီး ထိဆတ်လွယ်ပါသည်။ ကလေးဘက်ကတွေးပေးပြီး ဘာကြိုက်တတ်သည်ကို လေ့လာပေးပါ။ မြင့်လွန်းလျှင် စိတ်ပျက်သွားနိုင်ပါသည်။ သူ့အရွယ်နှင့် တန်သော စာအုပ်လေးတွေ ဖတ်ပါစေ။ အနုပညာရသမျိုးစုံ ခံစားနိုင်စေရန် စာစုံဖတ်ပါစေ။

၉။ အထောက်အပံ့ပေးပါ

ကလေးက သူဖတ်နေသည့် စာအုပ်ကို နားမလည်လျှင် ဝိုင်းဝန်းကူညီ ဖြေရှင်းပြောပြနိုင်သည့် လူကြီးများ ဖြစ်သင့်ပါသည်။ စာအုပ်တွေ ဝယ်ပေးထားပြီလျှင် ငါတို့တာဝန်ကျေပြီဟု မထင်ထားသင့်ပါ။ ဆရာရော မိဘတွေပါ သူတို့နှင့်အတူ စာဖတ်ပါ။

၁၀။ ညတိုင်းစာဖတ်ပါစေ

ညတိုင်း တစ်ချိန်ချိန်ကို သူတို့အတွက် ပြင်ပစာဖတ်ချိန်အဖြစ် သီးသန့်သတ်မှတ်ပေးပါ။ စာဖတ်ခြင်းမှာ ဝန်ထုပ်ဝန်ပိုးမဟုတ်။ စာဖတ်ခြင်းက အပန်းဖြေ နည်းတစ်နည်းဖြစ်ကြောင်း လေ့ကျင့်ပေးပါ။

E-01

(Ref: Oxford Learning)

  • TAGS