News

POST TYPE

EDUCATION

ယခုနှစ်လေးတန်းကျောင်းသားများ လာမည့်နှစ်တွင် သင်ရိုးသစ် Grade 6 တန်း တက်ရမည်
24-Aug-2018
ရန်ကုန်၊ သြဂုတ် ၂၃

ယခုပညာသင်နှစ်တွင် သင်ရိုးဟောင်းအတိုင်း သင်ယူနေသည့် စတုတ္ထတန်း (Grade 5) ကျောင်းသားများသည် လာမည့် ပညာသင်နှစ်တွင် သင်ရိုးသစ်ဖြင့် သင်ကြားမည့် ဆဋ္ဌမတန်း (Grade 6- သင်ရိုးသစ်အလယ်တန်းဆင့်) တက်ရမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနထံမှ သိရသည်။

ယခုနှစ်တွင် သင်ရိုးဟောင်းအတိုင်း သင်ယူနေသည့် ပဉ္စမတန်း (Grade 6) ကျောင်းသားများသည် စာမေးပွဲအောင်လျှင် ပုံမှန်အတိုင်း သင်ရိုးဟောင်း ဆဋ္ဌမတန်း (Grade 7) ကို ဆက်တက်ရမည်ဖြစ်ပြီး စာမေးပွဲကျလျှင်မူ သင်ရိုးသစ် ဆဋ္ဌမတန်း  Grade 6 ကိုသာ သင်ရမည်ဖြစ်သည်။

အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက “မြန်မာလိုပြောရင် ၄ တန်းကနေ ၆ တန်းကို ကျော်တက်သွားပြီး တစ်တန်းပျောက်သွားပြီ၊ ဟာ….. အတန်းတွေ ကျော်တက်နေပြီ၊ ဗမာပြည်ကတော့ တိုင်းပြည်ပျက်တော့မှာလို့ ပြောမှာ။ စတုတ္ထတန်းကနေ ဆဋ္ဌမတန်းကို ကျော်တက်သွားတာ မဟုတ်ဘူး။ Grade 5 (စတုတ္ထတန်း) ကနေ Grade 6 (သင်ရိုးသစ်) ကို ကူးမှာ”ဟု ပြောသည်။

သင်ရိုးဟောင်းအရ သူငယ်တန်းကို Grade 1၊ ပထမတန်းကို Grade 2၊ တတိယတန်းကို Grade 3၊ နဝမတန်းကို Grade 10၊ ဒသမတန်းကို Grade 11 ဟု သတ်မှတ်သည်။ သင်ရိုးသစ်တွင်မူ သူငယ်တန်းကို KG၊ ပထမတန်းကို Grade 1၊ ဒုတိယတန်းကို  Grade 2၊ တတိယတန်းကို Grade 3၊ ၁၁ တန်းကို Grade 11၊ ၁၂ တန်းကို Grade 12 ဟု ပြောင်းခေါ်ခြင်းဖြစ်သည်။

သင်ရိုးလေ့လာဆန်းစစ်မှုများ လုပ်ကိုင်နေသည့် တက္ကသိုလ် မြန်မာစာဆရာတစ်ဦးက “သင်ရိုးသစ် Grade 6 က အခု နှစ် ၄ တန်းအောင်တဲ့ ကလေးတွေ အတွက်ပါ။ နားလည်အောင်ပြောရရင် သင်ရိုးသစ် Grade 6 ဆိုပေမယ့် လက်ရှိ သင်ရိုးဟောင်း ၅ တန်းပါပဲ”ဟု ပြောကြားသည်။

ယခုနှစ်မေလ လယ်ပိုင်းက ပြုလုပ်သည့် ကျောင်းအပ်နှံရေးလုပ်ငန်း လမ်းညွှန်ရာတွင် ယခုနှစ် စတုတ္ထတန်း (Grade 5) ကျောင်းသားများသည် လာမည့်နှစ်တွင် သင်ရိုးသစ် Grade 6 ကို တက်ရမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးက ဆရာ၊ ဆရာမများကို ပြောကြားခဲ့သေးသည်။

ဆဋ္ဌမတန်းချင်း တူနေပြီး (Grade သတ်မှတ်ချက် ကွာခြားသော်လည်း) သင်ရိုးသစ်၊ သင်ရိုးဟောင်းကွဲနေသောကြောင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား မိဘများကြား အငြင်းပွားနိုင်သဖြင့် လာမည့်နှစ်မှစ၍ ကျောင်းသုံးဖတ်စာအုပ်များတွင် မြန်မာစာဖြင့်ရေးသည့် အတန်းသတ်မှတ်ချက်များကို ဖြုတ်ပစ်တော့မည်ဖြစ်ကြောင်း ဝန်ကြီးက အသိပေးခဲ့သေးသည်။

အခြေခံပညာတွင် သင်ရိုးသစ်ပြောင်းလဲမှုကို ၂၀၁၆ ခုနှစ်က KG (သူငယ်တန်း) ကို စတင်ခဲ့သည်။ တစ်နှစ်ချင်း ပြောင်းလဲခဲ့ရာ ယခုပညာသင်နှစ်တွင် ဒုတိယတန်း Grade 2 ကို သင်ရိုးသစ်ဖြင့် ပြောင်းလဲခဲ့သည်။ လာမည့်နှစ်တွင်Grade 3၊ Grade 6 ပြောင်းလဲမည်ဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် Grade 5၊ Grade 8၊ Grade 12 နှင့် ၂၀၂၂ ခုနှစ်တွင် Grade 9၊ Grade 11 တို့ကို ပြောင်းလဲမည်ဖြစ်သည်။

ယင်းကြောင့် စနစ်သစ်ပညာရေးတွင် KG မှ Grade 12 အထိ ရှိလာမည်ဖြစ်သည်။

J-19



  • VIA