News

POST TYPE

EDUCATION

တဂိုး၏ ပညာရေးဒဿနကို ဆန်းစစ်ခြင်း
18-Aug-2018



အိန္ဒိယနိုင်ငံမှ နိုဘယ်ဆုရှင် စာပေအနုပညာရှင်ကြီး ရာဘင်ဒြာနသ် တဂိုးသည် ပညာရေးကိုလည်း အလွန်စိတ်ဝင်စားသူတစ်ဦးဖြစ်သည်။ သူ၏ ပညာရေးဆိုင်ရာဒဿနကို လေ့လာသုံးသပ်ကြည့်လျှင် အဓိက အကြောင်းချင်းရာ လေးရပ်ကိုတွေ့ရမည် ဖြစ်သည်။ ယင်းတို့မှာ (၁) လွတ်လပ်ခြင်း (၂) မိမိ ခံစားချက်များကို ထုတ်ဖော်ပြသနိုင်ခြင်း (၃) သဘာဝနှင့် လူသားကြားတွင် ဟန်ချက်ညီစွာ လုပ်ဆောင်နိုင်ခြင်း (၄) နိုင်ငံတကာစိတ်ဓာတ်မျိုး မွေးမြူနိုင်ခြင်းတို့ ဖြစ်သည်။

တဂိုးလက်ခံသည့် လွတ်လပ်ခြင်းဆိုသည်မှာ ကလေးတစ်ဦးတွင် သူ့ကိုယ်ပိုင်ခံစားချက်များ ဖြစ်တည်လာရေး ဖြစ်သည်။ ကလေးဆိုသည်မှာ ကောင်းကင်၌ ပျံသန်းနေသည် စွန်တစ်ကောင်ကိုကြည့်ပြီး သူ့လို ပျံသန်းလွတ်လပ်ချင်စိတ်များ ဖြစ်ပေါ်လာနိုင်ရမည်။ ယင်းသည် ကလေးသဘာဝဖြစ်သည်။ ကလေးကို ဖိနှိပ်ချုပ်ချယ်ထားခြင်းသည် သဘာဝမကျ။ ကလေးပီပီ လွတ်လပ်စွာ ပျော်ပါးကစားလိုစိတ်ရှိခြင်းကို အသိအမှတ်ပြုရမည်။

ကလေးတစ်ယောက်၏ စိတ်ထဲတွင် သဘာဝကို သဘာဝကျကျ ခံစားတတ်စေရန် အရေးကြီးသည်။ ကျောင်းစာအုပ်ထက် သဘာဝစာအုပ်ကို ဖတ်နိုင်ရန် ဦးစားပေးရမည်။ ပညာရေးဆိုသည်မှာ သူ့ကိုယ်ပိုင် အဓိပ္ပာယ်ရှိပြီးသားဖြစ်သည်။ ပညာရေးနှင့် လွတ်လပ်ခြင်းတို့သည် ဒွန်တွဲနေသည်။ လွတ်လပ်စွာခံစားနိုင်မှုရှိမှ ကလေး၏ အတွေးအမြင်များ တိုးတက်ပြီး ပညာသင်ကြားရာတွင်လည်း တိုးတက်မှုရှိနိုင်သည်။

ကလေးဆိုသည်မှာ သစ်ပင်လေးတစ်ပင်လို ဖြစ်သည်။ သစ်ပင်တစ်ပင်သည် မြေကြီးထဲတွင် စိုက်ပျိုးထားလျှင် ပတ်ဝန်းကျင်က ရေ၊ လေ၊ မြေတို့ကို စုပ်ယူ စားသုံးပြီး အသက်ရှင်ရသည်။ ရေ၊ လေ၊ မြေတို့သည် အပင်တစ်ပင် ကြီးထွားသန်မာရေးအတွက် ဝန်းကျင်ဖြစ်သည်။ အလားတူပင် ကလေးတစ်ယောက်အတွက်လည်း သူ့ကိုဖွံ့ဖြိုးတိုးတက်စေနိုင်မည့် ပတ်ဝန်းကျင် သဘာဝအထောက်အပံ့များ လိုအပ်သည်။ သစ်ပင်တစ်ပင်အတွက် ဘာတွေလိုအပ်ကြောင်းကိုပင် မသိသူ တစ်ဦးအတွက် ကလေးတစ်ယောက်ကို ဖြစ်မြောက်အောင် ပျိုးထောင်နိုင်ရန် မဖြစ်နိုင်ပါ။

ဆရာတစ်ယောက်သည် ကိုယ်တိုင်က လေ့လာသင်ယူနေသူတစ်ဦး ဖြစ်ရန်လိုသည်။ ကိုယ်တိုင် မလေ့လာ မတတ်မြောက်ထားလျှင် သင်ရန်မဖြစ်နိုင်ပေ။ ဖယောင်းတိုင် တစ်တိုင်မှ အခြားတစ်တိုင်သို့ အလင်းရောင်ပေးရန်အတွက် မီးကူးပေးလိုလျှင် ကိုယ်တိုင် မီးရှိသည့် ဖယောင်းတိုင်ဖြစ်ရန်လိုသည်။ ကိုယ်ပိုင်မီးနှင့် ကိုယ်ပိုင် အလင်းရှိမှ သူတစ်ပါးကို ထွန်းတောက်အောင် လုပ်ပေးနိုင်မည်။

ကလေးတစ်ယောက်ကို သင်လိုသူတိုင်းက ကလေးတစ်ယောက်၏ စိတ်ထဲကို ဝင်ရောက်ခံစားကြည့်တတ် ရန်လိုသည်။ လူတိုင်း ကလေးဖြစ်ခဲ့ကြပါသည်။ ကလေးတစ်ယောက်လို ဝင်ရောက်မခံစားနိုင်စရာ အကြောင်းမရှိပါ။ သူ့ကို ဤသို့ အလုပ်ပေးလိုက်လျှင် လုပ်နိုင်၊ မလုပ်နိုင်ဆိုသည်မှာ သူ့နေရာက ကိုယ်တိုင် ဝင်ရောက် မခံစားပေးပဲ မဖြစ်နိုင်ပါ။ စာသင်ရာတွင် ကိုယ်ချင်းစာစိတ်သည် အရေးကြီးသည်။ ကိုယ်ချင်းစာစိတ် မရှိလျှင် စာမသင်သင့်ပါ။

ဆရာဆိုသည်မှာ စည်းကမ်းတွေချမှတ်ပြီး မျက်နှာကြောတင်းတင်းနှင့် တုတ်ထောင်ပြီး တင်းကျပ်ရမည့်သူများ မဖြစ်သင့်ပါ။ ဆရာသည် မျှဝေသူ၊ ပေးဆပ်သူများသာဖြစ်ရမည်။ ဆရာဟူသည် အာဏာရှင် ဟု အထင်ခံရန် မဟုတ်ပါ။ ကလေးကို အာဏာဖြင့် ကြောက်အောင် ဖိနှိပ်ချုပ်ချယ်ပြီးသင်မှ တတ်မြောက်မည်ဟု ထင်နေလျှင် အာဏာရှင်ပညာရေးကို အကောင်အထည်ဖော်သူဖြစ်ပေလိမ့်မည်။

မိမိတို့သင်ပေးနေသည်မှာ ကလေးများဖြစ်သည်ကို မမေ့ထားသင့်ပါ။ သူတို့ကို ရှင်းလင်းအောင် မပြောနိုင် မသင်နိုင်ပဲ တတ်မြောက်မည်မထင်ပါ။ ကလေးတစ်ယောက်သည် မျောက်တစ်ကောင်မဟုတ်ပါ။ ကလေးကို မျောက်လို ခုန်တတ်အောင် သင်ကြားနိုင်ခြင်းကို ပညာပေးခြင်းဟု မမြင်သင့်ပါ။ တွေးခေါ်မြော်မြင်၊ စဉ်းစားဆင်ခြင်၊ ဝေဖန်ပိုင်းဖြတ်တတ်အောင်သင်နိုင်မှ ပညာဖြစ်ပါသည်။

တဂိုးက အသိဉာဏ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးတစ်ခုတည်းဖြင့် မရနိုင်ဟုဆိုသည်။ လူတစ်ယောက် အသိဉာဏ်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ဘက်စုံမသိနိုင်ပါ။ လူတစ်ယောက်သည် ဘာသာစုံမတတ်။ ဘာသာ အမျိုးမျိုးဖြင့် မခံစားနိုင်ပါ။ ထို့ကြောင့် ကိုယ်တတ်ထား၊ နားလည်ထားသည်ကို ကောင်းစွာ အသုံးချပြီး ခံစားမှုကို ဖော်ထုတ်တတ်ရန် အရေးကြီးသည်။ သူဆိုလိုသည်က အင်္ဂလိပ်လို မတတ်သဖြင့် အင်္ဂလိပ်လို မဖန်တီး မဖော်ထုတ်နိုင်ဟု ပြော၍မရပါ။ ကိုယ်တတ်သည့်ဘာသာ၊ ကိုယ်ပြောသည့်ဝန်းကျင်နှင့် အံဝင်ခွင်ကျ ဖြစ်စေရန် ဖန်တီးနိုင်ရေးကလည်း အရေးကြီးသည်။ သူက သဘာဝအတိုင်းခံစား၊ သဘာဝအတိုင်း ဖန်တီးခိုင်းခြင်းကို သင်ကြားပေးခြင်းမှာ အကြောင်းမဲ့ မဟုတ်ပါ။

သဘာဝအတိုင်း ရှုမြင်ခံစားနိုင်ရန် အရေးကြီးသည်။ သဘာဝအလှ၊ အရောင်၊ အသံ၊ ပုံသဏ္ဍာန်တို့ကို ကလေးများအား ခံစားနိုင်ရန် ဖန်တီးပေးရမည်။ ကလေးတွေကို စာသင်ခန်းထဲတွင် ပိတ်လှောင်ထားခြင်းထက် သဘာဝပတ်ဝန်းကျင်ထဲတွင် လွတ်လပ်စွာ ခံစားခွင့်ပေးပြီး သင်ကြားနိုင်ရန် အလေးပေးရမည်ဆိုခြင်းမှာ ယနေ့ အောင်မြင်နေသည့် ဖင်လန်နိုင်ငံ၌ ကျင့်သုံးနေသော ပညာရေးစနစ်အတိုင်းဖြစ်သည်။ 

သဘာဝနှင့် နီးစပ်အောင် နေထိုင်ခွင့်ပေးခြင်းသည် ကလေးများကို ဘုရားသခင်နှင့် နီးစပ်အောင် ပြုလုပ်ပေးခြင်းဖြစ်သည်။ ထို့ကြောင့် ကလေးတွေကို စာအုပ်နှင့် မတုပ်နှောင်ပါနှင့် သဘာဝထဲတွင် ပျော်မွေ့အောင် နေထိုင်ခွင့်ပေးပါဟု တဂိုးကဆိုသည်။ ယင်း သဘောတရားသည် အောင်မြင်နေသည့် ဖင်လန်ပညာရေးစနစ်နှင့် အတူတူပင်ဖြစ်သည်။ 

တဂိုးသည် လူသားအချင်းချင်း ငြိမ်းချမ်းခြင်းနှင့် ပေါင်းစည်းညီညွတ်ခြင်းကို မြတ်နိုးတန်ဖိုးထားသူ ဖြစ်သည်။ ထို့ကြောင့်လည်း သူကိုယ်တိုင် နိုင်ငံတကာ တက္ကသိုလ်ကြီးတစ်ခုကို ထူထောင်ခဲ့ခြင်းဖြစ်သည်။ သူက လူမျိုး၊ ဘာသာ၊ အသားအရောင် ခွဲခြားမှုကို မနှစ်သက်သူဖြစ်သည်။ လူသားတိုင်း စိတ်နှလုံးချင်း ပေါင်းစပ်ဆက်သွယ်နိုင်မှုကို အလေးထားသည်။ ပညာရေးဆိုသည်မှာ ကွဲပြားခြားနားခြင်းမရှိ။ အားလုံး တန်းတူညီမျှ ရယူခံစားခွင့်ရှိသည်။ ကွဲပြားခွဲခြားခြင်းမရှိသော ပညာဆိုသည့် အရိပ်တစ်ခုတည်းအောက်သို့ အားလုံး ညီညွတ်စွာ ခိုလှုံနိုင်မှ လူသားဘဝ ဖွံ့ဖြိုးတိုးတက်နိုင်မည်။

(Ref: Rabindranath Tagore’s Educational Philosophy)