News

POST TYPE

EDUCATION

ကမ္ဘာ့တက္ကသိုလ်များ စကားစစ်ထိုးပြိုင်ပွဲ
18-Aug-2018



World Universities Debating Cham- pionship (WUDC) ပြိုင်ပွဲသည် ကမ္ဘာ့အကြီးဆုံး စကားစစ်ထိုးပွဲကြီးတစ်ခုအဖြစ် ထင်ရှားသည်။ ကမ္ဘာ့နိုင်ငံအသီးသီးမှ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်လေ့ရှိသည့် ဂုဏ်သိက္ခာရှိသော ပွဲတစ်ပွဲလည်းဖြစ်သည်။ 

ဗြိတိန်နိုင်ငံ ပါလီမန်စကားစစ်ထိုးပွဲပုံစံအတိုင်းဆိုလျှင် တစ်သင်းလျှင် နှစ်ယောက်နှုန်းဖြင့် လေးသင်းယှဉ်ပြိုင်ရပြီး၊ အမေရိကန်ပါလီမန် စကားစစ်ထိုးပွဲ ပုံစံအတိုင်းဆိုလျှင် တစ်သင်းလျှင် နှစ်ယောက်နှုန်းဖြင့် နှစ်သင်းယှဉ်ပြိုင်ကြရသည်။ 

နှစ်စဉ် ထိုပြိုင်ပွဲကို ကမ္ဘာ့တက္ကသိုလ်များမှ လက်ရွေးစင်များ စေလွှတ်ကြသည်။ ပဏာမရွေးချယ်ခြင်းကို တက္ကသိုလ်များ စကားစစ်ထိုးပွဲကောင်စီ Universities Debating Council (UDC) က ကြီးမှူးဆုံးဖြတ်သည်။ ကမ္ဘာ့အဆင့်ပြိုင်ပွဲအနေနှင့် ကျင်းပခြင်းဖြစ်သဖြင့် နောက်ဆုံး အနိုင်ရဗိုလ်စွဲသူများကို ကမ္ဘာ့ချန်ပီယံအဖြစ် သတ်မှတ်ပေးလေ့ရှိသည်။

နောက်ဆုံးကျင်းပခဲ့သည့် WUDC ပွဲကို ၂၀၁၈ ခုနှစ်က မက္ကဆီကိုမြို့တော်တွင် ကျင်းပခဲ့သည်။ လက်ရှိ ကမ္ဘာ့စကားစစ်ထိုးပွဲ ချန်ပီယံများအဖြစ် သတ်မှတ်ထားခြင်း ခံရသူများမှာ ဟားဗတ်တက္ကသိုလ်မှ ဒန်နီရယ် ဒီဘွိုက်စ်နှင့် အာချီဟောတို့ဖြစ်သည်။ 



နောက်ဆုံးအဆင့်ပြိုင်ပွဲကို ခရစ္စမတ်နေ့ပြီးချိန်က စတင်ကျင်းပလေ့ရှိသည်။ ၂၀၁၈ ခုနှစ်ပွဲအတွက် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျင်းပသည်။ သုံးရက်အတွင်း စကားစစ်ထိုးပွဲ ၉ ပွဲ ကျင်းပခဲ့သည်။ ရှုံးထွက်ပွဲစဉ်ကို ဇန်နဝါရီလ ၂ ရက်နေ့တွင် ကျင်းပခဲ့သည်။ နောက်ဆုံးဖိုင်နယ်ပွဲကို ဇန်နဝါရီ ၃ ရက်နေ့တွင် ကျင်းပသည်။ 

WUDC ပွဲကို ၁၉၈၁ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ်အတွက် မက္ကဆီကို နိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပပြီး၊ ၂၀၁၉ ခုနှစ်တွင် တောင်အာဖရိကနိုင်ငံ ကိတ်တောင်းတက္ကသိုလ်၌ ကျင်းပရန် သတ်မှတ်ထားသည်။ 

ယခုနှစ် ချန်ပီယံနှစ်ဦးဖြစ်သည့် ဒီဘွိုက်စ်သည် အသက် ၁၈ နှစ်ဖြစ်ပြီး အာချီဟောသည် ၂၀ နှစ် ဖြစ်သည်။ သူတို့နှစ်ဦးသည် ရာနှင့်ချီသည့်ပြိုင်ဘက်များကို ဖြုတ်ခဲ့ပြီးမှ နောက်ဆုံးအောင်ပွဲကို ရရှိခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သော ၅ နှစ်အတွင်း နိုင်ငံတကာ စကားစစ်ထိုးပွဲ၌ ဟားဘတ်တက္ကသိုလ်အတွက် ပထမဆုယူပေးခဲ့သော တတိယမြောက်အသင်းလည်းဖြစ်သည်။ 

မက္ကဆီကိုမြို့တွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့မှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့အထိ ကျင်းပသော ကမ္ဘာ့အဆင့် စကားစစ်ထိုးပွဲတွင် ကမ္ဘာ့နိုင်ငံ ၉၀ ခန့်က ပြိုင်ပွဲဝင်အသင်းပေါင်း ၃၀၀ ခန့် ဝင်ပြိုင်ခဲ့ကြသည်။ 

ဟားဗတ်ကောလိပ်စကားစစ်ထိုးပွဲသမဂ္ဂမှ မက္ကဆီကိုသို့ စေလွှတ်သည့် အသင်းလေးသင်းတွင် သူတို့နှစ်ယောက်က အသင်းတစ်သင်းအနေနှင့် ပါဝင်ခဲ့သည်။ နောက်ဆုံးပြိုင်ပွဲကို သူတို့နှစ်ဦးနှင့် ပရင့်စ်တန်တက္ကသိုလ်အသင်းမှ နှစ်ယောက်ယှဉ်ပြိုင်ရပြီး ဒိုင်များက ၅ မဲ ၄ မဲဖြင့် သူတို့ကို မဲပေးကာ အနိုင်ပေးခဲ့ခြင်း ဖြစ်သည်။ 

ဥရောပလူငယ် စကားစစ်ထိုးပွဲ European Youth Debating Competition (EYDC) ကိုလည်း ၂၀၁၈ ခုနှစ်တွင် ကျင်းပရန် စီစဉ်ထားသည်။ EYDC ပွဲကို ဥရောပတိုက်နိုင်ငံများမှ ကျောင်းသား ၅၀၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ၂၀၁၈ ခုနှစ် ဧပြီလက စတင်ကျင်းပခဲ့ပြီး အောက်တိုဘာလတွင် အဆုံးသတ်မည်ဖြစ်သည်။ ထိုပွဲသို့ အသက် ၁၆ နှစ်မှ ၁၉ နှစ်အတွင်း တက္ကသိုလ်နှင့် ကျောင်းများမှ ကျောင်းသားများ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ European Finals 2018 ကို အောက်တိုဘာလ ၈ ရက်နေ့တွင် ဗီယင်နာမြို့၌ ကျင်းပမည်ဖြစ်သည်။ 

EYDC ပွဲသည် လူငယ်များကို ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်သည်။ လူငယ်တို့အနေနှင့် စကားစစ်ထိုးခြင်းအတွေ့အကြုံသစ်ကို ရရှိနိုင်ရုံမက မိမိတို့စိတ်ထဲတွင် ဖြစ်ပေါ်လာသည့် ခံစားချက်များကို ဖော်ထုတ်ပြသနိုင်ရန်လည်း ရည်ရွယ်ကျင်းပပေးခြင်းဖြစ်သည်။ 



လူငယ်ကျောင်းသားတို့ကို ပြောခိုင်းသည့် အကြောင်းအရာများကလည်း စက်မှုခေတ်ပြောင်းတော်လှန်ရေး ခေတ်သစ်နှင့် လူငယ်မျိုးဆက်သစ်တို့၏ အခန်းကဏ္ဍ စသည်တို့ဖြစ်သည်။ သူတို့ လေ့လာသိရှိထားသည်များကို လွတ်လပ်ပွင့်လင်းစွာ ထုတ်ဖော်ပြောကြရသည်။ 

ယခုနှစ်အတွက် သတ်မှတ်ထားသည့် ခေါင်းစဉ်များမှာ “စမတ်စီးတီး” ဆိုသည့် ခေတ်မီသည့်မြို့ပြများ တည်ဆောက်ခြင်းဆိုင်ရာ သဘောတရားများဖြစ်သည်။ အနာဂတ်စမတ်စီးတီးများကို တည်ဆောက်ရာတွင် ပလတ်စတစ်နှင့် ဓာတုပစ္စည်းများ ရှိသင့်သည်၊ မရှိသင့်ဆိုသည့် အပြန်အလှန်စကားစစ်ထိုးမှုများကို ရင်ဆိုင်ကြရမည်ဖြစ်သည်။

လူငယ်များအနေနှင့် ဆွေးနွေးရမည့်အကြောင်းအရာများတွင် စမတ်စီးတီးဆိုသည့် မြို့ပြများထူထောင်ရာ၌ ပြုပြင်ပြောင်းလဲရမည့် အခက်အခဲများ၊ သုံးစွဲကြရမည့်ပစ္စည်းများ၊ ဒရုန်းယာဉ်များကို သုံးစွဲခြင်း၏ အကျိုးဆက်၊ ပညာရေးသည် လက်ရှိအနေအထားအတိုင်း ဆီလျော်နိုင်မည်လား၊ အိုးအိမ်အဆောက်အအုံများကို ပလတ်စတစ်ကင်းစင်စေရန် မည်သို့ပြုလုပ်ကြမည်နည်း၊ ကားနှင့် ယာဉ်များ မောင်းနှင်ရန် လောင်စာများကို မည်သို့ပြုပြင်ပြောင်းလဲသင့်သနည်း စသည့်အကြောင်းအရာများကို သူတို့ ဆွေးနွေးငြင်းခုံကြရမည်ဖြစ်သည်။

EYDC ပွဲသည် လူငယ်များကို လွတ်လပ်ပွင့်လင်းစွာ ဖွင့်ပေးထားသည့်အတွက် စိတ်ဝင်စားမှုအများဆုံးရရှိသည့် လူငယ် စကားစစ်ထိုးပွဲကြီးတစ်ခုလည်း ဖြစ်သည်။

E-01

(Ref: Plastics Europe, The Harvard Crimson)