News

POST TYPE

EDUCATION

အိန္ဒိယ ပညာရေးစနစ်ကို ဆန်းစစ်ခြင်း
11-Aug-2018



ပညာရေးဆိုသည်မှာ ဘဝကို ဖြတ်သန်းနိုင်ရေးအတွက် အထောက်အပံ့ကောင်းတစ်ခုအနေနှင့် လေ့လာသင်ကြားရန်ဖြစ်သည်။ ပညာရေးဆိုသည်မှာ အရေး၊ အဖတ်၊ အတွက်ဆိုသည့် သဘောထက်ပိုပါသည်။ ပညာရေးသည် လူတစ်ယောက်ကို ပြင်ပလောကကြီးနှင့် ထိတွေ့နိုင်စေရန် ပြင်ဆင်ပေးသည့်သဘောလည်း ဆောင်ပါသည်။ ပညာတတ်ထားသူတစ်ဦးသည် လောကအခက်အခဲပေါင်း များစွာကို ရင်ဆိုင်ကျော်လွှားဖြေရှင်းနိုင်မည်ဆိုသည့်သဘောဖြင့် သင်ကြားလေ့လာခဲ့ကြသည်။ 

ပညာရေးဆိုသည်မှာ ကျောင်းတွင် ရပ်နားထားခဲ့သင့်သည့်ကိစ္စမဟုတ်ပါ။ ကျောင်းပြီးပြီဟု ပြောလျှင် ပညာလည်း ဆုံးခန်းတိုင်သွားပြီဟု မမှတ်ယူစေလိုပါ။ ပညာရေးဆိုသည်မှာ ဘဝတစ်သက်တာရှာပြီးသင်ယူ လေ့လာနေရမည့်ကိစ္စဖြစ်ပါသည်။ ပညာရေးဆိုသည်မှာ အခြေခံတတ်သင့်သည့် ပညာများကို တတ်မြောက်ရေး၊ နည်းပညာကို ရယူသုံးစွဲနိုင်ရေး၊ ဖိအားများကြားတွင် လုပ်ဆောင်နိုင်ရေး၊ အချိန်ကို စနစ်တကျ စီမံခန့်ခွဲနိုင်ရေး၊ ပဋိပက္ခများကို ဖြေရှင်းတတ်ရေး၊ ခေါင်းဆောင်နိုင်စွမ်းရှိရေး၊ အကျင့်စာရိတ္တကောင်းမွန်ရေး၊ တစ်ကိုယ်ရေသန့်ရှင်း ရောဂါကင်းစွာ နေထိုင်တတ်ရေး၊ ယဉ်ကျေးလိမ္မာစွာဖြင့် ပြောဆိုဆက်ဆံနိုင်ရေး၊ နိုင်ငံသားကောင်းဖြစ်ရေး ဆိုသည့်အရေးများနှင့်လည်း ဆက်စပ်နေကြောင်း သတိပြုသင့်ပါသည်။ 

ပညာရေးဆိုသည်မှာ အလွတ်ကျက်နိုင်သည့် မှတ်ဉာဏ်ကို တိုင်းတာစစ်ဆေးခြင်းမဟုတ်ပါ။ စာမေးပွဲတွင် အမှတ်များအောင်၊ ဂုဏ်ထူးများစွာထွက်အောင် လုပ်ဆောင်နိုင်ခြင်းလည်း မဟုတ်ပါ။ လူတစ်ယောက်၏ အရည်အသွေးကို တောက်ပြောင်လာစေရန် လေ့ကျင့်ပျိုးထောင်ပေးနိုင်ခြင်းနှင့်လည်း သက်ဆိုင်ပါသည်။ ပညာရေးဆိုသည်မှာ ရှင်းလင်းစွာ တွေးခေါ်နိုင်စွမ်း၊ တာဝန်ယူ၊ တာဝန်ခံနိုင်စွမ်းတို့နှင့်လည်း ပတ်သက်နေပါသည်။ ကမ္ဘာလောကကြီးကို ပြောင်းလဲနိုင်ရမည်ဆိုသည့် စိတ်ဓာတ်နှင့်စွမ်းရည်များ ရှိလာစေရန် လေ့ကျင့်သင်ကြားပေးခြင်းကလည်း ပညာရေးဖြစ်ပါသည်။ 

အိန္ဒိယပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲမည်ဟု စီစဉ်ကြသည့်အခါတွင် သင်ရိုးကိုပြင်ရန် လုပ်ကြသည်။ သင်ရိုးတွေပြင်ပြီး ဆရာတွေကိုပြင်ရန် သတိမရကြပေ။ ဆရာအတတ်နှင့် ဆရာ့လုပ်ငန်းတွေကို မေ့ချင်ယောင်ဆောင်ထားကြခြင်းဖြစ်သည်။ ထို့ကြောင့် ကလေးတွေကို သင်သာသင်နေရသည် လိုရင်းမရောက် ခရီးမပေါက်ဟု ပြောနိုင်သည်။ ကလေးတွေက ဆရာဆိုသည့်သူ၏ သင်ခြင်းကိုသာ ခံယူနေကြရသည် ဘာမှန်းမသိ။ ဆရာတွေကလည်း သင်ဆို၍သာ သင်နေကြသည် ကလေးတွေ စိတ်ဝင်စားမှုရှိသည်၊ မရှိသည်ကို နားမလည် ဖိပြီးတော့သာ သင်နေကြသည်။ 

အိန္ဒိယတွင် ယနေ့သင်ကြားနေသည့် ပညာရေးပုံစံကို လေ့လာကြည့်လျှင် ရှင်းလင်းမှုလည်းမရှိ၊ မျက်မှောက်ကာလ လိုအပ်ချက်များနှင့်လည်း ကိုက်ညီမှုမရှိကြောင်းတွေ့ရသည်။ ကျောင်းရောက်လာသည့် ကလေးများမှာ ကိုယ်ပိုင်အတွေးအခေါ်များနှင့် ဖြန့်ထွက်ပြီး ဘာမှလုပ်ဆောင်ခွင့်မရှိသော ပညာရေးဖြစ်နေသေးသည်။ မည်မျှအရည်အသွေးရှိသည်ဖြစ်စေ ကလေးတွေ ဘဝမှာ အရောင်အသွေးဖော်ထုတ်ခြင်းမခံရသော ကျောက်ရိုင်းတုံးလေးများဘဝနှင့်သာ ဖြစ်နေကြရရှာသည်။

ကျောင်းတွင် သင်ကြားနေသည့် ပညာရေးစနစ်က ဖတ်စာအုပ်ကို အခြေပြုထားသည်။ ဖတ်စာအုပ်ထဲက စာတွေကို အလွတ်ရအောင် ကျက်နိုင်သူမှာ လူတော်ဖြစ်နေသည်။ နားလည်သည် မလည်သည်က အရေးမကြီး၊ အလွတ်ကျက်နိုင်ရေးက အရေးကြီးနေသည်။ ကလေးတစ်ယောက်၏ ကိုယ်ရည်ကိုယ်သွေးကို ဖော်ထုတ်ပေးသည့် ပညာရေးဖြစ်မည့်အစား၊ စာကုန် နှစ်ကုန် အတန်းကုန်ရေးကိုသာ ဦးစားပေးနေသော ပညာရေးဖြစ်နေသေးသည်။ 

ကလေးများ ပကတိအမှန်တရားကို ထိတွေ့ခွင့် မရကြသူများဖြစ်သည်။ ဆိုလိုသည်မှာ ဖတ်စာအုပ်ကိုသာသင် ဖတ်စာအုပ်ကိုသာ အမှန်ထင်နေရသောကြောင့် ပကတိ အရှိလောကနှင့် ကင်းကွာနေသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ကျောင်းများတွင် Critical Thinking သို့မဟုတ် Analysing ဆိုသည့် သဘောတရားများ လုံးဝပျောက်နေသည်။ သမိုင်း၊ ယဉ်ကျေးမှု၊ ဘာသာရေးတို့သည် ဖတ်စာသက်သက်ဖြစ်သည်။ ပိုင်းဖြတ်ခွဲခြမ်း လေ့လာဆန်းစစ်ရသော ဘာသာရပ်များ မဟုတ်သလိုဖြစ်နေသည်။ စာအုပ်ထဲက ပါတာဖတ်၊ စာအုပ်ထဲက အမှန်တရားအဖြစ်သာ ဆရာတွေကလည်းသင်၊ တပည့်တွေကလည်း လက်ခံနေကြရသည်။ 

ဆရာတွေကို လေ့လာဆန်းစစ်ကြည့်ရာတွင်လည်း သူတို့မကြိုက်၊ မနှစ်သက်သည့် ဘာသာရပ်များကို သင်ကြားပေးနေရသူများလည်းရှိနေသည်။ ထို့ကြောင့် မြန်မြန်ပြီးအေးရောသဘောဖြင့် သင်ကြားနေကြသည်။ ဆရာများကိုယ်တိုင်က လေ့ကျင့်သင်တန်းပေးထားသူများ မဟုတ်သောကြောင့် ကလေးများ၏ အနာဂတ်မှာ မှန်းဆ၍မရနိုင်လောက်အောင်ဖြစ်နေသည်။ ဆရာတွေကလည်း လစာက မက်လောက်စရာမရှိ၊ လူမှန် နေရာမှန်မဟုတ်ဟု စိတ်ကထင်ပြီး သင်ကြားနေခြင်းမှာ အိန္ဒိယပညာရေးအတွက် ရင်လေးစရာ ဖြစ်သည်။ 

အခြားအရေးကြီးသည့် ပြဿနာတစ်ရပ်မှာ ပညာရေးစနစ်တွင် ကြားခံဘာသာစကားကို မည်သည့်ဘာသာ စကားသုံးမည်ဆိုခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် ရုံးသုံးအဖြစ် အသုံးပြုနေသည့် ဘာသာစကားပေါင်း ၂၂ မျိုး ရှိသည်။ အဓိကကျသည့် ဘာသာစကားမှာ အင်္ဂလိပ်စာဖြစ်သည်။ ဆရာတွေကလည်း အင်္ဂလိပ်စာညံ့၊ တပည့်တွေကလည်း နားမလည် များစွာအခက်တွေ့နေကြရရှာသည်။ အထက်တန်းအဆင့်ရောက်သည့်အခါတွင် အောက်ခြေက ဘာမှနားမလည်လာသည့် ကလေးတွေကို ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာ၊ ဇီဝဗေဒ စသည်ဖြင့် ဘာသာရပ်များအား အင်္ဂလိပ်လိုကောက်သင်လိုက်ပြန်ရာ အခက်တွေ့ကြရပြန်သည်။

ကမ္ဘာက ကလေးတိုင်းကို လုပ်ငန်းခွင်နှင့် အံဝင်ခွင်ကျဖြစ်စေမည့် ပညာရေးလမ်းကြောင်းဆီ ဦးတည်နေကြသည်။ Skill ဖြစ်အောင် သင်ကြားရေးကို ဦးတည်နေသည်။ အိန္ဒိယတွင် အောက်ခြေကပြတ်သည်။ အလယ်ကမကောင်း၊ ထိပ်ပိုင်းက ဘာမှန်းမသိနှင့် ပညာရေးတွင် ကမ္ဘာ့အဆင့်နေနေသာသာ ဖောက်ထွက်နိုင်ရန်ဆိုသည်ကပင် အခက်အခဲကြီးတစ်ခု ဖြစ်နေတော့သည်။

E-01

(Ref : Financial Express)