News

POST TYPE

EDUCATION

ကျောင်းနားချိန်
11-Aug-2018 tagged as



ပညာရေးပြုပြင်ပြောင်းလဲမှုကို နိုင်ငံတိုင်း လုပ်နေကြသည်။ အမေရိကန် ပြည်ထောင်စုတွင်လည်း ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်နေကြသည်။ အစဉ်အလာကျောင်းတွေက ကလေးတွေကို အခန်းထဲ လှောင်ပိတ်ပြီး ဦးနှောက်ကို မောင်းနေကြသည်။ စနစ်သစ်က ကလေးတွေကို များများ အနားပေးပြီး ကိုယ်ကာယနှင့် စိတ်ဓာတ်များကို မောင်းပေးရန် ဦးတည်လာပြီ။

ကျောင်းနားချိန်ဆိုသည်မှာ မုန့်စားချိန်၊ ထမင်းစားချိန်စသည်ဖြင့် အမျိုးမျိုးသတ်မှတ်ခေါ်နေသည့် အချိန်မျိုးကို ခေါ်ဆိုသည်။ အနည်းဆုံးတစ်ချိန်၊ အများဆုံး နှစ်ချိန်လောက်ကို နားချိန်၊ အားလပ်ချိန်အဖြစ် သတ်မှတ်ပေးလေ့ရှိကြသည်။ 

အားလပ်ချိန်အတွက် သတ်မှတ်ပေးပုံ မတူညီ ကြပါ။ အမေရိကတွင် အချို့သောကျောင်းတွေက ၁၅ မိနစ်၊ အချို့ကျောင်းတွေကလည်း ၄၅ မိနစ်အထိ သတ်မှတ်ပေးကြသည်။ ၁၅ မိနစ်တစ်ချိန်၊ ၄၅ မိနစ် တစ်ချိန်ခွဲ နားပေးခြင်းရှိသလို၊ တစ်ပေါင်းတည်း ၁ နာရီ နားချိန်အဖြစ် သတ်မှတ်ပေးခြင်းများလည်းရှိပါသည်။ 

အနားပေးချိန်တွင် ကလေးများ ကျကျနနကစားရန် အနေအထားများ ဖန်တီးပေးထားသင့်သည်။ ကစားခြင်းက စိတ်ရောကိုယ်ပါ ဖွံ့ ဖြိုးတိုးတက်စေ သည်ဟု လက်ခံထားရန်လိုသည်။ ထိုနားချိန်လေးတွင် ကလေးတို့သည် ကလေးတို့သဘာဝ လွတ်လပ်စွာ ပျော်မြူးခွင့်ရရန် အရေးကြီးသည်။

အမေရိကရှိ ပညာရေးစနစ်က ကျောင်းများရှိ ကလေးများကို လုံလောက်သည် ကိုယ်လက်လှုပ်ရှား ခွင့်များ မပေးသေးကြောင်း ၂၀၁၇ ခုနှစ် သုတေသန စာတမ်းတစ်ခုတွင် ဖော်ပြထားသည်။ အမေရိကတွင် ကလေးသုံးယောက်တိုင်း တစ်ယောက်သည် ကိုယ်လက် လှုပ်ရှားခွင့်များ ကောင်းစွာမရခဲ့ကြောင်း NGO အဖွဲ့အစည်းတစ်ခုဖြစ်သည့် Platyworks အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကောင်းစွာ ကိုယ်လက်လှုပ်ရှား ခွင့် မရခြင်း၏ အကျိုးဆက်က အဝလွန်ခြင်းနှင့် အခြားကျန်းမာရေးပြဿနာများကို ဖြစ်ပွားစေခဲ့သည်။ 

ကျောင်းသားများသည် ကျောင်းတွင်လည်း လှုပ်ရှားခွင့်မပေး၊ အိမ်တွင်လည်း ကွန်ပျူတာနှင့် တီဗီရှေ့ထိုင်ချိန်က များလာသဖြင့် အားကစားဘက်တွင် နိမ့်ကျလာသည်။ ကစားကွင်းတွေမရှိ၊ ကစားခန်းတွေ ဈေးကြီး၊ အားကစားဆိုသည်မှာ အားချိန်ကို ကစားရသည့် ဂိမ်းလောက်သာ ထင်စေရန် ကျောင်းတွေက ပြုလုပ်ဖန်တီးပေးနေသည့် စနစ်များကြောင့် လူငယ်တွေ ဒုက္ခရောက်နေကြရသည်။

ကျောင်းများတွင် အများဆုံး ကစားချိန်ပေး သည့် ပညာရေးစနစ်၏ အောင်မြင်မှုကို ပြပါဆိုလျှင် ဖင်လန်နိုင်ငံကို ပြရမည်ဖြစ်သည်။  ၄၅ မိနစ်သင်ပြီး တိုင်း ၁၅ မိနစ်အနားပေးအချိန် (Recess/ Break Time) အဖြစ် သတ်မှတ်ထားသည်။ ကစားချိန်များများ ပေးပြီး ပူးတွဲကစားခွင့်များပေးထားခြင်းက ကျောင်းသား အချင်းချင်း အနိုင်ကျင့် ဗိုလ်ကျမှုများကိုလည်း လျော့ နည်းစေနိုင်သည်။ ကစားရသည့် အားကစားများတွင် စည်းကမ်းဥပဒေများဖြင့် ကစားရသည့် ကစားနည်း များကို များများ ဖန်တီးပြီး ကစားခိုင်းသင့်သည်။ သို့မှသာ စနစ်တကျ လုပ်ဆောင် တတ်ခြင်း၊ ပူးပေါင်း လုပ်ဆောင်တတ်ခြင်းသဘောတရားများကို နားလည် နိုင်မည်ဖြစ်သည်။ 

ဖင်လန်နိုင်ငံ ပထမတန်းအဆင့်မှ ကလေးများ သည် တစ်နေ့တွင် လေးနာရီခွဲသာ ကျောင်းမှာနေရ သည်။ ထိုလေး နာရီခွဲတွင်လည်း ၁ နာရီခွဲခန့်မှာ ကစား နေကြရသည်။ အပြင်ဘက်ကို စာသင်ချိန် တစ်ချိန် ပြီးတိုင်း တစ်ခါထွက်သည်။ တောထဲကို စာသွားသင် ချင်လည်း သင်ကြသည်။

အမေရိကန်ပြည်ထောင်စုတွင် ၂၀၁၅ ခုနှစ် ကတည်းက ပြည်နယ် ၁၁ ခုတွင် အားလပ်ချိန်ပေးရေးနှင့် စည်းမျဉ်းပါသည့် အားကစားများကို လေ့ကျင့် သင်ကြားပေးရေး၊ ကစားစေရေးတို့ကို ပြဋ္ဌာန်းခဲ့ ကြောင်း တွေ့ရသည်။ သို့သော် အချို့သော ဆရာများ က ယနေ့တိုင် မလိုက်နာသေးပဲ လျစ်လျူရှုထားခဲ့ကြ သည်။ ဆုပေး ဒဏ်ပေး မလုပ်လျှင် အောင်မြင်နိုင်မည့် အနေအထားမရှိပေ။ သူတို့က ကလေးတွေကို များများ လွှတ်ထားလေ များများ စည်းကမ်းမဲ့လေဟု ထင်မှတ် နေကြသည်။ စည်းနှင့် ဘောင်နှင့်ကြားတွင် ကလေး များကို လွတ်လပ်စွာ ပျော်ရွှင် ပါစေဆိုသည့် သဘော တရားများဖြင့် မလေ့ကျင့် မပျိုးထောင်ပေးနိုင်ကြခြင်း ဖြစ်သည်။

ကလေးတွေကို နားချိန်များများပေး၊ ကစား ခွင့်ပေးဆိုသည့် သဘောတရားကို မိဘများကလည်း လိုက်နာ သဘောပေါက်ရန်လိုပါသည်။ အိမ်ပြန် ရောက် လာလျှင် လွတ်လပ်ခွင့်မပေး စာဖြင့် ချုပ်နှောင်ထားရန် စိတ်သန်သည့် တိုင်းပြည်များမှ ကလေးများသည် သတ်မှတ်ချက်အရသာ တော်ကောင်းတော်မည်၊ စိတ်ဓာတ်ဖွံ့ ဖြိုးသူများ မဖြစ်နိုင်ပါ။

အားလပ်ချိန်သည် ကလေးများ၏ ကျန်းမာရေး ကိုသာမက လူမှုပေါင်းသင်းဆက်ဆံရေးအပြင် သင်ယူမှုကိုပါ ပိုပြီး အကျိုးရှိစေသည်ဟု အော်ရီဂွန်ပြည်နယ် တက္ကသိုလ်မှ သုတေသီများက ထောက်ပြကြသည်။ ကလေးတွေက လွတ်လပ်မှုကို မြတ်နိုးသည်။ ကစားခြင်းကို ခုံမင်သည်။ ကျောင်းစာသင်ခန်းထက် အပြင်အလှတရားများကို ကြည်နူးသာယာတတ်သည်။ ၁၀ မိနစ်ခန့် သူတို့၏ စိတ်တွေ လန်းဆန်းသွားစေခြင်းက သူတို့ သင်ယူမှုကို ပိုပြီး ထိရောက်စေသည်။ အဆိုးမြင်စိတ်များကို လျော့ကျစေပြီး အကောင်းမြင်စိတ်တွေကို ဖြစ်ပေါ်စေသည်ဟု ထိုကျောင်းမှ ပါမောက္ခ ဝီလျှံ မင်ဆေးက ပြောကြားသည်။ 

စနစ်တကျ ကစားနိုင်သည့်ကစားကွင်းများ၊ ကစားနည်းများကို ကလေးများအတွက် ဖန်တီးပေးပြီး ကစားခွင့်လည်းပေးခြင်းဖြင့် ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာသော ပညာရပ်ဝန်းတစ်ခုကို ဖန်တီးသင့်ပါပြီ။

E-01

  • TAGS