News

POST TYPE

EDUCATION

တက္ကသိုလ်တွင် ရုပ်သံနှင့် ရေဒီယိုပညာရပ်များ သင်ကြားခြင်း
11-Aug-2018



ရုပ်သံနှင့် ရေဒီယိုပညာရပ်များသင်ကြားခြင်းကို အမေရိကနှင့် ဗြိတိန်နိုင်ငံတို့တွင် ဘွဲ့များ အပ်နှင်းသည်အထိ တိုးတက်သင်ကြားပေးနေကြသည်မှာ နှစ်အတန်ကြာခဲ့ပြီ။ ဗြိတိန်နိုင်ငံ မန်ချက်စတာရှိ University of Salford တွင်လည်း Media ဆိုသည့် ဘာသာရပ်ခေါင်းစဉ်အောက်တွင် BA (Hons) ဆိုသည့်ဘွဲ့ကို အပ်နှင်းချီးမြှင့်ပြီး သင်ကြားပေးလျက်ရှိသည်။ အောင်မြင်သူများကို BA (Hons) Media Technology ဘွဲ့ အပ်နှင်းချီးမြှင့်သည်။

ထိုကျောင်းတွင် ၂၀၁၈ ခုနှစ်အတွက် သင်တန်းကို စက်တင်ဘာလတွင် စတင်မည်ဖြစ်ပြီး လူပြည့်သွားပြီဟု သိရသည်။ ယခုအခါ ၂၀၁၉ ခုနှစ်အတွက် လျှောက်လွှာများကို စတင်လက်ခံနေသည်။ 

ဒစ်ဂျစ်တယ်တော်လှန်ရေးခေတ်သည် ပြောင်းလဲလာနေပြီဖြစ်သည်။ မီဒီယာလုပ်ငန်းသည်လည်း လွန်ခဲ့သည့် ၁၀ နှစ်ခန့်ကတည်းက ရုပ်သံလိုင်းဘက်သို့ ကူးပြောင်းမှန်းမသိ ကူးပြောင်းနေပြီဖြစ်သည်။ လူတွေက ရုပ်သံလိုင်းကို ပိုပြီး စိတ်ဝင်စားလာကြသောကြောင့် မီဒီယာအချိုးအကွေ့ တစ်ခေတ်ပြောင်းပြီဟုဆိုရမည်။

ဤသင်တန်းကို တက်သူများအား ဇာတ်လမ်းရှာနည်း၊ စိတ်ကူးအိုင်ဒီယာထုတ်နည်း၊ ဇာတ်ညွှန်း ရေးနည်းများကို သင်ကြားပေးသည်။ တီဗီ၊ ရေဒီယို အခြားမီဒီယာများကို ထုတ်လုပ်နိုင်ရေးအတွက်လည်း ပညာရပ်များကို လေ့ကျင့်သင်ကြားပေးသည်။ လက်တွေ့ Workshop ပေါင်းများစွာကို လုပ်ခိုင်းပြီး ကင်မရာနှင့် ရိုက်ကူးတည်းဖြတ်ခြင်း၊ ရေဒီယိုအသံသွင်းခြင်း၊ အသံလွှင့်ခြင်း၊ တည်းဖြတ်ခြင်း၊ တီဗီနှင့် ရေဒီယို စတူဒီယိုအတွင်း ရိုက်ကူး၊ ထုတ်လုပ်ခြင်း၊ အွန်လိုင်းပေါ်တွင် ရုပ်သံထုတ်လုပ်ခြင်းဆိုင်ရာ ပညာရပ်များကို လေ့ကျင့်သင်ကြားပေးသည်။

သင်တန်းသားတို့သည် ကိုယ်တိုင်ရိုက်ကူးခြင်းများ ထုတ်လွှင့်ခြင်းများကို လက်တွေ့ပြုလုပ်ရသည်။ ရုပ်သံနှင့်ပတ်သက်ပြီး လိုအပ်သည့်ပညာရပ်များကို သိရှိစေရန် သင်ကြားပေးသည်။ မှတ်တမ်း၊ ဇာတ်လမ်း၊ ဖျော်ဖြေရေး ပရောဂျက်များကို မိမိတို့စိတ်သန်ရာ ပညာရပ်များအဖြစ်လည်း သီးခြားလေ့လာနိုင်သည်။ မီဒီယာဆိုင်ရာ သီအိုရီများကလည်း လက်တွေ့လုပ်ဆောင်ခြင်းကို များစွာအထောက်အကူဖြစ်စေသည်။ 

သင်တန်းသားများအနေနှင့် Semester တိုင်းတွင် Module သုံးခုစီကို သင်ကြားရမည်ဖြစ်သည်။ Semester တိုင်းတွင် Production module တစ်ခုစီ လုပ်ရသည်။ ဗီဒီယိုနှင့် ရေဒီယိုအကြောင်းအရာတစ်ခုခုကို ဖန်တီးထုတ်လုပ်ပြသရသည်။ Media Theory ကိုသီးခြားသင်ပေးသည်။ Creative Practice module တွင် မီဒီယာနှင့်ပတ်သက်သည့် ဖန်တီးမှုလက်ရာတစ်ခုခုကို တင်ပြရသည်။ သုံးနှစ်စလုံး ဤပုံစံအတိုင်းသွားသည်။ နောက်ဆုံးနှစ်တွင် ကိုယ်တိုင် တီဗီ၊ ရေဒီယိုနှင့် အခြားပလက်ဖောင်းတစ်ခုခုနှင့်ပတ်သက်သည့် ထုတ်လုပ်မှုကို တင်ပြရသည်။ 

ပထမနှစ် Video Production module တွင် ကင်မရာ၊ အသံ၊ တည်းဖြတ်ခြင်းအတတ်နှင့် multi-platform တို့ကို လက်တွေ့လေ့လာနိုင်ရန် သင်ပေးသည်။ နည်းပညာကို ကျွမ်းကျင်စွာ အသုံးပြုနိုင်စေရန် သင်ပေးရုံမက ကိုယ်ပိုင်ဗီဒီယိုအတိုလေးများကို ရိုက်ကူးနိုင်ရန်အထိ သင်ကြားပေးသည်။ ဗီဒီယို ထုတ်လုပ်ခြင်းဆိုင်ရာအတတ်ပညာများကို ကောင်းစွာလေ့လာသင်ယူရမည်ဖြစ်သည်။

Radio Production module တွင် အသံလွှင့်ခြင်းဆိုင်ရာပညာရပ်များကို သင်ပေးသည်။ အသံလွှင့်ခြင်းဆိုင်ရာပညာရပ်များကို သုတေသနလုပ်ခြင်း၊ တည်းဖြတ်ခြင်းဆိုင်ရာ ပရောဂျက်များကို လုပ်ရသည်။ Documentary အတိုများ၊ မဂ္ဂဇင်းပရိုဂရမ်ရှည်များကို လေ့လာကြရသည်။ 

အခြားလေ့လာသင်ကြားရမည့် module များမှာ Content Creation module, Content Delivery, Media Texts, Media Institutions တို့ဖြစ်သည်။ ဤ module များကို ပထမနှစ်တွင် သင်ယူကြရသည်။

ဒုတိယနှစ်ပိုင်းတွင် Semester 1 နှင့် Semester 2 နှစ်မျိုးရှိသည်။ Professional Practice ကို Core module အနေနှင့် သင်ကြားကြရပြီး Practice Based Module များတွင်  TV Docs and Features, TV Drama, TV Studio, Radio and Podcasting Features, Radio Drama, Radio Studio, Camera and Lighting, Editing, Creative Audio, Scripwriting, Production Management တို့ကို သင်ကြားရမည်ဖြစ်သည်။ 

Theory Based Module အပိုင်းတွင် Television Genres, Radio Culture, Contemporary American TV Drama တို့ကို လေ့လာကြရသည်။ 

တတိယနှစ်တွင်လည်း Semester 1 နှင့် Semester 2 နှစ်မျိုးတက်ရသည်။ Practice Based Module တွင် Advanced Camera and Lighting, Advanced Editing, Advanced Podcast and Radio Features, Advanced Creative Audio, Docs Without Rules, TV Studio Unleashed, Advanced Scriptwriting, Drama Unlimited, Radio Studio and Beyond, Radio Entrepreneurs တို့ကို လေ့လာရသည်။

Theory Based Module အပိုင်းတွင် Sonic Cultures, Alternative Media, British TV Fictions, Transmedia Storyworlds တို့ကို လေ့လာကြရသည်။

Major Project အဖြစ် Final Major Project ကို နောက်ဆုံးလုပ်ပြီးလျှင် သင်တန်းပြီးဆုံးပြီဖြစ်သည်။ 

လျှောက်ထားလိုသူများသည် GCSE အောင်မြင်ပြီးသူများ ဖြစ်ရန်လိုသည်။ English နှင့် Maths တို့တွင် GCSE grade မှာ C ရရှိထားရန်လိုသည်။ UCAS tariff points 112-128 point ရရှိထားရမည်။ လူတွေ့နှုတ်ဖြေ၊ ရေးဖြေစစ်ဆေးမှုများ ခံရမည်။ နိုင်ငံတကာမှကျောင်းသားများအနေနှင့် အင်္ဂလိပ်စာကျွမ်းကျင်ရန်လိုသည်။ IELTS ရမှတ် 6.0 ရရှိထားရန်လိုပြီး အထောက်အထားတင်ပြရမည်။ 

သင်တန်းကြေးမှာ Full-time အတွက် တစ်နှစ် စတာလင်ပေါင် ၉၂၅၀ ဖြစ်သည်။ နိုင်ငံတကာကျောင်းသားများအတွက် Full-time ဆိုလျှင် တစ်နှစ်စတာလင်ပေါင် ၁၄၄၀၀ ဖြစ်သည်။ 

အသေးစိတ်ကို http://www.salford.ac.uk/ug-courses/television-and-radio တွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။

E-01