News

POST TYPE

EDUCATION

အမေရိက ကျောင်းဆရာ ဘဝ
11-Aug-2018



Bureau of Labor Statistics အဖွဲ့၏ ထုတ်ပြန်ချက်အရ အမေရိကတွင် မူကြိုနှင့် မူလတန်းပြဆရာများသည် တစ်နှစ်လစာ ပျမ်းမျှဒေါ်လာ ၅၄,၅၅၀ ခန့်ရကြသည်။ အလယ်တန်းကျောင်းဆရာများက တစ်နှစ် ၅၅,၈၆၀ ဒေါ်လာရပြီး၊ အထက်တန်းပြ ဆရာများ၏ တစ်နှစ်လစာမှာ ဒေါ်လာ ၅၇,၂၀၀ ဖြစ်သည်။ K-12 တန်းကို သင်ကြားသည့် ဆရာများကို လာမည့် ၂၀၂၄ ခုနှစ်တွင် လစာ ၆ ရာခိုင်နှုန်းခန့် တိုးပေးမည်ဟုသိရသည်။ ဒေသအလိုက်၊ သင်ကြားသည့် အတန်းအလိုက်၊ ဘာသာရပ်အလိုက် လစာများကို ခံစားခွင့်ပေးထားမှုများလည်းရှိသည်။ ဆရာများသည် သင်ကြားရေးလိုင်းမှ စီမံအုပ်ချုပ်ရေးလိုင်းအတွင်း မိမိတို့ပညာရေးကို မြှင့်တင်ကာ ဝင်ရောက်သွားကြသည်များလည်း တွေ့ရသည်။ 

သူတို့နိုင်ငံကဆရာတစ်ဦးဖြစ်ရန် အမေးအဖြေခန်းလေးတစ်ခုကို ဥပမာပေးလိုပါသည်။

မေး - ဆရာတစ်ယောက် ဖြစ်ချင်ပါတယ်။ ဘယ်ကစရင် ကောင်းမလဲ။
ဖြေ - ဆရာ အလုပ်ဆိုတာ လူတိုင်းနဲ့ အဆင်မပြေနိုင်ပါဘူး။ ဆရာအလုပ်နဲ့ အောင်မြင်ချင်တယ်ဆိုရင် ကိုယ်တိုင်လည်း သင်ယူလေ့လာခြင်းကို မြတ်နိုးရမှာ ဖြစ်သလို၊ အရွယ်မရွေး ကလေးတွေနဲ့ ရင်းနှီးချစ်ခင်စွာ နေထိုင်နိုင်တဲ့သူမျိုးဖြစ်ရမယ်။ ဆရာလုပ်မယ်လို့ ဆုံးဖြတ်ပြီးရင် ပထမဆုံး ;အလုပ်သင်ဘဝနဲ့ ဆရာ အလုပ်ကို ငါ တကယ်လုပ်နိုင်ပါ့မလားဆိုတာ လေ့လာသင့်ပါတယ်။ အဲဒီကမှတစ်ဆင့် လက်ထောက်ဆရာဘဝကို တက်လှမ်းသင့်ပါတယ်။ တကယ်လုပ်ကြည့်ပြီး ငါနဲ့ ဆရာဘဝ အပ်စပ်တယ်ထင်မှ အသက်မွေးဝမ်း ကျောင်းအဖြစ် ဝင်လုပ်သင့်ပါတယ်။ 

မေး - ဆရာတစ်ယောက်ဖြစ်ဖို့ ဘယ်လို ဘွဲ့ဒီဂရီတွေ လိုပါသလဲ။
ဖြေ - အစိုးရကျောင်းတွေမှာ လုပ်မယ်ဆိုရင်တော့ ကိုယ့်ပြည်နယ်က အသိအမှတ်ပြုတဲ့ ဆရာဖြစ် လက်မှတ် သို့မဟုတ် လိုင်စင်တစ်ခုခု ရှိထားဖို့ လိုပါတယ်။ အနည်းဆုံး ပညာအရည်အချင်းကတော့ ဘွဲ့ဒီဂရီ တစ်ခုခု ရရှိ ထားဖို့လိုပါတယ်။ ပုဂ္ဂလိကကျောင်းတွေ ကတော့ သာမန်ဘွဲ့ရဆရာတွေကို ငှားရမ်းခေါ်လေ့ မရှိပါဘူး။ သူတို့က ဘာသာရပ်တစ်ခုခုမှာ ထူးချွန် သူတွေကိုသာ လက်ရွေးစင်အနေနဲ့ ရွေးကောက်ပြီး ဘာသာရပ်အလိုက် သင်ကြားတဲ့ဆရာတွေအဖြစ် ခေါ်လေ့ရှိပါတယ်။ ကိုယ့်မှာ ဘွဲ့တစ်ခုခုတော့ရှိပြီး၊ ပညာရေးဆိုင်ရာ သင်တန်း သို့မဟုတ် Teacher Preparation Program ဆိုတဲ့ အနိမ့်ဆုံး သင်တန်းဆင်းလက်မှတ်တစ်ခုခု မရှိရင် ဆရာအလုပ်ရဖို့ မလွယ်ပါဘူး။

မေး - ဆရာတစ်ယောက်ဖြစ်ဖို့ အချိန်ဘယ်လောက် ယူရပါသလဲ။
ဖြေ - ဆရာတစ်ယောက်ဖြစ်ဖို့ အချိန်ဘယ်လောက် ယူရမလဲဆိုတာ ကိုယ် ယခင်သင့်ခဲ့တဲ့ ဘွဲ့အပေါ်မှာလည်း မူတည်မယ်ထင်ပါတယ်။ ကောလိပ်က ဘွဲ့တစ်ခုခု ရမထားဘူးဆိုရင်၊ တက္ကသိုလ်မှာ လေးနှစ်တက်ခဲ့တဲ့ ဘွဲ့တစ်ခုခုတော့ လိုပါတယ်။ အခြေခံပညာကျောင်းတွေမှာ သင်ကြားနေတဲ့ ဘာသာရပ်တွေနဲ့ ဆက်စပ်တဲ့ ဘာသာရပ်တွေကို တက္ကသိုလ်မှာ လေ့လာသင်ယူခဲ့တယ်ဆိုရင် ၂ နှစ်လောက်အတွင်း ဆရာဖြစ်နိုင်ပါတယ်။ တကယ်လို့ ပညာရေးဆိုင်ရာ ဘွဲ့တစ်ခုခုကို လေ့လာသင်ယူခဲ့တယ်ဆိုရင်တော့ တစ်နှစ် အတွင်း ဆရာဖြစ်နိုင်ပါတယ်။ 

မေး - ဆရာတစ်ယောက် လစာ ဘယ်လောက်ရနိုင်ပါသလဲ။
ဖြေ - ပြည်နယ်အလိုက် ရနိုင်တဲ့ လုပ်ခလစာ မတူညီနိုင်ပါဘူး။ ပျမ်းမျှဆရာတစ်ယောက်ရတဲ့ နှစ်စဉ် လစာကတော့ ဒေါ်လာ ၅၇,၂၀၀ ဖြစ်ပါတယ်။ ကိုယ်တာဝန်ယူထားတဲ့ အတန်း ဘာသာရပ်အလိုက် အနည်းအများ ကွာခြားနိုင်ပါတယ်။ အထက်တန်းပြတွေဆိုရင် ပျမ်းမျှ ဒေါ်လာ ၆၂,၁၈၀ ရပါတယ်။ 
ပညာရေးလောကတွင် ကျောင်းဆရာတစ်ဦးအဖြစ် ဝင်လုပ်နေသူတစ်ဦးအဖို့ ဂုဏ်ယူစရာကောင်း သည့် လုပ်ငန်းတစ်ခုတွင် တာဝန်ယူနေသူတစ်ဦး အဖြစ် မှတ်ယူခြင်းခံရပါသည်။ 

အချိန်ပြည့် အစိုးရကျောင်းများတွင် (Full-time) ဆရာအဖြစ် သတ်မှတ်ခြင်းခံရသူများသည် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပင်စင်လစာများကို ခံစားခွင့်ရှိပါသည်။ ပုဂ္ဂလိကကျောင်းများတွင် ထိုအခွင့်အရေးမျိုး ရချင်မှ ရနိုင်ပါလိမ့်မည်။ မိမိလုပ်ငန်းနှင့် ပတ်သက်ပြီး ဆရာများသမဂ္ဂကဲ့သို့သော အဖွဲ့အစည်းများကလည်း အာမခံချက်ပေးထားပါသည်။ ဆရာတစ်ယောက်ဖြစ်လာလျှင် ရထားသည့်ဘွဲ့တွင် ရပ်လိုက်ရန်မဟုတ်ပါ။ ရှေ့ဆက်ပြီး ကိုယ်ကြိုးစားလျှင် ကြိုးစားသလောက် ရာထူးအဆင့်ဆင့် မြင့်တက်သွားနိုင်ပါသည်။

ဘာသာရပ်သင်သည့် ဆရာများအနေနှင့် သင်္ချာ၊ သမိုင်း၊ အင်္ဂလိပ် သို့မဟုတ် ကျောင်းသင်ဘာသာရပ် တစ်ခုခုကို ကျွမ်းကျင်စွာသင်ကြားနိုင်မည်ဆိုလျှင် ပိုပြီးအဆင်ပြေနိုင်ပါသည်။ ဘာသာရပ်ကိုလည်း ထူးချွန်အောင်သင်ကြားနိုင်သလို စွမ်းဆောင်ရည်များ ပြနိုင်သည့် ဆရာတစ်ယောက်အတွက် ဘဝအာမခံချက် အပြည့် ရှိပါသည်။ 

E-01

(Ref: Teaching Career Center)