News

POST TYPE

EDUCATION

ဆရာများ၏ ရင်ဖွင့်သံ (မဟာဘွဲ့ရများ ရာထူးတိုး)
02-Aug-2018 tagged as ပညာရေး

အခြေခံပညာဦးစီးဌာနအနေနှင့် အဆင့်တိုးကျောင်းများအတွက် မဟာဘွဲ့ရရှိထားသော ဆရာ၊ ဆရာမများကို လုပ်သက် ၆ လနှင့် အထက်တန်းပြ ရာထူးတိုးလျှောက်ခေါ်ယူနေခြင်းအပေါ် ဆရာ၊ ဆရာမများ၏ ဝေဖန်၊ အကြံပြုချက်များကို ယခုတစ်ပတ်ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် စုစည်းဖော်ပြလိုက်ပါသည်။



“အုံဖွနဲ့ တိုးတဲ့သူတွေကို ဝင်ခွင့်စာမေးပွဲဖြေစေချင်တယ်”

ဦးခိုင်ဇော်ထက် (မူလတန်းပြ၊ အ.မ.က၊ ဘူးဒလက်ကုန်း၊ ပဲခူးတိုင်းအနောက်ပိုင်း)

အခြေခံပညာရဲ့ လက်ရှိရာထူးတိုးမူနဲ့ပတ်သက်ပြီး ပြောရတာတော့ အားနာပါတယ်။ တော်တော်များများကတော့ မကြိုက်ကြဘူး။ တချို့က ပညာရေးကောလိပ်မှာ နှစ်ရှည်ပင်ပင်ပန်းပန်းတက်ခဲ့ပြီးမှ ခုလိုမျိုး ခွဲခြားခံရတာကို သဘောမကျဘူး။ နောက် ဆရာအတတ်ပညာသင်တန်းတွေကိုလည်း တစ်လခွဲလောက်တက်ရတယ်။ ပြီးတော့မှ အလယ်တန်းပြရောက်လာကြတာလည်း ရှိတယ်။ သင်တန်းဆင်းလာတယ်။ နယ်အဝေးကြီးတွေမှာ တာဝန်ကျတယ်။ ခုကျမှ ဒီမဟာဘွဲ့ရတွေကျ မိုးကျရွှေကိုယ်တွေလို ဖြစ်နေကြတာကို တချို့ ဆရာ၊ ဆရာမတွေက မကြိုက်ကြဘူးပေါ့။ ဒါပေမဲ့ မဝေဖန်ရဲကြပါဘူး။ ပညာရေးမှာ များသောအားဖြင့် မကျေမနပ်ဖြစ်နေတာက ဒီကိစ္စတွေပဲ။ ဘာဘွဲ့နဲ့ပဲရခဲ့ရခဲ့ သင်ကြားရေးမှာ ထိရောက်အောင်မြင်ဖို့က အဓိကပါ။ တချို့ကျ M.Sc ဘွဲ့ရထားကြပေမယ့် သင်ကြားရေးမှာ မအောင်မြင်တာလည်းရှိပါတယ်။ ကျွန်တော်ကတော့ ရာထူးတိုးလျှောက်ဖို့ လုပ်သက်ပြည့်သွားပြီ။ ဒါပေမဲ့ လေ့လာစရာတွေ အများကြီးရှိသေးလို့ ရာထူးတိုးမလျှောက်သေးဘူး။ ကိုယ်အရည်အချင်းမရှိဘဲ ရာထူးမတိုးချင်သေးဘူး။ ရာထူးတိုးလျှောက်တဲ့အခါမှာ လျှောက်ကြတယ်။ မူလတန်းပြမှာ လုပ်သက် ၆ နှစ်ရှိမယ်။ ၇ နှစ် ရှိမယ်။ အဲလိုမျိုး လုပ်သက်အလိုက် အများဆုံးကို ဦးစားပေးခန့်ကြတယ်။ ဒါက ပုံမှန်အတိုင်းပဲ။ ဒီမဟာဘွဲ့ရတွေကျ အရင်အစိုးရကတည်းက နေ့စားလပေးခေါ်လိုက်တယ်။ နောက် တဖြည်းဖြည်းနဲ့ အလယ်တန်းပြ လစ်လပ်နေရာမှာ ရာထူးတိုးပေးတယ်။ အလယ်တန်းကိုရောက်နေသူသည် အထက်တန်းကိုပေါ့။ 

အခုဖြစ်နေတာက မူလတန်းပြကနေ အထက်တန်း တိုက်ရိုက်တိုးပေးတာပါ။ ရိုးရိုးဘွဲ့ရတွေနဲ့ ဒီ M.Sc ဘွဲ့ရတွေနဲ့ကြားမှာ မသိတဲ့ဆရာအချင်းချင်းဆိုရင်တော့ ဆက်ဆံရေးက အဆင်မပြေကြတာများတယ်။ ကိုယ်နဲ့ရင်းနှီးတဲ့သူမျိုး၊ ဥပမာ - သူငယ်ချင်း အချင်းချင်းဆိုရင်တော့ ဆက်ဆံရေးပြေလည်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး အွန်လိုင်းမှာလည်း ဂယက်တွေရိုက်နေကြတယ်။ ပြောချင်တာက ပညာရေးကောလိပ်ဆင်းတွေက ၂ နှစ်လုံး သင်တန်းတက်ပြီး ဆရာမဖြစ်လာတယ်။ ဆရာဖြစ်လာပြီး ခုဆိုရင် မူအုပ် သို့မဟုတ် အလယ်တန်းလောက်ပဲ ရာထူးရှိသေးတယ်။ သူတို့ကျမှ လုပ်သက် ၆ လနဲ့ ရာထူးတန်းတိုးမယ်ဆိုတော့ မိုးကျရွှေကိုယ်တွေလား။ အဲဒီလို ဝေဖန်တာမျိုးတွေ ရှိနေတာပဲ။ M.Sc၊ M.A သမားမို့ အထက်တန်းပြဖြစ်တာက ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ အားလုံးလက်ခံကျေနပ်အောင် ရာထူးတိုးလျှောက်တဲ့အခါ ဝင်ခွင့်စာမေးပွဲလိုဟာမျိုး ဖြေခိုင်းသင့်တယ်။ တခြားရာထူးတိုးတွေကို မပြောလိုပါဘူး။ ဒီ အုံဖွနဲ့ တိုးတဲ့သူတွေကို ဝင်ခွင့်စာမေးပွဲဖြေစေချင်တယ်။ မူလတန်းပြကနေ အလယ်တန်းတိုးမယ်ဆိုရင်လည်း ဝင်ခွင့်ဖြေရမယ်။ အလယ်တန်းကနေ အထက်တန်းတိုးမယ်ဆိုလည်း ဝင်ခွင့်ဖြေပေါ့။ ဒါမှ အထက်တန်းသင်ဖို့ အဆင့်မီမမီသိရမှာ။ အဲဒီတော့ အဂတိကင်းကင်းနဲ့ ရာထူးတိုးပေးတာမျိုးဖြစ်သင့်တယ်လို့ ထင်ပါတယ်။



“ဂုဏ်ထူးတန်းကနေ ပြုတ်မကျအောင်ကြိုးစားပြီးမှ ရလာတာပါ” 

ဒေါ်အေးသိန်း (အထက်တန်းပြ၊ အထက၊ တောင်ဇင်း၊ ညောင်ဦးမြို့နယ်)

ကျွန်မက မဟာဘွဲ့အပြင် မဟာသုတေသနဘွဲ့လည်း ပြီးပြီးသားပါ။ မိတ္ထီလာတက္ကသိုလ်မှာ သမိုင်းဘာသာရပ်အထူးပြုနဲ့တက်ပြီး ဂုဏ်ထူးတန်းဝင်တယ်။ နောက် ဂုဏ်ထူးတန်းကို မိတ္ထီလာတက္ကသိုလ်မှာမရှိတဲ့အတွက် မန္တလေးတက္ကသိုလ်ကို သွားတက်ရတယ်။ ကျွန်မ အဲ့ဒီတုန်းက တက္ကသိုလ်နည်းပြဆရာမဖြစ်ချင်လို့ ဂုဏ်ထူးတန်းတက်ခဲ့တာပါ။ ဒါပေမဲ့ ၂၀၀၁ ခုနှစ်မှာ ဂုဏ်ထူးတန်းပြီးတော့ နည်းပြအဖြစ်လျှောက်တော့ တစ်ဘွဲ့ရရမယ်လို့ပြောတဲ့အတွက် အဲဒီတုန်းက ကျောင်းပြီးစဖြစ်တဲ့အတွက် ဘွဲ့လက်မှတ်မပြနိုင်ဘူး။ ဒါပေမဲ့ နောက်တစ်သုတ်ခေါ်တဲ့အခါ ထပ်လျှောက်တော့ ရေးဖြေမှာ ကျွန်မအောင်တယ်။ ဒါပေမဲ့ နှုတ်ဖြေမှာ မအောင်ခဲ့ဘူး။ အဲဒီကနေ ဘာမှမလုပ်တော့ဘဲ CEd ကို သင်တန်း ၆ လတက်လိုက်တယ်။ အဲဒီသင်တန်းတက်ပြီးတော့ ဒီအထက်တန်းပြရာထူးကို တန်းပြီး ခန့်လိုက်တာပါ။ ကျွန်မရဲ့ အဓိကဘာသာရပ်က သမိုင်းဖြစ်တယ်။ ကျောင်းတွေမှာက သမိုင်းဘာသာရပ် သိပ်မရှိတဲ့အတွက် မြန်မာစာသင်ရပါတယ်။ အဲ့ဒီကျတော့လည်း ကျွန်မ အများကြီးလေ့လာပါတယ်။ ကြိုးစားပြီးလည်းသင်ပါတယ်။ အခက်အခဲဆိုတာက အနည်းအများတော့ရှိတာပေါ့။ 

အခု ရာထူးတိုးမူအပေါ်မှာ ကျွန်မအမြင်ကတော့ ကျွန်မတို့လည်း ကျွန်မတို့ ကြိုးစားခဲ့ရတယ်။ ဒီလောက်ကျောင်းတွေအကြာကြီးတက်၊ ဒီလောက် ကြိုးစားခဲ့ရပြီးမှ ဒီလောက်ဘွဲ့ပဲရတယ်ဆိုတဲ့ ကျွန်မတို့ခံစားချက်ရှိပါတယ်။ ဒါပေမဲ့ အခုအခြေခံမှာ ဘာမှအတွေ့အကြုံမရှိဘဲ ရိုးရိုးအဝေးသင်တက်တယ်။ ဘွဲ့ရတယ်။ အဲလိုလူတွေကို နေ့စားလပေးခေါ်ပြီး မူလတန်းပြကနေ အလယ်တန်းပြအဖြစ် တိုးလာတယ်။ အဲ့လိုဆိုတော့ ကျွန်မတို့စိတ်ထဲမှာလည်း ဘယ်လိုမှ သိပ်မကျေနပ်နိုင်ဘူး။ ရိုးရိုးဘွဲ့လေးရပြီး နေ့စားလပေးခန့်လိုက်တာ ကျေနပ်စရာမဟုတ်ဘူး။ M.A၊ M.Sc ဆိုတာ တန်းမရပါဘူး။ ရိုးရိုးဘွဲ့ကိုမှ ဂုဏ်ထူးတန်းတက်ရတယ်။ ဂုဏ်ထူးတန်းကနေ ပြုတ်မကျအောင်ကြိုးစားပြီးမှ ရလာတာပါ။ အဲလိုဆိုတော့ ဒီဘွဲ့ရတွေအနေနဲ့ အထက်တန်းပြရသင့်တယ်လို့ထင်ပါတယ်။ ဒီဘွဲ့ရတွေက အတွေ့အကြုံတွေများတဲ့အတွက် သင်ကြားရေးမှာလည်း ပိုပြီးထိရောက်မယ်လို့ ထင်ပါတယ်။



“အခုဟာ ၆ လလောက်နဲ့ အထက်တန်းပြတိုးဖို့၊ လျှောက်ဖို့ခေါ်တာဆိုတော့ ပိုဆိုးတာပေါ့”

ဦးကျော်ကျော်နိုင် (မူလတန်းပြ၊ အလက၊ ဘုရားပြို၊ ဇီးကုန်းမြို့)

ခုထွက်နေတဲ့ ရာထူးတိုးလျှောက်လွှာခေါ်စာတွေနဲ့ပတ်သက်ပြီးပြောရရင် ကျွန်တော်တို့က လုပ်သက်နည်းသေးတော့ သိပ်ပြီးပြောစရာမရှိပေမယ့် ပညာရေးကောလိပ်ဆင်းတွေကြားမှာတော့ ပြောစရာတစ်ခု ဖြစ်နေတာပေါ့။ သူတို့ကတော့ သိပ်ပြီးမကျေနပ်ကြဘူး။ သင်တန်း ၂ နှစ်ကြီးတက်ပြီးတော့ လယ်ပြရာထူးမှာ အကြာကြီးနေခဲ့ရတယ်။ ထက်ပြရာထူးတိုးဖို့ မလွယ်ကူဘူးပေါ့။ ဒီမဟာဘွဲ့ရလူတွေကျ အတန်းတစ်ခုမှာ တစ်နှစ်လောက်နေပြီး ရာထူးတိုးတိုးသွားတော့ ကောလိပ်ဆင်းတွေအနေနဲ့ ဘဝင်မကျစရာဖြစ်တာပေါ့။ အရင်ကမှ မူလတန်းပြမှာ တစ်နှစ်လောက်နေပြီး အလယ်တန်းပြကူးတာမျိုး ရှိသေးတာပေါ့။ အခုဟာ ၆ လလောက်နဲ့ အထက်တန်းပြတိုးဖို့၊ လျှောက်ဖို့ခေါ်တာဆိုတော့ ပိုဆိုးတာပေါ့။ ဒီလိုတိုက်ရိုက်တိုးတာက တစ်ယောက်နဲ့တစ်ယောက် အရည်အချင်းတော့ မတူညီဘူးပေါ့။ အဲဒီတော့ သူတို့လည်း သင်ကြားရေးမှာ အခက်အခဲတော့ နည်းနည်းရှိမှာပေါ့။ ဒီစာတွေကို အနည်းနဲ့အများတော့ ပြန်လေ့လာလေ့ကျင့်ရမှာပေါ့။ ကျွန်တော်တို့မြို့နယ်မှာလည်း မဟာဘွဲ့ရတွေရှိပါတယ်။ အကုန်လုံးတော့ ရာထူးမတိုးသေးပါဘူး။ တချို့တစ်ဝက်ပေါ့။ ကျွန်တော်တို့ကျ နေ့စားလပေး ဆွဲခန့်အဖြစ် ဝင်လာတာပါ။ 

ဒီပညာရေးမှာက ရိုးရိုးဘွဲ့ရတွေအချင်းချင်းမှာလည်း ရာထူးတိုး တန်းစီဇယားအတိုင်း ရာထူးတိုးပေးတယ်ပြောကြတာပေါ့။ ဒါပေမဲ့ မြို့နယ်တိုင်းမှာ လုပ်သက်များတဲ့ ဆရာ၊ ဆရာမတွေ ရှိနေရက်နဲ့ သူတို့ကိုကျော်ပြီး လုပ်သက်နည်းတဲ့သူတွေ တိုးသွားတာလည်း ရှိပါတယ်။ ကျွန်တော်လည်း လုပ်သက် ၄ နှစ်ရှိပြီ။ သူတို့မူအရတော့ လုပ်သက် ၂ နှစ်ပြည့်ရင် ရာထူးတိုးလျှောက်လို့ရတယ်လို့ သိရတယ်။ မနှစ်ကတော့ လျှောက်တယ်။ ဒါပေမဲ့ တန်းစီဇယားအရ ကျွန်တော်တို့မြို့နယ်မှာတော့ ကျွန်တော်တို့လျှောက်လွှာကို မကိုင်လိုက်ရဘဲ ကျန်ခဲ့တာ။ လူကြီးတွေလက်ထဲ ကိုင်တောင်မကိုင်ဘူးပေါ့။ ကျွန်တော်တို့လို ရိုးရိုးဘွဲ့ရတွေအတွက်က ရာထူးတိုးဖို့ဆိုတာ တော်တော်ခက်ခဲပါတယ်။ ကျွန်တော့်အနေနဲ့ပြောချင်တာက မဟာဘွဲ့ရတွေကို လုပ်သက်နည်းနည်းနဲ့ အထက်တန်းပြရာထူးတိုးပေးမယ့်အစား အလယ်တန်းပြမှာ နှစ်အကြာကြီးနေနေပြီး တချို့ဆို B.Ed ဘွဲ့ရ၊ B.Ed တက်နေတဲ့ ဆရာတွေကို ဦးစားပေးပြီး ခန့်သင့်တယ်လို့ထင်တယ်။ ဒီအလယ်တန်းပြဆရာတွေ ရာထူးတိုးမှ သူတို့နေရာမှာ မူလတန်းပြဆရာတွေလည်း ရာထူးတိုးလို့ရမှာ။ ခုကျတော့ မူလတန်းပြကနေ အထက်တန်းကို တိုက်ရိုက်တိုးပေးတော့ ရိုးရိုးဘွဲ့ရတွေအတွက် အလယ်တန်းပြရာထူးနေရာ မလွတ်တဲ့အတွက် ရာထူးတိုးဖို့ဆိုတာ အဆင်မပြေဘူး။

မြဇာခြည်သင်း