News

POST TYPE

EDUCATION

ဗြိတိန်၏ အကြီးဆုံးတက္ကသိုလ်စာကြည့်တိုက်
28-Jul-2018
ဗြိတိန်၏ အကြီးဆုံးတက္ကသိုလ်စာကြည့်တိုက်

လွန်ခဲ့သော ခြောက်နှစ်အတွင်း ဗြိတိန်နိုင်ငံ၏ စာကြည့်တိုက်ပေါင်း ၃၅၀ ၏ တံခါးများ အပြီးတိုင် ပိတ်ခဲ့ရသည်။ အနာဂတ် စာကြည့်တိုက်တွေ၏ အလားအလာကလည်း အနေအထားမကောင်း။ Oxford တက္ကသိုလ်စာကြည့်တိုက်ကြီးကတော့ မည်သူတွေ ဘဝပြောင်းပြောင်း နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံရပ်တည်နိုင်ခဲ့သည်။

အောက်စ်ဖို့တက္ကသိုလ်သည် ဗြိတိန်နိုင်ငံ၏ လေးစားစရာအကောင်းဆုံး စာကြည့်တိုက်များကို ပိုင်ဆိုင်ထားသည့်နေရာ ဖြစ်သည်။ ဗြိတိန်၏ နာမည်ကျော် ရှေးအကျဆုံးတက္ကသိုလ်ကြီးများထဲတွင်လည်း ပါဝင်သည်။

စာကြည့်တိုက်သည် တက္ကသိုလ်ကောလိပ်ပညာရေးတွင် အရေးအပါဆုံးနေရာများဖြစ်သည်။ တက္ကသိုလ်တစ်ခု၏ အသည်းနှလုံးနေရာအဖြစ်ပင် တင်စားခေါ်ဝေါ်ကြသည်။ စာသင်ခန်းထဲတွင် သင်သမျှသည် စာကြည့်တိုက်တွင် အဆုံးသတ်နိုင်မှ ပညာဟုလည်းဆိုသည်။ စာသင်ခန်းက လေ့လာချင်စိတ်ကို ပျိုးထောင်သည်။ စာကြည့်တိုက်သည် သုတေသနပြုလုပ်ရန်နှင့် ပညာရပ်များကို ဖော်ထုတ်နိုင်သော အခြေခံကျသည့် နေရာတစ်နေရာအဖြစ် ပညာရေးက ဖန်တီးပေးနိုင်မှသာ အဆင့်မြင့်ပညာရေးဟူ၍လည်း ဆိုနိုင်သည်။

တက္ကသိုလ်စာကြည့်တိုက်ဆိုသည်မှာ ပညာ၏ ဝန်ဆောင်မှုဌာနကြီးတစ်ခုလည်း ဖြစ်သင့်ပါသည်။ ကျောင်းသား ကျောင်းသူများ၊ ပညာလိုလားသူများအတွက် ပြဋ္ဌာန်းစာအုပ်များ၊ ရည်ညွှန်းစာအုပ်များ၊ ထုတ်ဝေသမျှ စာအုပ်များအားလုံးကို ရနိုင်စေရန် စုဆောင်းပေးထားနိုင်သည့်နေရာများ ဖြစ်ရပါသည်။ တက္ကသိုလ်စာကြည့်တိုက်များ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ

၁။ သင်ကြားသမျှ ပညာရပ်အားလုံးကို ထပ်ဆင့်လေ့လာသင်ယူနိုင်ရန်နှင့် သုတေသနပြုနိုင်ရန်

၂။ ဆရာ၊ ကျောင်းသား၊ သုတေသီနှင့် အဖွဲ့အစည်းများ၏ လိုအပ်သော သတင်းအချက်အလက်နှင့် အကြောင်းအရာများကို ဖြည့်ဆည်းပေးနိုင်ရန်

၃။ အသိပညာဖွံ့ ဖြိုးတိုးတက်ရေးနှင့် လေ့လာမှုကိုအခြေခံပြီး တီထွင်မှုများ၊ ပညာရပ်အသစ်အဆန်းများ ဖော်ဆောင်မှုကို ပိုပြီး လုပ်လာနိုင်စေရန်

၄။ အသိပညာကို ထိန်းသိမ်းစောင့်ရှောက်ထားသည့်ဌာနကြီးတစ်ခု ဖြစ်လာစေရန်

၅။ ဆန်းသစ်သောပညာရပ်များကို လေ့လာပြီး ဆင့်ပွားပြန်လည် ပို့ချနိုင်သည့် နေရာတစ်ခုဖြစ်လာစေရန် စသည့်ရည်ရွယ်ချက်များနှင့် ဖွင့်လှစ်ထားကြောင်း တွေ့ရပါသည်။

ဗြိတိန်နိုင်ငံ အောက်စ်ဖို့ဒ်တက္ကသိုလ်ကြီး၏ လက်အောက်တွင် လွတ်လပ်စွာ စီရင်ပိုင်ခွင့်ရှိသည့် စာကြည့်တိုက် ခွဲပေါင်း ၁၀၀ ကျော်ရှိသည်။ ယင်းတို့အနက် Bodleian Library သည် အထင်ရှားဆုံးဖြစ်သည်။ ဘိုဒလီယန်စာကြည့်တိုက်သည် Oxford တက္ကသိုလ်၏ ပင်မသုတေသနစာကြည့်တိုက်ကြီးလည်းဖြစ်သလို ဥရောပတိုက်၏ ရှေးအကျဆုံးစာကြည့်တိုက်ကြီး စာရင်းဝင်လည်း ဖြစ်သည်။

စာအုပ်ပေါင်း ၁၃ သန်းကျော်ကို ထိန်းသိမ်းထားပြီး ဗြိတိန်တွင် ဗြိတိသျှစာကြည့်တိုက်ပြီးလျှင် ဒုတိယအကြီးဆုံးဖြစ်ကာ တက္ကသိုလ်များထဲတွင် အကြီးဆုံးစာကြည့်တိုက်ကြီးအဖြစ် ရပ်တည်နိုင်ခဲ့သည်။ ဗြိတိန်တွင်ပြဋ္ဌာန်းခဲ့သည့် Legal Deposit Libraries Act 2003 ဥပဒေအရ ဗြိတိန်တွင်ထုတ်သမျှ စာအုပ်ပေးပို့ရသည့် စာကြည့်တိုက်ကြီး ၆ ခုထဲတွင် တစ်ခုပါသည်။ အိုင်ယာလန်တွင် ထုတ်သမျှစာအုပ်တိုင်းကိုလည်း အိုင်ယာလန်ဥပဒေအရ ဤစာကြည့်တိုက်ကြီးက နှစ်သက်ရာကို တောင်းဆိုပိုင်ခွင့်ရှိသည်။

အောက်စ်ဖို့ကျောင်းထွက်ပညာတတ်များကို Bodley သို့မဟုတ် Bod ဟု ခေါ်သည်။ စာကြည့်တိုက်သည် ပညာ၏ရင်းမြစ်ကို ရည်ညွှန်းသလိုဖြစ်သည်။ တက္ကသိုလ်စာကြည့်တိုက်ကြီးသည် ရည်ညွှန်းစာကြည့်တိုက်ကြီးအဖြစ် ထင်ရှားပြီး အရေးကြီးသည့် စာအုပ်စာတမ်းများကို ရည်ညွှန်းစာဖတ်ခန်းအတွင်း၌သာ ဖတ်နိုင်စေရန် စီစဉ်ထားပေးသည်။

အောက်စ်ဖို့တက္ကသိုလ်ကြီးလက်အောက်ရှိ ကောလိပ်တိုင်းတွင်လည်း ကိုယ်ပိုင်စာကြည့်တိုက်များ ရှိသည်။ ဘိုဒလီယန်စာကြည့်တိုက်ကြီး၏ လက်အောက်တွင် ရှိသည်ဆိုသော်လည်း အားလုံးသည် ကိုယ်ပိုင် ရပ်တည်နိုင်ရန် ခွင့်ပြုထားသည်။ ၂၀၁၅ ခုနှစ်ကစတင်ပြီး Oxford Libraries Information System (OLIS) စနစ်ကို သတ်မှတ်ပေးထားသည်။ OLIS စနစ်ဆိုသည်မှာ စာကြည့်တိုက်တစ်ခုတည်းကဲ့သို့ ကက်တလောက်များကို အလွယ်တကူရှာဖွေနိုင်စေရန် ဒစ်ဂျစ်တယ်စနစ်ဖြင့် ပေါင်းစည်းပေးထားခြင်းဖြစ်သည်။ အွန်လိုင်းပေါ်တက်ပြီး မိမိတို့ လေ့လာလိုသည့် စာအုပ်များကို အလွယ်တကူရှာဖွေနိုင်စေရန် စီစဉ်ပေးထားသည့်စနစ်လည်း ဖြစ်သည်။

၂၀၁၀ ပြည့်နှစ် အောက်တိုဘာလက ဘိုဒလီ ယန်စာကြည့်တိုက်များအားလုံးအတွက် စာအုပ်များ သိုလှောင်သိမ်းဆည်းသည့် Book Storage Facility (BSF) စနစ်တစ်ခုကို စတာလင်ပေါင် ၂၆ သန်း အကုန်အကျခံပြီး တည်ဆောက်ခဲ့သည်။ စာကြည့်တိုက်၏ စာအုပ်သိုလှောင်ရုံထဲတွင်ရှိသော စာအုပ်စင်များကို ဖြန့်လိုက်လျှင်ပင် ၁၅၃ မိုင်ခန့်ရှည်လျားမည် ဖြစ်သည်။ BSF စနစ်နှင့် သိုလှောင်ရုံကြီးတွင် စာအုပ်များ၊ မြေပုံများ၊ စာမူများ၊ မိုက်ခရိုဖလင်များ၊ ၁၈ ရာစုကတည်းက ထုတ်ဝေခဲ့သော သတင်းစာများကို ထိန်းသိမ်းထားခဲ့သည်။ ဘိုဒလီယန်စာကြည့်တိုက်ကြီးထဲတွင် စာဖတ်သူများအတွက် စားပွဲကြီးများနှင့် ထိုင်ခုံပေါင်း ၇၀၂ ခုံ ချခင်းပေးထားသည်။ အုပ်စုဝင် အသေးဆုံးဆေးတက္ကသိုလ်စာကြည့်တိုက်မှာပင် စာဖတ်ရန် နေရာပေါင်း ၅ နေရာ သတ်မှတ်ပေးထားသည်။

ဘိုဒလီယန်စာကြည့်တိုက်ကို ၁၆၀၂ ခုနှစ် စတင်ဖွင့်စက အဖွဲ့ဝင် ၂၄၈ ဦးသာရှိသည်။ ၁၉၄၅ ခုနှစ်တွင် ၇၀၀ ဖြစ်လာသည်။ ၂၀၁၄ ခုနှစ်တွင် ၆၄,၂၄၂ ဦးရှိသည်။ ၂၀၁၄-၂၀၁၅ ခုနှစ်တွင်ပင် ဖြည့်သွင်းခဲ့သည့် စာအုပ်ပေါင်းမှာ ၂၅၁,၉၂၄ အုပ်ဖြစ်သည်။

စာကြည့်တိုက်များ ခေတ်ကုန်ဆုံးသည်မှာ ဒစ်ဂျစ်တယ်နှင့် အင်တာနက်ခေတ်ကြောင့်ဖြစ်ကြောင်း ပြောကြသည်။ သို့သော် ဘိုဒလီယန်စာကြည့်တိုက်တိုင်းတွင် ကွန်ပျူတာတွေ ထားပေးထားသည်။ ထိုကွန်ပျူတာ များပေါ်တွင် Microsoft Office 2016 ကို တင်ပေးထားသည်။ အင်တာနက် Browser အနေနှင့်လည်း Chrome, Mozilla Firefox, Internet Explorer တို့အပြင် အသံပိုင်းအော်ဒီယိုဆိုင်ရာ ဆော့ဖ်ဝဲတွေကိုလည်း တင်ပေးထားသည်။ စာကြည့်တိုက်ကထုတ်ပေးထားသည့် ဘားကုတ်နံပါတ်နှင့် password များဖြင့် အသုံးပြုနိုင်သည်။ ကွန်ပျူတာ (PC) ကို အသုံးပြုပြီး ဘိုဒလီယန်စာကြည့်တိုက်များရှိ စာအုပ်များကို အလွယ်တကူရှာဖွေနိုင်စေရန် စီစဉ်ပေးထားသည်။

Wi-Fi ဖြင့်လည်း အင်တာနက်ကို လွတ်လပ်စွာ အခမဲ့သုံးစွဲနိုင်သည်။ မိမိတို့ယူလာသည့် တက်ဘလက်၊ လက်ပ်တော့၊ မိုဘိုင်းလ်ဖုန်းများနှင့် အင်တာနက်ကို ချိတ်ဆက်သုံးနိုင်သည်။ သုံးစွဲပိုင်ခွင့်နှင့် ပတ်သက်ပြီး ကျောင်းသားနှင့် ဝန်ထမ်းများ သုံးစွဲနိုင်သည့်လိုင်း၊ စာကြည့်တိုက်အသင်းဝင်များ သုံးစွဲနိုင်သည့်လိုင်းနှင့် မည်သူမဆို အသုံးပြုနိုင်သည့်လိုင်းဟူ၍ အဆင့်ခွဲခြားပေးထားသည်။ မိမိတို့တွင် ပါလာသည့် မိုဘိုင်းလ်ပစ္စည်းများကို အသုံးပြုလျှင် အများသူငါကို အနှောင့်အယှက်မဖြစ်စေရန်သာ အရေးကြီးသည်။

၂၀ ရာစုအစကတည်းက ဘိုဒလီယန်စာကြည့်တိုက်ကို တစ်ရက်လျှင် လာရောက်သူပေါင်းပျမ်းမျှ ရာဂဏန်းရှိသည်ဟုဆိုပါသည်။

E-01
(Ref: Bodleian Library, Uinversity of Oxford)