News

POST TYPE

EDUCATION

ဗီယက်နမ်ကျောင်းများ အောင်မြင်ပြီလား
28-Jul-2018



နိုင်ငံ၏ ပညာရေးရလဒ်သည် ၂၀၁၂ ခုနှစ်ကတည်းက အံ့အားသင့်စရာ ကောင်းလောက်အောင် ဖွံ့ဖြိုးတိုးတက်လာသည်ဟုဆိုရမည်။ ဗီယက်နမ်သည် စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှုတွင် အကောင်းဆုံးဟု မပြောနိုင်သေးသော်လည်း အဆိုးဆုံးမဟုတ်။ သို့သော် သိပ္ပံပညာရပ်ကို လေ့လာစူးစမ်းမှုတွင် ကမ္ဘာ့အဆင့် ၈ ဖြစ်နေသည်။ အနောက်နိုင်ငံအချို့ထက်ပင် သာလွန်နေကြောင်းတွေ့ရသည်။ ၂၀၁၅ ခုနှစ်တွင် သိပ္ပံနှင့် နည်းပညာ စူးစမ်းလေ့လာမှု၌ ဗြိတိန်ပင် အဆင့် ၁၅ ရှိနေဖြင့် ဗီယက်နမ်ကသာ လွန်နေသလိုဖြစ်နေသည်။ 

ဗီယက်နမ်အဘယ်ကြောင့် သိပ္ပံစူးစမ်းလေ့လာမှုတွင် တက်လာရသနည်း။ ဗီယက်နမ်ပညာရေးစနစ်ကို လေ့လာကြည့်စရာဖြစ်လာသည်။ The Education Development Trust အဖွဲ့သည် ဗီယက်နမ်နိုင်ငံ ပြည်နယ်လေးခုကိုသွားပြီး ၂ နှစ်တာကာလအတွင်း လေ့လာဆန်းစစ်ခဲ့ရာ အောက်ပါအချက်များကို တွေ့ရှိခဲ့ရသည်။ 

စစ်ဘေးဒဏ်ကို နှစ်ပေါင်းများစွာ ခံခဲ့ရသော်လည်း ဗီယက်နမ်သည် ယဉ်ကျေးမှုရေခံမြေခံကောင်းသလို စိတ်ကူးဉာဏ်ကောင်းသည့်သူများဖြစ်သည်။ ထို့ပြင် ကြိုးစားအားထုတ်မှုအပိုင်းတွင် စံပြုလောက်သူများလည်း ဖြစ်နေသည်။ မိဘများသည် ဆင်းရဲနေကြသော်လည်း သားသမီးများကို ကျောင်းကောင်းကောင်းထားချင်စိတ်ရှိကြသည်။ ပညာရေးက သူတို့၏ ဆင်းရဲမွဲတေမှုကို ဖယ်ရှားပေးနိုင်လိမ့်မည်ဆိုသည့် ယုံကြည်ချက်နှင့်ဖြစ်သည်။

သူတို့သည် ကမ္ဘာ့အဆင့် PISA စာမေးပွဲကို ဝင်ပြိုင်ကြရာ အောင်မြင်သင့်သလောက် အောင်မြင်နေကြသည်။ ဆရာတွေကို မေးကြည့်သည့်အခါတွင်လည်း သူတို့က အသက်မွေးပညာရပ်များထက် PISA ကို ဦးစားပေးနေကြောင်းတွေ့သည်။ ပညာသင်ယူခြင်းမှာ အစဉ်အလာကိုက ဗီဇတွင်ပါလာခြင်းဟု သူတို့ဆရာတွေကရှင်းပြသည်။ သူတို့နိုင်ငံ ပညာရေးစနစ်သည် အခြားသောနိုင်ငံပညာရေးစနစ်ကို ပုံတူကူးချသည်ထက် ဗြိတိန်ပညာရေးစနစ်ပုံစံအတိုင်း သွားနေကြောင်းတွေ့ရသည်။ 

ဗီယက်နမ်ပညာရေးစနစ်အဘယ်ကြောင့် တိုးတက်လာရကြောင်းကို ဗြိတိန်ပညာရှင်များ လေ့လာကြည့်သည့်အခါတွင် အောက်ပါအချက်ငါးချက်အပေါ်တွင် အခြေခံနေကြောင်းတွေ့ရသည်။

၁။ ဗီယက်နမ်နိုင်ငံ၏ နိုင်ငံရေးသမားများသည် သူတို့ ဦးတည်ဆောင်ရွက်မည့် လမ်းကြောင်းအတိုင်း တည့်မှန်စွာဖြင့် မပြောင်းမလဲလျှောက်သည်။ ပညာရေးတွင်လည်း လွန်ခဲ့သောနှစ်ပေါင်း ၂၀ ခန့်ကတည်းက ကျင့်သုံးခဲ့သည့် စနစ်အတိုင်း ဆက်သွားနေသည်။ 

အစိုးရသည် ၁၉၉၀ ပြည့်နှစ်လောက်ကတည်းက ကျောင်းအခြေခံအဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများကို စတင်လုပ်ဆောင်ခဲ့သည်။ ယနေ့တိုင် ပညာရေးနှင့် ပတ်သက်သည့်ပေါ်လစီကို မပြောင်းမလဲ ဆက်လက်ကျင့်သုံးသည်။ မူကြိုအဆင့်ပညာရေးကို အလေးပေးထားသည်။ ထို့ကြောင့် ကလေးများကို ကျောင်းသွားရန် အသင့်အနေအထားကို အမြဲဖြစ်နေစေခဲ့သည်။ လူနည်းစုနှင့် လူများစု လူမျိုးစုတို့အတွင်း ပညာရေးကွာဟမှုမရှိစေရန် ဂရုစိုက်သည်။ ဆရာတွေကို ကြိုတင်ပြီး သင်တန်းပေးသည်။

၂။ ဗီယက်နမ်ကျောင်းများတွင် ဆရာများ၏ သင်ယူနိုင်စွမ်းကို မြှင့်တင်ပေးမည့်အဖွဲ့များကို ဖွဲ့စည်းပေးထားသည်။

ကျောင်းများတွင် ပညာသင်ကြားရေးစနစ်သည် စောင့်ကြည့်အကဲခတ်သည့် စနစ်များကို ကျင့်သုံးနေကြောင်း တွေ့ရသည်။ တပည့်တွေ၏ အနေအထားကို တစ်ဦးချင်းစောင့်ကြည့်သည်။ လိုအပ်ချက်ကို ခေါ်ယူဆွေးနွေးတတ်သည်။ ဆရာတိုင်းသည် ကိုယ်သင်ကြားမည့် ဘာသာရပ်နှင့်ပတ်သက်ပြီး ဘာသာရပ်ဆိုင်ရာအဖွဲ့လေးများ ဖွဲ့ထားလေ့ရှိသည်။ ဘာသာရပ်ဆိုင်ရာအဖွဲ့များက အချင်းချင်းတွေ့ဆုံဆွေးနွေးလေ့ရှိသည်။ သူတို့ အပြန်အလှန်မျှဝေလေ့ရှိကြသည်။ 

၃။ ဆရာအတတ်ကို အလေးအနက်ထားကြသည်။

ဗီယက်နမ်အစိုးရသည် ကျောင်းများတွင် “ကျောင်းသားဗဟိုပြုသင်ကြားရေးစနစ်” ကို ကျင့်သုံးသင်ကြားရန် လမ်းညွှန်ထားသည်။ သို့သော် သင်ကြားရေးစနစ်များမှာ လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကအတိုင်းပင် ဖြစ်သည်။ သို့သော် သူတို့ဆရာတွေက ခေတ်ဟောင်းတွင် ကျန်ခဲ့ပြီဆိုသော်လည်း ခေတ်သစ်ကို ဖောက်ထွက်ရမည့် လမ်းကြောင်းများကိုလည်း နားလည်ထားပြီး မည်သို့သင်ကြားရမည်ကို ကောင်းစွာသိကြသည်။ သူတို့ကျောင်းစာသင်ခန်းများတွင် ကျောင်းသား ၄၀ ကျော်နေသည်ဆိုသော်လည်း ကျောင်းသားတစ်ဦးချင်းစီကို တတ်နိုင်သလောက် အလေးအနက်ထားပြီး သင်ကြားကုစားပေးတတ်ကြောင်းတွေ့ရသည်။

၎။ ကျောင်းအုပ်တိုင်းသည် ကျောင်းဆရာဘဝအတွေ့အကြုံရှိပြီးသူများ ဖြစ်ကြသည်။

အစိုးရ၏ ပညာရေးမူဝါဒများအရ ကျောင်းအုပ်အဖြစ် လုပ်ဆောင်မည့်သူများကို ကျောင်းဆရာဘဝ လုပ်သက်အတွေ့အကြုံရှိမှသာ ခန့်အပ်ကြသည်က များသည်။ ထို့ကြောင့် ကျောင်းတွင် ဘာကိုမဆို နားလည်ထားပြီးဖြစ်နေသည်။ စာသင်ခန်းတိုင်းတွင် စွမ်းဆောင်ရည်ထက်မြက်သူများဖြစ်အောင်လည်း ကြိုးစားအားထုတ်ကြသည်။ သူတို့လစာတွေက နည်းသည်။ ကျောင်းတွင်ချပေးထားသည့် ဘတ်ဂျက်ကလည်း တိုင်းတာသုံးစွဲကြရသည်။ သို့သော် ကျောင်းတွင် တပည့်များနှင့် အတူနေခွင့်မှာ အခြားဆရာများထက်သာသည်။ ထို့ကြောင့် တပည့်တွေအကြောင်း ပိုသိကြသည်။ သင်ကြားမှုသင်ယူမှုလမ်းကြောင်းကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်တတ်သူများဖြစ်နေခြင်းက အခြားနိုင်ငံများထက်သာသည်။ ဆိုလိုချင်သည်မှာ မရှိသည့်ကြားက မဖြစ်ဖြစ်အောင်လုပ်ဆောင်နိုင်စွမ်းတွေကို သူတို့ကောင်းစွာတတ် မြောက်ထားကြသည်။

၅။ မိဘများ ပူးပေါင်းမှုအားကောင်းသည်။

ဗီယက်နမ်ကျောင်းများတွင်လည်း မိဘဆရာ ပူးပေါင်းကလေးပညာကောင်းဆိုသည့် သဘောတရားကို လက်ကိုင်ထားကြကြောင်းတွေ့ရသည်။ ကျောင်းတိုင်းတွင် မိဘဆရာအသင်းများရှိသည်။ မိဘအဖွဲ့အစည်းများက ပူးပေါင်းပြီး ဆရာများကို အထောက်အပံ့ပေးသည်။ အားနည်းနေသည့် ကလေးများကို ဆရာများနှင့် ပူးပေါင်းကူညီသည်။ ကျောင်းအကြောင်းပြောလိုက်လျှင် မိဘတိုင်းက စိတ်အားထက်သန်စွာဖြင့် ဆွေးနွေးလေ့ရှိသည်။ ဗီယက်နမ်သည် ဆင်းရဲသည့်နိုင်ငံတစ်နိုင်ဟု ဆိုနိုင်သော်လည်း အလွန်စူးစမ်းလေ့လာအားကောင်းသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ တစ်ဦးချင်းဝင်ငွေနည်းသည့် နိုင်ငံဖြစ်နေသော်လည်း စီးပွားရေး၊ ပညာရေး ပြုပြင်ပြောင်းလဲမှုကို အကောင်းမြင်စိတ်ဖြင့် တစ်တပ်တစ်အား ပူးပေါင်းပါဝင်လိုစိတ်တွေရှိကြသည်။ သူတို့စိတ်ဓာတ်နှင့် သူတို့ကြိုးပမ်းချက်များမှာ ဗြိတိန်အတွက် အလေးထားစရာဖြစ်ကြောင်း နောက်ဆုံးကောက်ချက်ချထားသည်။

E-01