News

POST TYPE

EDUCATION

ပျော်ရွှင်စွာ စည်းကမ်း လိုက်နာစေခြင်း
28-Jul-2018


ကလေးဆိုတာ မိဘတွေရဲ့ စီမံသမျှကို ခံရမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးတွေရှိတဲ့ အသိုင်းအဝိုင်းမှာ တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ ကလေးတွေ ခံနေကြရပါလိမ့်မယ်။ ယဉ်ကျေးပညာတတ်တဲ့ အသိုင်းအဝိုင်းတွေကတော့ ကလေးတွေကို အပြစ်ပေးမယ့်အစား သူတို့လေးတွေကို စိတ်ဓာတ်ကောင်းတွေ ထားတတ်အောင် လေ့ကျင့်ပေးလေ့ရှိကြ တယ်။ ကလေးတွေကို ဆုပေးဒဏ်ပေးစနစ်နှစ်မျိုးစလုံးကျင့်သုံးတာကို စိတ်ဓာတ် ပျက်စီးစေတယ်လို့လက်ခံကြတဲ့ အသိုင်းအဝိုင်းတွေကလည်း ကလေးတွေကို သဘောပေါက်နားလည်အောင် ရှင်းပြခြင်းဖြင့်သာ အဖြေရှာနိုင်လိမ့်မယ်လို့ ယူဆထားကြပါတယ်။ 

စည်းကမ်းလိုက်နာရင် ကိုယ်တိုင်က စည်းကမ်းမရှိသူတွေ ဖြစ်နေပေမယ့် ကြိုက်ကြတာများပါတယ်။ ဒီတော့ စည်းကမ်းဆိုတာ ဘာလဲလို့ ဦးစွာမေးချင်ပါတယ်။ စည်းကမ်းဆိုတာ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး လုပ်တတ်တာမျိုးမဟုတ်ကြောင်းကိုတော့ နားလည်သဘောပေါက်ထားဖို့ လိုပါလိမ့်မယ်။

ဒါကြောင့် မိဘတွေရှေ့မှာဖြစ်စေ၊ ကွယ်ရာမှာဖြစ်စေ ကလေးတွေကို ကိုယ့်ကိုယ်ကိုယ်ထိန်းသိမ်းနိုင်တဲ့ အလေ့အကျင့်တွေ ပြုစုပျိုးထောင်ပေးနိုင်ခြင်းဟာ စည်းကမ်းရဲ့ အခြေခံသဘောတရားကို နားလည်စေခြင်းလို့ ဆိုနိုင်ပါတယ်။ ကလေးတွေကို စိတ်ခံစားချက်တွေ အလွန်အကျူးမဖြစ်အောင်၊ စိတ်နောက်ကိုယ်ပါ လုပ်ဆောင်မှုမျိုးတွေ မလုပ်နိုင်အောင် ဆင်ခြင်တုံတရား ထားတတ်အောင် လေ့ကျင့်ပေးတာ အကောင်းဆုံးဖြစ်ပါတယ်။ ကလေးတွေကို ရွေးချယ်ခွင့်နှစ်ခု အမြဲပေးနိုင်အောင် ကြိုးစားပါ။ ဒါလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတာ အကောင်းနဲ့ အဆိုးကို ယှဉ်တွဲပြီး နှစ်မျိုးပြနိုင်အောင် စီစဉ်ထားပေးသင့်တယ်။ 

မိဘတွေမှာ အားနည်းချက်ဖြစ်နိုင်တာက ကလေးတွေအပေါ် ယုံကြည်မှုနည်းတတ်တာဖြစ်ပါတယ်။ စိုးရိမ်တတ်မှုဟာ ချစ်တာမှန်ပေမယ့် တစ်ခါတစ်ရံ ကလေးတွေကို ကိုယ်စွမ်းကိုယ်စ နည်းစေတတ်ပါတယ်။ ဓားကိုင်ရင် ထိရှမှကြောက်တယ်။ မီးကိုင်ရင် အပူလောင်မှာ စိုးရိမ်တယ်။ ခွေးနဲ့ကစားရင် အကိုက်ခံရမှာကြောက်တယ်။ လမ်းထွက်ရင် ကားတိုက်ခံရမှာ စိုးရိမ်တယ်။ ပြေးရင် လဲကျမှာပူပန်နေတယ်။ 

ကလေးတွေကို စိုးရိမ်လို့ အစစအရာရာ လိုက်ပြောနေမယ့်အစား အတိုင်းအဆကို သူတို့ဘာသာ ထိန်းနိုင်အောင် လေ့ကျင့်ပေးနိုင်ရင်ပိုကောင်းတာပေါ့။ ဥပမာ - ပြေးရင် ဘယ်လိုပြေးသင့်တယ်။ ဘယ်နေရာမျိုးမှာ ပြေးသင့်တယ်။ ဓားကိုင်ရင် ဘယ်လိုကိုင်သင့်တယ်။ မီးခြစ်ကိုင်ရင် ဘယ်လိုနေရာတွေမှာ ကိုင်သင့်တယ်ဆိုတာတွေ လေ့ကျင့်ပေးရမယ့်အစား မလုပ်နဲ့ မပြေးနဲ့ မကစားနဲ့ဆိုပြီး နေရာတကာလိုက်ပြီး ထိန်းချုပ်ထားရင် ကလေးတွေရဲ့ ကိုယ်ရည်ကိုယ်သွေးတွေ လျှော့ပါးသွားနိုင်တယ်။

ကလေးတွေကို ရိုက်လိုက်တာဟာ သူတို့အသားကို နာစေတဲ့အပြစ်ပေးနည်းတစ်ခုဖြစ်ပြီး နောက်ထပ် ရှေ့တိုးပြီး တစ်ခုခုကို ထပ်မလုပ်နိုင်အောင် တားဆီးလိုက်တာလို့လည်း ယူဆနိုင်ပါတယ်။ ဒါပေမဲ့ ရိုက်လိုက်တိုင်း နောက်ထပ်မလုပ်ဘူးလို့ မပြောနိုင်ပါဘူး။ မိဘတွေကလည်း လက်ငင်းအနေအထားတစ်ခုကို တားဆီးလိုက်ခြင်းသာဖြစ်ပြီး ကလေးက စိတ်နာနာနဲ့ ငိုကြွေးလိုက်တဲ့ အဖြေတစ်ခုကိုသာ ရရှိနိုင်ပါတယ်။ နောက်ထပ်မလုပ်တော့ပါဘူးလို့ သူဘယ်လောက်ပြောပြော အဲဒါ အဖြေမဟုတ်ပါဘူး။

လူကြီးတွေ လုပ်သင့်တာက ရှင်းပြသင့်ပါတယ်။ လမ်းပေါ်ပြေးချင်တဲ့ကလေးကို ကားတိုက်လိမ့်မယ်ဆိုတာ ရှင်းပြနိုင်ရမယ်။ ပြေးချင်တဲ့ကလေးကို ကားမရှိတဲ့နေရာ ပြေးနိုင်အောင် ကြံဆောင်ပေးရမယ်။ မီးဖို၊ ဟော့ပလိပ်ကို ကိုင်ချင်တဲ့ကလေးကို ပူကြောင်း တစ်ခုခုနဲ့ လက်တွေ့ပြသင့်တယ်။ ကလေးက ပူသွားရင် ဒါဟာကိုင်ပြီးဆော့ရတဲ့အရာမဟုတ်ပါလားလို့ သိသွားလိမ့်မယ်။ 

လုပ်ငန်းခွင်တွေမှာ စည်းကမ်းလိုက်နာအောင် ထိန်းသိမ်းရတာ အလွန်ခက်ခဲတတ်ပါတယ်။ လုပ်ငန်းခွင်အတွက် အကောင်းဆုံး ထိန်းသိမ်းနည်းကတော့ ဆုပေး၊ ဒဏ်ပေးစနစ်ကို ကျင့်သုံးခြင်းလို့ လက်ခံထားကြတာ များပါတယ်။ သူတို့အတွက်ကတော့ မက်လုံးပေးပြီးစည်းရုံးတာ အကောင်းဆုံးလို့လည်းဆိုကြတယ်။ ဥပမာ - လခ၊ ရာထူး၊ ရုံးခန်း၊ ဂုဏ်ပြုလက်မှတ် စသည်ဖြင့် တစ်ခုခုမျှော်လင့်ချက်တွေပေးထားရင် လုပ်ငန်းခွင်အောင်မြင်တယ်လို့ ဆိုတတ်တယ်။ 

သုတေသီတွေကတော့ အလုပ်သမားတွေဟာ အလုပ်မှာပျော်ရင် ပိုပြီးကောင်းအောင် လုပ်ချင်စိတ်တွေ ပေါ်လာတတ်တယ်လို့ ဆိုပါတယ်။ အလုပ်ခွင်မှာ ပျော်လာရင် အလုပ်ကိုတန်ဖိုးထားလာမယ်။ အလုပ်ကို တန်ဖိုးထားလာရင် သူတို့ကိုယ်သူတို့ စည်းကမ်းလိုက်နာပြီး ထိန်းချုပ်တတ်လာလိမ့်မယ်လို့လည်း ဆိုကြတယ်။

ကလေးဘဝနဲ့ လုပ်ငန်းခွင်သဘာဝ ထိန်းကျောင်းရတာ အသွင်တူပါတယ်။ ဆုပေးချီးမြှင့်ပေးတာတွေ မရှိဘဲ၊ အပြစ်ပေးဒဏ်ပေးမှုတွေချည်း လုပ်နေမယ်ဆိုရင် မပျော်တော့ပါဘူး။ မပျော်ရင် ကလေးဖြစ်စေ လူကြီးဖြစ်စေ ခွတိုက်ပါတော့မယ်။ ခွတိုက်ရင် ကောင်းတာထက် ဆိုးတာတွေဖြစ်တတ်တယ်။ ဒါကြောင့် ပျော်ရွှင်တဲ့ မိသားစုဘဝ၊ ပျော်ရွှင်တဲ့လုပ်ငန်းခွင်ကို ဖန်တီးနိုင်ခြင်းဟာ စည်းကမ်းလိုက်နာ တိုးတက်စေတဲ့ နည်းလမ်းတစ်ခုဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

E-01