News

POST TYPE

EDUCATION

ဆရာများ၏ ရင်ဖွင့်သံ ( အကြံပြုစာပုံး )
19-Jul-2018

အခြေခံပညာကျောင်းများနှင့် ပတ်သက်၍ ပြည်သူများ ဝေဖန်အကြံပြုနိုင်ရေး၊ နစ်နာမှုများကို ရယူဖြေရှင်းပေးနိုင်ရေး အခြေခံပညာကျောင်းတိုင်းတွင် အကြံပြုစာပုံးထားရှိရန် ပညာရေးဝန်ကြီးဌာနက စီစဉ်နေခြင်းအပေါ် ဆရာ၊ ဆရာမများ၏ ဝေဖန်၊ အကြံပြုချက်များကို ဆရာများရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။

“လူနည်းစုပါဝင်လာနိုင်အောင် တစ်ယောက်မှကျန်ရအောင် ရည်ရွယ်ချက်နဲ့ ထားရတာပေါ့”

ဦးတင်ခိုင်ညွန့် (ကျောင်းအုပ်၊ အထက၊ အိုးသည်ကုန်း၊ ပဲခူးတိုင်း)

အကြံပြုစာပုံးဆိုတာက ဆရာရော၊ ကျောင်းသား၊ မိဘရော ဘယ်သူမဆို ထည့်လို့ရတယ်။ နာမည်ရေးတာလည်းရှိမယ်။ နာမည်မရေးတာလည်း ရှိမယ်ပေါ့။ ကြိုက်တာရေးလို့ရတယ်။ စာပုံးစစ်ဖို့အတွက်က ကျွန်တော်တို့ကျောင်းနယ်မြေမှာဆိုရင် ကျောင်း ၁၂ ကျောင်းရှိတယ်။ အထက မိသားစုပေါ့။ ဒီနယ်မြေက အုပ်စုမှူးတစ်ယောက်ရှိမယ်။ နောက် အထက်တန်းကျောင်းအုပ်ကြီးက နယ်မြေမှူးပေါ့။ နယ်မြေမှူးရယ်၊ ပညာရေးမှူးရုံးက တစ်ယောက်ရယ် ဒီသုံးယောက်က ဒီစာပုံးကိုဖွင့်ရမယ်။ စာပုံးထဲမှာ တိုင်စာက ဘယ်နှစောင်၊ အကြံပြုစာက ဘယ်နှစောင်၊ ဝေဖန်တာက ဘယ်နှစောင်ဆိုပြီး ပေးထားတဲ့ပုံစံအတိုင်းဖြည့်ပြီး မြို့နယ်ပညာရေးမှူးရုံးကို ယူသွားရမယ်။ အကြံပြုစာပုံးဆိုတာက ဟိုတုန်းကလည်း အဲလိုထားတာရှိဖူးတယ်။ အဓိက သူ့ရည်ရွယ်ချက်က လူနည်းစုပါဝင်လာနိုင်အောင် တစ်ယောက်မှမကျန်ရအောင် ရည်ရွယ်ချက်နဲ့ ထားရတာပေါ့။ ကျွန်တော်တို့ကျောင်းအနေနဲ့ အကြံပြုစာပုံး ထားဖို့ပြင်နေပါတယ်။ အခုမှ ပုံးလုပ်နေတုန်းပဲ။ စာပုံးထားဖို့အတွက် လုပ်နေတာက အခက်အခဲမရှိပါဘူး။ တစ်ခုက ဘယ်နေရာမှာထားမလဲဆိုတာ ညှိရဦးမယ်။ နေရာက ၃ နေရာရှိတယ်။ စာသင်ကျောင်းရယ်၊ ဘုန်းကြီးကျောင်းရယ် နောက်တစ်ခုက အုပ်ချုပ်ရေးမှူး ရုံးရယ်။ အဲဒီ ၃ နေရာတော့ တွေးထားတယ်။ အဲဒီထဲကမှ အဆင်ပြေတဲ့နေရာမှာထားဖို့ ကျောင်းကစီစဉ်နေတယ်။ ကျောင်းတစ်ကျောင်းနဲ့ တစ်ကျောင်းတော့ မတူနိုင်ဘူး။ ကျွန်တော်တို့က ဝန်ထမ်းတွေဆိုတော့ အပေါ်ကချမှတ်ပေးရင် လိုက်လုပ်ရတာပေါ့။ ဒါပေမဲ့ ဒီကိစ္စအတွက် အမျိုးမျိုးဝေဖန်ကြတာလည်းရှိတာပေါ့။ အကြံပြုစာပုံးဆိုတော့ တိုင်စာလည်း ဖြစ်နိုင်တယ်။ ဝေဖန်စာ ဖြစ်နိုင်တယ်။ အကြံပြုစာလည်း ဖြစ်နိုင်တယ်။ အဓိကဖြစ်နေတာက ကျောင်းဖွံ့ဖြိုးရေးရန်ပုံငွေပေါ့။ လူထုနဲ့ပြဿနာဖြစ်ပြီး အများအားဖြင့် တိုင်ကြတာပေါ့။ အဲဒီကိစ္စအများဆုံးဖြစ်တော့ ဒီအကြံပြုစာပုံး ထားရှိပြီး ပြည်သူတွေ၊ မိဘတွေပဲဖြစ်ဖြစ်ပေါ့ ဒီစာ ပုံးထဲကို စာထည့်ပြီး ဖြေရှင်းနိုင်မယ်လို့ထင်တယ်။ တိုင်မယ်ဆိုရင်တောင် အပေါ်မရောက်တော့ဘူးပေါ့။ အောက်ခြေမှာပဲ နယ်မြေမှာ ရှင်းနိုင်ရင်ရှင်း၊ မရှင်းနိုင်ရင် ပညာရေးမှူးရုံး၊ ခရိုင်ရုံးတင်ပြပေါ့။ အဲလိုမျိုး တစ်ဆင့်ပြီးတစ်ဆင့် သွားမယ့်ပုံတော့ရှိတယ်။ ကျောင်းသားမိဘတွေရင်ထဲမှာ ရှိနေတဲ့အကြောင်း မကျေနပ်တာ၊ နစ်နာတယ်လို့ထင်တဲ့အကြောင်းတွေပေါ့ အဲဒါတွေကို ပွင့်ပွင့်လင်းလင်းရေးမယ်။ ဖြေရှင်းပေးနိုင်မယ်ဆိုရင် သူတို့လည်း ကျေနပ်သွားမယ်။ အဲဒီအကျိုးကျေးဇူးတော့ရမယ်။ အခုလောလာဆယ်တော့ စာပုံးထားဖို့လုပ်နေတာပဲရှိသေးတယ်။ အဲဒီတော့ စောင့်ကြည့်ရမှာပေါ့။

“သိပ်အရေးတယူ မလုပ်ကြဘူးလို့ တွေးမိတယ်” 

ဦးမျိုးမင်းအောင် (အလယ်တန်းပြ၊ အထက (၁)၊ ကလေးမြို့၊ စစ်ကိုင်းတိုင်း)

ကျွန်တော်တို့ကျောင်းမှာတော့ အကြံပြုစာပုံးထားရေးနဲ့ပတ်သက်ပြီး ဘာမှပြောသံမကြားသေး ဘူး။ ကလေးမြို့နယ်အနေနဲ့လည်း ဘာသတင်းမှ မရသေးပါဘူး။ ညွှန်ကြားချက်လည်း မရောက်လာသေး ဘူး။ ကျွန်တော့်အတွေ့အကြံရ ရုံးတိုင်းမှာ အကြံပြုစာပုံးတွေ တွေ့ဖူးတယ်။ ခုလည်းရှိကြတယ်။ ဒါပေမဲ့ များသောအားဖြင့် ရုံးတွေမှာ ဒီအကြံပြုစာပုံးကို ဘယ်သူကမှ ဖွင့်ဖောက်စစ်ဆေးတာမျိုး မတွေ့ဖူးဘူး။ ဘယ်သူကပဲထည့်ထည့် ဘာတွေပဲရေးရေး သိပ်အရေးတယူ မလုပ်ကြဘူးလို့ တွေးမိတယ်။ အကြံပြုစာထည့်တာထက် တကယ်တမ်း ထိရောက်တာက ဥပမာပြောရရင် ရန်ကုန်ဆေးရုံကြီးလိုမျိုးပဲ။ အွန်လိုင်းမှာတင်လိုက်တာ တော်တော်အောင်မြင်တယ်လို့ ပြောလို့ရတယ်။ ဒီဟာကမှ ထိရောက်တယ်လို့မြင်တယ်။ ကျွန်တော်တို့ မြို့နယ်မှာတော့ ဘာညွှန်ကြားစာမှ ထွက်မလာသေးတော့ ဆရာ၊ ဆရာမတွေကြားလည်း ဘာသံမှ ထွက်မလာသေးဘူး။ စာပုံးထားမယ်ဆိုရင်လည်း ကျွန်တော့် အယူအဆတော့ ဒီစာပုံးကို ဘယ်သူမှ အလေးမထားဘူးလို့မြင်တယ်။ ထားမယ်ဆိုလည်း လက်ခံလို့ရပါတယ်။ များသောအားဖြင့် စာပုံးထားမယ်ဆိုရင် ကောင်းရာကောင်းကျိုးအတွက် အကြံပေးတဲ့သူလည်း ရှိမှာပဲ။ ကောင်းတာရေးသူရှိသလို မကောင်းတာရေးသူလည်းရှိမှာပဲ။ အဲတော့ အကြံပြုစာပုံး ထားမယ်ဆိုရင် အကောင်းရော အဆိုးရောဖြစ်နိုင်တယ်။ ဆရာ၊ ဆရာမတွေဘက်က ရဲရင့်မယ်၊ မှန်ကန်မယ်ဆိုရင် ဘာမှကြောက်စရာမလိုဘူးလို့ ထင်ပါတယ်။ အကြံပြုချက်တွေကို ဖွင့်ဖောက်ပြီး တကယ်စစ်ဆေးမယ်ဆိုရင်တော့ ကောင်းပါတယ်။ နောက် ဒီစာတွေကို စစ်ဆေးတဲ့အခါ အကြံပြုစာဖြစ်မလား၊ တိုင်စာဖြစ်မလားဆိုတာ ဝေခွဲဖို့တော့လိုတယ်။ ရည်ရွယ်ချက်ကိုက အကြံပြုစာဆိုတော့ စစ်ဆေးရေးအဖွဲ့အနေနဲ့ ဆရာ၊ ဆရာမကို လမ်းညွှန်ပြုပြင်ပေးလို့ရမယ်ပေါ့။ တိုင်စာဆိုရင်တော့ တစ်မျိုးပေါ့။ ဒါကြောင့် ဆရာ၊ ဆရာမတွေ တကယ်လို့ စိုးရိမ်မှုဖြစ်လာခဲ့ရင်လည်း တိုင်စာမဟုတ်ဘဲ အကြံပြုစာဖြစ်တဲ့အတွက် အရေးယူလို့မရဘူးလို့ထင်ပါတယ်။ အကြံပြုချက်အတိုင်း ဖြေရှင်းပေးဖို့လို့ပဲ ခံယူပါတယ်။

“အကြံပြုစာပုံးထားတာက ကျောင်းတွေအတွက်မလိုအပ်ဘူးထင်ပါတယ်”

ဦးခင်အောင် (အထက်တန်းပြ (ပင်စင်ကြိုတင်ပြင်ဆင်ခွင့်ခံစားနေသူ) အထက၊ စကု၊ မကွေးတိုင်း)

ပြီးခဲ့တဲ့တစ်ပတ်လောက်က လယ်အုပ်၊ ထက်အုပ၊် အုပ်တွေ ကျောင်းရန်ပုံငွေသုံးစွဲမှု စာရင်းဇယားသင်တန်းမှာ မြို့နယ်ရုံးနဲ့ ခရိုင်ရုံးက အကြံပြုစာပုံးထားဖို့ပြောတယ်။ စာနဲ့ ညွှန်ကြားတာမျိုး မရှိသေးဘူး။ ခုက စာပုံးထားဖို့ကိစ္စ အစည်းအဝေးလုပ်ကြတုန်းပဲ။ ထားဖို့မထားဖို့ အခြေအနေကတော့ နောက်ထပ်စာနဲ့ ညွှန်ကြားချက်ထပ်လာမှပဲ ထားဖြစ်မယ်။ မနှစ်ကလည်း စာတစ်စောင် ထွက်ဖူးတယ်။ ကျောင်းအုပ်ကြီးနဲ့ ကျောင်းအုပ်အခြေအနေ၊ ဝန်ထမ်းအခြေအနေ၊ ကျောင်းသားအခြေအနေတွေ လာရောက်ဆွေးနွေးနိုင်သည်ဆိုတဲ့ စာရွက်ထွက်ဖူးတယ်။ မိဘတွေအနေနဲ့ ကျောင်းအုပ်နဲ့တွေ့ပြီး ဆွေးနွေးတာမျိုးရှိခဲ့တယ်။ အကြံပြုစာပုံးထားတာမျိုးတော့ မရှိခဲ့ဖူးဘူး။ ဒီလို အကြံပြုစာပုံးထားတာက ကျောင်းတွေအတွက် မလိုအပ်ဘူးထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျောင်းမှာက အခြေခံက ညွှန်ကြားထားတဲ့အတိုင်း မိဘဆရာအသင်းတွေရှိတယ်။ ကျောင်းအကျိုးတော်ဆောင်ရှိတယ်။ သူတို့အဖွဲ့အစည်းတွေကလည်း ဝန်ထမ်းရေးရာမှာ ပြောရေးဆိုခွင့်ရှိနေတာ ပဲ။ ကျန်တဲ့မိဘပြည်သူတွေအနေနဲ့ ပြောချင်တယ်ဆိုရင်လည်း မနှစ်က ထွက်ထားတဲ့စာအရ ကျောင်းအုပ်နဲ့ တိုက်ရိုက်တွေ့ပြီး ပြောလို့ရနေတာပဲ။ ဒီပုံးက မလိုအပ်ဘူးလို့ထင်ပါတယ်။ အကြံပြုစာလို့ ပြောတဲ့အတိုင်း အကြံပြုရင်တော့ ကောင်းပါတယ်။ အကြံပြုစာမဟုတ် ဘဲ စာအောက်မှာလည်း မှတ်ပုံတင်နံပါတ်မပါဘဲ၊ အမည်နာမမပါဘဲ တွေ့ကရာရေးပြီး လာထည့်ထားမယ်။ မြို့နယ်ကယူမယ်။ ခရိုင်ကယူမယ်ဆိုရင် ကျောင်းအုပ်တစ်ယောက် မသိရတဲ့ကိစ္စမျိုးဆိုရင် ပြဿနာတွေ အများကြီးဖြစ်လာနိုင်တယ်။ ဒီမှာက ကျောင်းသားအများကြီး၊ ဝန်ထမ်းအများကြီးကို ထိန်းသိမ်းရတဲ့အခါ ဝန်ထမ်းတွေရဲ့အောက်ကလှုပ်ရှားမှုကို တစ်နေ့တာအတွက် အများကြီးဖြေရှင်းနေရတာ။ အဲဒါမျိုးကို ပြည်သူလူထုက ကျောင်းကိုလာရင်းနဲ့ တွေ့သွားလို့ မြင်သွားလို့ အကြံပြုတာဆိုရင်တော့ကောင်းပါတယ်။ အဲလိုမဟုတ်ဘဲ တွေ့ရာရေးပြီး ထည့်ထားရင် မကောင်းဘူးပေါ့။ ကောင်းကျိုးဆိုးကျိုး ဒွန်တွဲနေတယ်။ ကျွန်တော့် အမြင်ကတော့ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများမယ်လို့ထင်တယ်။ ကောင်းကျိုးက မိဘဆရာအသင်းနဲ့ ကျောင်းအကျိုးတောင်ဆောင်ရှိနေတော့ သူတို့နဲ့တွဲဖက်ပြီးလုပ်ရင်လည်း ရပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဆရာ၊ ဆရာမတွေအများစုက ဒီစာပုံးမထားစေချင်ဘူး။ ဒီစာပုံးနဲ့ပတ်သက်ပြီး ကန့်ကွက်ချင်တဲ့သဘောတောင်ရှိတယ်။ ဆရာတွေသဘောက အကြံပြုမယ်ဆိုရင် ထိပ်တိုက်လာပြောလို့ရတယ်။ နောက် ဝန်ထမ်းအနေနဲ့ ကောင်းကျိုးဆိုးကျိုးကို အကြံပြုမယ်ဆိုရင် ဒီရပ်ကွက်ထဲမှာပဲနေတာဖြစ်တဲ့အတွက် လာပြောလို့ရတယ်။ ဒီတော့မျက်နှာချင်းဆိုင်တွေ့ပြီးပြောတာက ပိုကောင်းတာ။ အဲဒီတော့ မဖြစ်သင့်ဘူးလို့ပဲ ယူဆတာပေါ့။