News

POST TYPE

EDUCATION

ကွန်ပျူတာမပါဘဲ ပရိုဂရမ် သင်ကြားနည်း
07-Jul-2018 tagged as



အမေရိကန်များက ကျောင်းများတွင် iPad မပါဘဲ ကွန်ပျူတာမသင်ကြားနိုင်ဟု ပြောဆိုနေချိန် တွင် ဖင်လန်နိုင်ငံပညာရေးစနစ်က နားမလည်နိုင်လောက်အောင် ဖြစ်နေရပါသည်ဟု ဆိုသည်။ ဖင်လန်တွေက ကျောင်းများတွင် ကွန်ပျူတာမရှိလည်း သင်ကြားနိုင်ပါသည်ဟုဆိုကြသည်။

ယခုအခါ နိုင်ငံကြီးတိုင်းတွင် ကွန်ပျူတာကုတ်ရေးနည်းနှင့် ပရိုဂရမ်ရေးနည်းများကို သင်ရိုးများတွင် ထည့်သွင်းပြီး အလေးထားသင်ကြားရန်အတွက် တစ်ခေတ်ပြောင်းရန် အားထုတ်နေကြသည်။ အမေရိကတွင် ကွန်ပျူတာကုတ်ရေးနည်းမှာ အကန့်အသတ်နှင့်ဖြစ်နေသေးသည်။ သို့သော် ဖင်လန်နိုင်ငံကလေးတွေကို သူတို့ဆရာတွေက ကွန်ပျူတာမပါဘဲ အခြေခံကုတ်ရေးနည်းတွေ သင်ကြားနေကြသည်။ ဘာသာရပ်တိုင်းတွင် ကွန်ပျူတာကုတ်ရေးနည်းနှင့် ဆက်စပ်နိုင်စေရန် ထည့်သွင်းသင်ကြားလေ့ကျင့်ပေးနေကြခြင်းဖြစ်သည်။

ဖင်လန်နိုင်ငံမှ လင်ဒါလျူးကာ့စ်သည် ပရိုဂရမ်မာတစ်ဦးဖြစ်သည်။ သူက ဖင်လန်နိုင်ငံမှ ဆရာများကို ကွန်ပျူတာ ပရိုဂရမ်ရေးနည်းများ လေ့ကျင့်သင်ကြားပေးနေသူလည်းဖြစ်သည်။ သူ့နည်းက ကွန်ပျူတာကုတ်ရေးနည်းမှာ မခက်၊ ကြောက်စရာမဟုတ်၊ မရှုပ်ကြောင်း သက်သေပြနိုင်ရန် အားထုတ်လေ့ကျင့်ပေးနေသည်။ 

လင်ဒါ၏ ကွန်ပျူတာပရိုဂရမ်ရေးနည်းကို Ruby ဟု အမည်ပေးထားသည်။ ကျောင်းတိုင်းတွင် Ruby နည်းကို အလွယ်ဆုံး လေ့လာနိုင်စေရန် စီစဉ်ပေးထားသည်။ ကွန်ပျူတာရှိစရာမလို။ ကျောင်းများတွင် ကွန်ပျူတာပုံစံများတည်ဆောက်ထားပြီး ကစားသလို ကစားကာ ကုတ်ရေးနည်းတွင် အရေးပါသည့် (loop) ဆိုသော သဘောတရားကို နားလည်အောင်သင်သည်။ ကွန်ပျူတာကီးဘုတ်ပုံစံတီထွင်ထားသည့် ကားချပ်များပေါ်တွင် တစ်နေရာမှ တစ်နေရာကို လှမ်းခုန်ခြင်း၊ ကျော်ဖြတ်ခြင်း၊ ကခုန်လိုက်ခြင်းဖြင့် loop သဘောတရားကို နားလည်အောင် သင်သွားသည်။ သူ၏ Ruby တန်းတွင် လက်ခုပ်သံများ၊ ခုန်ပေါက်သံများဖြင့် ဆူညံကောင်း ဆူညံနိုင်သည်။ ယင်းသည်ပင် ပရိုဂရမ်ရေးနည်း သင်နေကြခြင်းဖြစ်သည်။

ဖင်လန် လက်မှုသင်တန်းများတွင်လည်း loop ဆိုသည့် သဘောတရားကို ဇာထိုးခြင်းသဘောတရားနှင့် သင်သည်။ သူတို့ပုံပြောလျှင်လည်း အကြောင်းမဲ့မပြော။ ညွှန်ကြားချက်များ၊ အမိန့်များကို ထည့်သွင်းသင်ကြားသည်။ ပရိုဂရမ်မင်း သင်ကြားရန်အတွက် Ruby တွင်လည်း ပုံပြင်လေးများကို ကလေးများအတွက် စီစဉ်ပေးထားသည်။ ပုံပြင်ထဲတွင် ကလေးကို အဝတ်လဲခိုင်းမည်၊ ဘောင်းဘီလဲခိုင်းမည်၊ ဘောင်းဘီအမျိုးအစားကို ကြေညာပေးရမည်၊ ဘောင်းဘီပျောက်လျှင် ရှာခိုင်းမည်။ အားလုံးဝတ်ဆင်ပြီးလျှင် အပြင်ထွက်ခိုင်းမည်။ 

iPhone သည် စူးစမ်းလေ့လာတတ်သည့် ကလေးများအတွက် ရှိနိုင်လျှင်ကောင်းပါသည်။ သို့သော် ကွန်ပျူတာရှိခြင်းထက် ကွန်ပျူတာဆိုသည်မှာ မည်သို့အလုပ်လုပ်ကြောင်း၊ ဘာတွေ လုပ်ဆောင်ပေးနိုင်ကြောင်း၊ ကွန်ပျူတာသုံးခြင်းဖြင့် ဘာတွေထူးခြားသွားနိုင်ကြောင်း သဘောတရားတွေကို ငယ်စဉ်ကတည်း သင်ကြားပေးထားသင့်ကြောင်း ဖင်လန်ဆရာများက နားလည်ထားကြသည်။ ကွန်ပျူတာသည် လူလုပ်ထားသည့် စက်တစ်ခုဖြစ်ပြီး လူသားခိုင်းနိုင်သလောက် လုပ်ဆောင်နိုင်စွမ်းရှိသည်ဆိုသော သဘောတရားကို သူတို့ နားလည်စေရန် အခြေခံကျကျ သင်ကြားပေးထားနိုင်ရမည်။ 

ကွန်ပျူတာ အခြေခံသဘောတရားကို သင်ကြားရန်အတွက် အရေးအကြီးဆုံးမှာ အချင်းချင်းပူးပေါင်း ဆောင်ရွက်ခြင်း၊ အပြန်အလှန် ဆွေးနွေးတိုင်ပင်တတ်ခြင်းနှင့် တီထွင်ဖန်တီးဆန်းသစ်တွေးတောနိုင်ခြင်းတို့ဖြစ်သည်။ ထိုသဘောတရားများကို ကလေးဘဝကတည်းက အခြေခံပါလာလျှင် ကွန်ပျူတာသင်ရသည်မှာ ပိုပြီးလွယ်ကူသည်။

ဖင်လန်နိုင်ငံတွင် သိပ္ပံဆရာများကိုသာမက ဝိဇ္ဇာဘာသာရပ်သင်ကြားသည့် ဆရာများကိုပါ အထက်ပါသဘောတရား သုံးမျိုးစလုံးပါသည့် တွေးတောဆင်ခြင်နည်းများဖြင့် သင်ကြားပေးကြရန် ညွှန်ကြားထားသည်မှာ အနာဂတ်ကွန်ပျူတာ သင်ကြားရေးစနစ်အတွက် အခြေခံနေခြင်းဖြစ်သည်။ အမေရိကနှင့် ကွာခြားချက်မှာ ဖင်လန်ဆရာတွေက ကိုယ်ပိုင်အတွေးအမြင်များဖြင့် လွတ်လပ်စွာသင်ကြားခွင့်ရှိခြင်းဖြစ်သည်။ ထို့ပြင်ကလေးတွေကို စာမေးပွဲနှင့် မပိုင်းဖြတ်၊ အမှတ်နှင့်မသတ်မှတ်။ သူတို့က အရည်အချင်းကိုကြည့်ပြီး သတ်မှတ်သည်။ လိုလျှင်ဖြည့်သည်။ ပိုလျှင်တစ်ဆင့်တက်သည်။

ဖင်လန်နိုင်ငံက ပညာရေးကို နိုင်ငံတော်စီးပွားရေးတိုးတက်ဖွံ့ဖြိုးရန် အမျိုးသားအကျိုးစီးပွားတစ်ခုအနေနှင့် အကောင်အထည်ဖော်နေကြခြင်းဖြစ်သည်။ နော်ဝေသည် ရေနံ၊ ဆွီဒင်သည် တွင်းထွက်၊ ဒိန်းမတ်သည် ဘဏ်လုပ်ငန်းများဖြင့် နိုင်ငံတိုးတက်စေရန် ကြံဆောင်နေကြချိန်တွင် ဖင်လန်က နိုင်ငံသားတို့၏ ဦးနှောက်များဖြင့် နိုင်ငံတော်ကို တည်ဆောက်နိုင်ရန် ကြိုးစားနေကြခြင်းဖြစ်သည်။ 

ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် ဖင်လန်နိုင်ငံ၌ ပညာရေးဖြင့် နိုင်ငံတော်ကို ပြန်လည်တည်ဆောက်နိုင်မည့်စနစ် အခြေခံများကို သတ်မှတ်နိုင်ခဲ့ကြသည်။ သို့သော် ၁၉၇၀ ပြည့်နှစ်ပိုင်းလောက်ကစပြီး တောက်လျှောက် ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့ကြသည်။ ၁၉၇၉ ခုနှစ်ကစပြီး ဆရာများသည် အနည်းဆုံးမာစတာဘွဲ့ ရထားရမည်ဟု သတ်မှတ်လိုက်သည်။ ကျောင်းရှိ အတန်းများကို ကျောင်းသားအနည်းဆုံးဖြစ်အောင် ထည့်သွင်းသည်။ အခြေခံကျောင်းက ဆရာများကို တက္ကသိုလ်ကောလိပ်ကဆရာတွေထက် လစာကောင်းကောင်းပေးသည်။ ဆရာအတတ်သင်တန်းတွေ တက်ခိုင်းသည်။ နည်းပညာကို မဖြစ်မနေသင်ကြားတတ်မြောက်စေရန် စီစဉ်ပေးထားသည်။ ဆရာတွေဘဝကို ဦးစွာမြှင့်တင်ပြီးမှ ပညာရေးကို မြှင့်တင်ခြင်းအား ဆောင်ရွက်နေကြောင်း သတိပြုစေလိုသည်။ 

နည်းပညာကသာ အနာဂတ်ပညာရေးကို အဆုံးအဖြတ်ပေးနိုင်မည်ဖြစ်ကြောင်း ကမ္ဘာက ရှုမြင်သုံးသပ်နေကြပြီဖြစ်သည်။ ထို့ကြောင့် ကွန်ပျူတာ သုံးတတ်ရေးလောက်ကို မသင်တော့။ ကွန်ပျူတာနှင့် ဖန်တီးတည်ဆောက်နိုင်ရေးတို့ကို အဓိကထားသင်နေကြောင်း သတိပြုစေလိုသည်။ အနာဂတ် ပညာရေးလမ်းကြောင်းသည် AI ခေါ် လူသားအတိုင်းလုပ်ဆောင်နိုင်သည့် ဉာဏ်ရည်တုကို ဖန်တီးနိုင်မည့် သူများလိုအပ်သည်။ ထို့ကြောင့် ကုတ်ရေးနည်း၊ ပရိုဂရမ်ရေးနည်းများကို လေ့ကျင့်သင်ကြားရန် အားထုတ်နေကြပြီဖြစ်သည်။ အချို့သော နိုင်ငံများတွင် မည်သည့်ဘာသာနှင့် သင်ကြားရမည်ကိုပင် ယနေ့တိုင် မဆုံးဖြတ်နိုင်ဖြစ်နေကြသေးသည်။

E-01

(Ref: Kids Learn Computer Science Without Computers)

  • TAGS