News

POST TYPE

EDUCATION

အမေရိက တက္ကသိုလ်လမ်းညွှန်
07-Jul-2018 tagged as



မေရိကန်ပြည်ထောင်စုတွင် အထက်တန်းအောင်ပြီးလျှင် နိုင်ငံအတွင်းရှိ သန်းပေါင်းများစွာသော အထက်တန်းကျောင်းများမှ ကျောင်းသားကျောင်းသူများသည် ကောလိပ်အဆင့်တက်နိုင်ရေးကို ကြိုးပမ်းကြရသည်။ အထက်တန်းကျောင်းအဆင့် အောင်ပြီးလျှင် သူတို့ဆီတွင် ဘွဲ့တစ်ခုပေးသည်။ အထက်တန်း အောင်မြင်ပြီးကြောင်း အသိအမှတ်ပြုဘွဲ့ဖြစ်သည်။ အထက်တန်းအောင်မြင်ပြီးသူတိုင်း ကောလိပ်ဆက်တက်နိုင်ရေးအတွက် ရွေးချယ်မှုများကို လုပ်ရသလို၊ နောက်ဆုံးသတ်မှတ်ရက်မတိုင်မီ လျှောက်လွှာများကိုလည်း တင်ကြရသည်။ 

ကောလိပ်တက်နိုင်ရေးအတွက် လျှောက်လွှာတင်နိုင်ရေးမှာလည်း စိတ်ဖိစီးမှုတစ်ခုကို ရင်ဆိုင်ကြရသည်။ အနာဂတ်လမ်းကြောင်းအတွက် အရွေးမမှားအောင် ဂရုစိုက်ကြရသည်။ နာမည်ကြီး ကောလိပ်ကျောင်း အများစုသည် ယှဉ်ပြိုင်စနစ်ဖြင့်သာ လက်ခံနေကြသည်က များသည်။ အထက်တန်းကျောင်းတက်နေကတည်းက နာမည်ကျော် ကောလိပ်ကျောင်းကြီးများတွင် ဝင်ခွင့်ရရေးအတွက် ကျောင်းသားအများစုမှာ စိတ်ဖိစီးကြရသည်။

အမေရိကန်ပြည်ထောင်စုတွင် အထက်တန်းအဆင့်ပြီးလျှင် အဆင့်မြင့်ပညာရေးအတွက် ဆက်တက်နိုင်ရန် ပြင်ဆင်ကြရသည်။ ကောလိပ်နှင့် တက္ကသိုလ်များသည် သီးခြားသက်ဆိုင်ရာပညာရပ်နှင့် ဘာသာရပ်ဆိုင်ရာ အထူးပြုသင်ကြားပေးမှုအရ ကွဲပြားကြသည်။ အသက်မွေးပညာသင်ကျောင်း၊ စီးပွားရေးပညာသင်ကျောင်း၊ အင်ဂျင်နီယာအတတ်သင်ကျောင်း၊ နည်းပညာအတတ်သင်ကျောင်း စသည်ဖြင့် အမျိုးမျိုး လိုင်းခွဲများကို ဖွင့်လှစ်ထားကြသည်။ 

အမေရိကန်ပြည်ထောင်စုတွင် “ကောလိပ်” ဆိုသည်မှာ သုံးမျိုးခွဲခြားထားကြောင်းလည်း တွေ့ရသည်။ (၁) Community ကောလိပ် (၂) Liberal Arts ကောလိပ်နှင့် (၃) တက္ကသိုလ်ကြီးများလက်အောက်ရှိ ကောလိပ်ခွဲများဖြစ်သည်။ တက္ကသိုလ်ကြီးများအောက်ရှိ ကောလိပ်များကို Undergraduate Institution များအဖြစ် ဖွင့်လှစ်ထားကြသည်။ အချို့သောကောလိပ်များသည် မည်သည့်တက္ကသိုလ်ကြီးများ၏လက်အောက်ခံမှ မဟုတ်ဘဲ သီးခြားရပ်တည်ကာ ဖွင့်လှစ်ထားသည်များလည်းရှိသည်။ 

Community ကောလိပ်များသည် ၂ နှစ် တက်ကျောင်းများဖြစ်ပြီး အထက်တန်းအောင်လျှင် တက်ခွင့်ရသည်။ ကျောင်းဝင်ခွင့် လွတ်လပ်စွာဖြင့် လမ်းဖွင့်ပေးထားသည်။ အတားအဆီးကန့်သတ်ချက်များ ထားခြင်းမရှိ။ အထက်တန်းကျောင်းထွက် လက်မှတ်ရလျှင် လာတက်နိုင်သည်။ ကျောင်းလခလည်း အခြား ပုဂ္ဂလိက တက္ကသိုလ်တွေလောက် သိပ်မများပေ။ 

၂ နှစ်ပြီးလျှင် သက်ဆိုင်ရာ သင်ကြားထားသည့် ဘာသာရပ်အလိုက် ဘွဲ့ (Degree) ပေးသည်။ Associate’s degree ဟုခေါ်သည်။ Associte of Arts (A.A) ဘွဲ့ကို သတ်မှတ်ပေးအပ်ခြင်းဖြစ်သည်။ ထို ၂ နှစ်တက် A.A ဘွဲ့ကို တက္ကသိုလ်ကျောင်းကြီးများကိုမသွားမီ တစ်ဆင့်ခံအနေနှင့် တက်ရောက်သင်ကြားကြရခြင်းဖြစ်သည်။ လေးနှစ်တက်ရသည့် ကောလိပ်ကျောင်းကြီးများလည်းရှိသည်။ ထိုကျောင်းများတွင် ကျောင်းသားပိုများသည်။ သင်ကြားသည့် ဘာသာရပ်လည်း ပိုများပြီး လေးနှစ်ပြီးလျှင် Bachelor’s Degree ပေးသည်။ Bachelor of Arts (B.A.) သို့မဟုတ် Bachelor of Science (B.S.) ဘွဲ့များကို လေးနှစ်တက်ပြီး အောင်မြင်သူများကို အပ်နှင်းသည်။ 

Liberal Arts ကောလိပ်များကို အမေရိကတွင် လေးနှစ်တက်ကျောင်းများအဖြစ် ပြောင်းလဲရန် ကြိုးစားနေကြသည်။ လေးနှစ်တက်မှ ပြည့်စုံမည်ဟု ယူဆပြီး သတ်မှတ်ခြင်းဖြစ်သည်။ ထိုလေးနှစ်တာကာလတွင် သက်ဆိုင်ရာပညာရပ်များအပေါ် သုတေသနလုပ်ငန်းများ ဆောင်ရွက်ကြရသောကြောင့်ဖြစ်သည်။ တက္ကသိုလ်များထက် ကျောင်းသားအင်အားနည်းသော်လည်း သင်ကြားရေးတွင် ကျောင်းသားနှင့်ဆရာ အချိုးမျှတသောကြောင့် ကောင်းစွာလေ့ကျင့်သင်ကြားပေးနိုင်သည့် ကောလိပ်များဖြစ်သည်။ Liberal Arts ကောလိပ်အများစုမှာ ပုဂ္ဂလိကကောလိပ်များဖြစ်ပြီး အစိုးရဖွင့်ထားသည့် ကောလိပ်များလည်း ရှိသည်။ နည်းပညာကောလိပ်များကမူ လေးနှစ်တက်ကောလိပ်များအဖြစ် ဖွင့်လှစ်လေ့ရှိပြီး နည်းပညာရပ်ဆိုင်ရာတို့ကို ကျွမ်းကျင်အောင် သင်ကြားပေးလေ့ရှိသည်။

အမေရိကရှိ တက္ကသိုလ်များသည် သုတေသနအခြေပြု ပညာရေးဌာနများအဖြစ် ဖွင့်လှစ်ထားသည့် ကျောင်းကြီးများဖြစ်ကြသည်။ ဘွဲ့ကြိုနှင့် ဘွဲ့လွန်သင်တန်းပေါင်းများစွာကို ဖွင့်လှစ်ထားပြီး Master of Arts (M.A.), Master of Science (M.S.), Master of Business Administration (M.B.A.), Master of Fine Arts (M.F.A.) စသည့် ဘွဲ့များကို ပေးအပ်သည်။ ထို့ပြင်ဘွဲ့လွန်အဖြစ် ဒေါက်တာဘွဲ့ (Ph.D) နှင့် Master Degree တို့ကိုလည်းပေးအပ်သည်။ 

အချို့သော တက္ကသိုလ်ကြီးများတွင် အသက်မွေးပညာသင်တန်းကျောင်းများ ပူးတွဲဖွင့်ထားသည်။ သတင်းစာပညာသင်ကျောင်း၊ စီးပွားရေးပညာသင်ကျောင်း၊ ဆေးကျောင်းများဖြစ်သည်။ ဆေးကျောင်းဆိုသော်လည်း M.D. သို့မဟုတ် D.O. ဘွဲ့များ အပ်နှင်းပြီး ဥပဒေအတွက် (J.D.)၊ တိရစ္ဆာန်ဆေးကုအတွက် (D.V.M.)၊ ဆေးဝါးကျွမ်းကျင် (Pharm.D.) ဘွဲ့များကိုလည်း အပ်နှင်းပေးသည်။ 

အမေရိကန် တက္ကသိုလ်များသည် ဒေသအလိုက်ဗဟိုအစိုးရများ၏ လက်အောက်တွင်ရှိသည်။ အစိုးရ တက္ကသိုလ်များသည် သက်ဆိုင်ပြည်နယ်နှင့် ဒေသဆိုင်ရာအာဏာပိုင်များ၏ စီမံခန့်ခွဲ အုပ်ချုပ်မှုအောက်တွင် ထားရှိသည်။ ပြည်နယ်တက္ကသိုလ်စနစ်ဖြင့် ဒေသအလိုက် စီမံဖန်တီးပိုင်ခွင့်များဖြင့် အုပ်ချုပ်ဖွင့်လှစ် ထားကြခြင်းဖြစ်သည်။ ပြည်နယ်ကထောက်ပံ့ကြေးများဖြင့် ရပ်တည်ကြသည်ကများသည်။ 

အမေရိက အထက်တန်းကျောင်းသားများသည် ကောလိပ်အဆင့် ၁၁ တန်းနှင့် ၁၂ တန်းပြီးသူများကို အကြံပေးဆွေးနွေးမှုများ ပြုလုပ်ပေးကြသည်။ ကောလိပ်ဆက်တက်သူများအတွက် Guidance Department များဖွင့်လှစ်ကာ အကြံပေးဆွေးနွေးမှုများလည်း ပြုလုပ်ပေးကြသည်။ မည်သည့်လမ်းကြောင်းကို လိုက်သင့်သနည်း၊ မည်သည့်လမ်းကြောင်းနှင့် သင့်လျော်သည်။ မည်သည့်လိုင်းကိုလိုက်လျှင် ဘာဖြစ်မည်ဆိုခြင်းကို သေချာစွာရှင်းပြပြီးမှ ရွေးချယ်စေသည်။ မိဘများကလည်း ၁၂ တန်းအဆင့်တက်နေချိန်ကတည်းက ကျောင်းရှိ Counselor များနှင့် မိမိတို့သားသမီးများအတွက် လာရောက်ဆွေးနွေးလေ့ရှိကြသည်။ အထက်တန်းကျောင်းများတွင်ရှိသည့် Counselor များသည် ကျောင်းသားများ၏ ပညာအရည်အချင်းနှင့် သူတို့ဆက်တက်သင့်သည့် ပညာရပ်များကို အကြံပြုပေးခြင်းတို့ကို ဆောင်ရွက်ပေးလေ့ရှိသည်။ 

အမေရိကရှိ တက္ကသိုလ်ကောလိပ်တိုင်း၏ လမ်းညွှန်နှင့် သတ်မှတ်ချက်များကို သတင်းစာနှင့် မဂ္ဂဇင်းများတွင် College Rankings များအနေဖြင့် ထည့်သွင်းဖော်ပြလေ့ရှိသည်။ Forbes မဂ္ဂဇင်းကလည်း အမေရိက၏ ထိပ်တန်းကောလိပ်အစီအစဉ်များကို ထည့်သွင်းဖော်ပြပေးသည်။

အမေရိကန်တက္ကသိုလ်ဝင်ခွင့်များသည် တစ်ကျောင်းနှင့်တစ်ကျောင်းမတူပါ။ ကျောင်းဝင်ခွင့်များနှင့်ပတ်သက်ပြီး ဝေဖန်အငြင်းပွားစရာများရှိနေသော်လည်း သူ့မူ သူ့ဟန်နှင့်သာ ရပ်တည်နေကြောင်း တွေ့ရသည်။ ကျောင်းလက်ခံရာတွင် အထက်တန်းကျောင်း အောင်မြင်ခဲ့သည့် ရမှတ်ပေါင်း၊ အထက်တန်းကျောင်း အောင်မြင်ခဲ့သည့်ပျမ်းမျှရမှတ် Grade Point Average (GPA)၊ ကျောင်းတွင်း ကျောင်းပြင်ပလှုပ်ရှားမှု မှတ်တမ်း၊ SAT သို့မဟုတ် ACT စာမေးပွဲရမှတ်၊ ကျောင်းဝင်ရန်အတွက် ရေးသွင်းသည့် စာစီစာကုံးတို့အပြင် ကျောင်းက ခေါ်ယူတွေ့ဆုံမေးမြန်းမည့် အင်တာဗျူးများကိုလည်း ရင်ဆိုင်ကြရသည်။ 

တက္ကသိုလ်မှ ကျောင်းလက်ခံမည့်သူများက သူတို့ အထက်တန်းကျောင်းများက သင်ကြားပေးလိုက်သည့် ဘာသာရပ်များကို ယုံကြည်သည်။ သူတို့သည် ခက်ခဲပင်ပန်းစွာဖြင့် အောင်မြင်စေရန် လုပ်ဆောင်နိုင်ခဲ့သောကြောင့်သာ တက္ကသိုလ်တက်ရန် အဆင့်သို့ရောက်လာကြောင်း လက်ခံထားကြသည်။ ထို့ကြောင့် အထက်တန်းကျောင်းအောင်လာသည့် GPA ရမှတ်သည် သူတို့ထည့်သွင်းစဉ်းစားစရာအချက် ဖြစ်သည်။ 

အမေရိကတွင် GPA ရမှတ်သည် ကျောင်းသားတစ်ယောက်ကို တက္ကသိုလ်ကလက်ခံမည့် စံထားသတ်မှတ်ချက်တစ်ခုဖြစ်သည်။ GPA သတ်မှတ်ချက်တွင် A, B, C, D အဆင့်များဖြင့် သတ်မှတ်သည်။ GPA သတ်မှတ်ချက်မှာ (A = 4.0, B = 3.0, C = 2.0, D = 1.0, F = 0) ဖြစ်သည်။ 

တက္ကသိုလ်ဝင်ခွင့် လက်ခံရေးအဖွဲ့မှ တာဝန်ရှိသူများက အထက်ကျောင်းအောင်မြင်လာသူများ၏ လျှောက်လွှာများကို စစ်ဆေးကြသည်။ သူတို့ဆီတွင် Extracurricular ဟုခေါ်သော ကျောင်းသင်ရိုးပြင်ပလှုပ်ရှားမှုများကိုလည်း သူတို့က လေ့လာအကဲဖြတ်ကြသည်။ သင်ရိုးပြင်ပ လှုပ်ရှားမှုဆိုသည်မှာ ကျောင်းတွင်းဖွဲ့စည်းထားသည့် အသင်းအဖွဲ့များတွင် ပါဝင်လှုပ်ရှားမှုများ၊ အားကစားအဖွဲ့များတွင် ပါဝင်လှုပ်ရှားကစားခဲ့မှုများ၊ ကျောင်းအုပ်ချုပ်ရေးအဖွဲ့တွင် မည်သည့်အခန်းကဏ္ဍက ပါဝင်ဆောင်ရွက်ခဲ့သည်ဆိုသော အချက်များ၊ ကျောင်းမှ စေတနာ့ဝန်ထမ်း လုပ်အားပေးမှုများတွင် ပါဝင်ဆောင်ရွက်ခဲ့မှု၊ ကျောင်းရန်ပုံငွေအတွက် လှုပ်ရှားမှု လှူဒါန်းမှုများတွင် ပါဝင်ဆောင်ရွက်ခဲ့မှုများကိုလည်း အကဲဖြတ်အမှတ်ပေးလေ့ရှိသည်။

အမေရိကန်ပြည်ထောင်စုရှိ ကျောင်းသားအများစုမှာ SAT (Scholastic Aptitude Test) စာမေးပွဲရမှတ် သို့မဟုတ် ACT (American College Testing) ရမှတ်များပေါ်တွင် အထက်တန်းကျောင်းသားဘဝက ဖြေဆိုခဲ့ကြသည့် ရလဒ်အပေါ်တွင်ကြည့်ကာ ဆုံးဖြတ်သည်လည်း ရှိသည်။ သူတို့ကျောင်းဝင်ခွင့်လျှောက်ထားရာတွင် SAT သို့မဟုတ် ACT ရမှတ်မည်မျှရထားပြီးကြောင်း ပူးတွဲဖြည့်စွက်တင်သွင်းသည့် အပေါ်ကြည့်ပြီး ဆုံးဖြတ်ပေးကြသည်။ SAT နှင့် ACT ရမှတ်များသည် အမေရိက၏ စံထားစရာစာမေးပွဲများဖြစ်သည်။ SAT ကို စစ်ဆေးရာတွင် စာဖတ်စွမ်းရည်၊ သင်္ချာနှင့် စာရေးနိုင်စွမ်းတို့ကို စစ်ဆေးပြီးဖြစ်သောကြောင့် အောင်မြင်လာသူများအား တက္ကသိုလ်တက်ရန် အဆင့်မီသူများအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။ ACT စာမေးပွဲစစ်ဆေးရာတွင်လည်း အင်္ဂလိပ်၊ သင်္ချာ၊ စာဖတ်စွမ်းရည်နှင့် သိပ္ပံဆိုင်ရာ တွေးတောဆင်ခြင်နိုင်စွမ်းနှင့် စိတ်ကြိုက်စာစီစာကုံးရေးသားခြင်း စသည့် စစ်ဆေးမှုများပါဝင်သည်။

တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရာတွင် Essay ခေါ်သည့် သီးခြားရေးသားတင်သွင်းရသော စာစီစာကုံးများကလည်း အရေးကြီးသည်။ ကျောင်းဝင်ခွင့် လျှောက်လွှာများကို ရွေးချယ်လက်ခံသည့်အဖွဲ့က ကျောင်းသားတစ်ဦး ရေးသားထားချက်များကို သေချာစွာဖတ်ပြီး ထိုကျောင်းသား၏ စိတ်ဓာတ်နှင့် လုပ်ဆောင်နိုင်စွမ်းများကို အကဲဖြတ်ကာ ကျောင်းဝင်ခွင့်ကိုလက်ခံတတ်သောကြောင့် အရေးကြီးသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ထို့ပြင် ကျောင်းသားလက်ခံရေးအဖွဲ့၏ လူတွေ့စစ်ဆေးခြင်း အင်တာဗျူးပြီးဆုံးလျှင် မိမိတက်လိုသည့်တက္ကသိုလ်သို့ ဝင်ခွင့်ရ၊ မရ အဆုံးအဖြတ်အဖြေက ထွက်လာမည်ဖြစ်သည်။ 

တက္ကသိုလ်က ကျောင်းဝင်ခွင့်ကို လက်ခံလိုက်ပြီဆိုလျှင် ဘွဲ့ (Bachelor’s Degree) တစ်ခုအတွက် တက်ရောက်သင်ကြားခွင့်ရတော့မည်ဖြစ်သည်။ ပထမဆုံး တက်ရောက်သင်ကြားခွင့်ရသည့် အတန်းကို ဘွဲ့ကြို (Undergraduates) တန်းများဟုခေါ်သည်။ သတ်မှတ်ထားသည့်လေးနှစ် သို့မဟုတ် သုံးနှစ်သင်တန်းများပြီးဆုံး၍ Master သို့မဟုတ် Doctoral Degree တို့ကို ဆက်ယူမည့်သူများကို (Graduate Students) ဟုခေါ်သည်။ အမေရိကန်ရှိ တက္ကသိုလ်ဆက်တက်နေသူများသည် (Going to school) သို့မဟုတ် (Going to college) ဟုသာ ကျောင်းသွားမည်ကို ပြောလေ့ရှိသည်။ သူတို့ ထိုသို့ပြောလျှင် တက္ကသိုလ်တက်နေကြောင်း ယူဆနိုင်သည်။ ဘာမေဂျာ (Major) လဲဟု မေးလျှင် တက္ကသိုလ်တွင် မည်သည့်အထူးပြုဘာသာရပ်ကို လေ့လာသင်ယူနေသနည်းဟု မေးမြန်းခြင်းဖြစ်သည်။

E-01

(Ref: International Student Guide to the United States of America)

  • TAGS