News

POST TYPE

EDUCATION

ဖင်လန် ပညာရေးခရီး
30-Jun-2018



ဂျဲနက်အင်္ဂလစ်ရှ်သည် ကာလီဖိုးနီးယား၊ El Toro အထက်တန်းကျောင်းမှ ဆရာမတစ်ဦးဖြစ်သည်။ သူသည် သင်ကြားမှုဆိုင်ရာ Fulbright Distinguished Award ဆုကို ရရှိထားပြီး ဖင်လန်နိုင်ငံသို့ ၆ လတိုင် ပညာရေးလေ့လာသူအဖြစ် သွားရောက်ခဲ့သည်။ သူသည် ဖင်လန်နိုင်ငံ၏ Problem-solving Skill ဆိုင်ရာ သင်ကြားနည်းများကို သွားရောက်လေ့လာခဲ့ပြီး The Finnish Way to Optimize Student Learning ဆိုသည့် စာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။

ဂျဲနက်သည် ခြောက်လတိုင် ခြေကျင်၊ ဘတ်စ်ကား၊ စက်ဘီး၊ ရထားခရီးစဉ်များဖြင့် ဖင်လန်နိုင်ငံအနှံ့ ခရီးလှည့်သည်။ ကျောင်းများကိုဝင်ပြီး ဆရာများ၊ ကျောင်းသားများ၊ မိဘများ၊ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်များကို လှည့်လည်မေးမြန်းသည်။ လူပေါင်း ၄၉ ဦးနှင့် တွေ့ဆုံမေးမြန်းပြီး သူတို့အဘယ်ကြောင့် အောင်မြင်သည့် ပညာရေးစနစ်ကို ထူထောင်နိုင်သနည်း။ အဘယ်ကြောင့် သူတို့ကျောင်းသားတွေ Critical Thinking နှင့် Problem Solving ဆိုင်ရာတွင် ပိုတော်နေကြရသနည်း ဆိုသည်များကို လေ့လာခဲ့သည်။ 

သူ၏ ပထမဆုံး လေ့လာသည့်ရက်သတ္တပတ် အတွင်းအလယ်တန်းကျောင်းသုံးကျောင်းကို သွားရောက်လေ့လာသည်။ ကျောင်းတစ်ကျောင်းတွင် သစ်သားထည်အလုပ်ရုံဆိုသည်ကို တွေ့သည်။ ထိုအလုပ်ရုံထဲတွင် ၉ နှစ် ၁၀ နှစ်အရွယ် ကလေးများသည် သစ်သားထည်များဖြင့် လုပ်ချင်တာလုပ်နေကြသည်။ သူတို့ကိုညွှန်ကြားသည့် ဆရာလည်းမရှိ။ သင်ကြားပေးသူလည်းမရှိ။ သူတို့ဘာသာသူတို့ အချင်းချင်း တိုင်ပင်ညှိနှိုင်းပြီး လုပ်ဆောင်နေကြခြင်းဖြစ်သည်။ ၅ တန်းအဆင့်ကလေးများက ကုလားထိုင်လုပ်နေသည်။ ၃ တန်းအဆင့်ကလေးတွေက ပန်းချီတွေဆွဲနေကြသည်။ တောအုပ်ပုံ၊ လမင်းသာနေပုံတို့ကို စိတ်ကြိုက်ရေးဆွဲ ဆေးရောင်ခြယ်နေကြခြင်းဖြစ်သည်။ သူက ဆရာကို မေးကြည့်သည်။ ပုံဆွဲခိုင်းခြင်းဖြင့် Problem Solving ကို ဖြေရှင်းနိုင်သလား။ ဆရာမက သူ့ကိုကြည့်ပြီး ပြောလိုက်သည်။ “ကျွန်မဘာမှ မပြောထားဘူး” ဟု ဆိုလိုက်သည်။ ကလေးတွေကို စိတ်ကြိုက်လွတ်လပ်စွာ လုပ်ဆောင်ခွင့်ပြုထားခြင်း၏ အဖြေက ရှိပြီးသားဖြစ်သည်။

ဆရာမက ကလေးတွေကို ညွှန်ကြားချက်တော့ ပေးထားသည်။ ၅ တန်းကလေးတွေကို လက်သုတ်စက္ကူထည့်သည့် သေတ္တာလေးတွေ လုပ်ခဲ့ကြပဲဖြစ်သည်။ ဘယ်လိုလုပ်ရသည်လည်းမပြော။ ဒီဇိုင်းလည်းမပြော။ သူတို့အချင်းချင်း ဆွေးနွေးလုပ်ဆောင်ခဲ့ရုံသာဖြစ်သည်။ ကျောင်းသားနှစ်ယောက် လုပ်လာသည့်ဒီဇိုင်းက တူနေသည်။ တူနေတိုင်း ခိုးချသည်မဟုတ်။ စိတ်ကူးဆိုသည်မှာ တူနိုင်သည်။ ဘာဖြစ်ဖြစ် သူတို့အားလုံး ပြီးစီးအောင် လုပ်ဆောင်နိုင်ခြင်းကို ဆရာမက အသိအမှတ်ပြုသည်။ ဤပရောဂျက်က ဘာလုပ်လုပ် ပြီးအောင်လုပ်၊ ဖြစ်အောင်လုပ်၊ အားထုတ်မှုပါလာရန်သာဖြစ်သည်။

အမေရိကတွင်ဆိုလျှင် မည်သို့ကျောင်းသားများလုပ်မည်နည်း။ ဆရာက ညွှန်ကြားမည်၊ ဆရာပြသထားသည့်ပုံစံအတိုင်း ထုတ်လာကြမည်။ အမေရိကန်ဆရာတွေက သေတ္တာတစ်လုံးလုပ်ခဲ့ရမည်။ အမြင့်တစ်ပေ၊ အကျယ် ၆ လက်မ စသည်ဖြင့် ညွှန်ကြားမည်။ ဖင်လန်က ဆရာတွေက ဘာလုပ်ခဲ့ပဲပြောသည်။ ဘယ်လို၊ ဘယ်လောက် ပြောခြင်းမရှိ။ ဖင်လန်ကလေးတွေကို ပေးသည့်အလုပ်က အကြောင်းအရာကိုပဲပြောသည်။ တီထွင်ထိုးထွင်းမှုဉာဏ်ကို ကိုယ့်ဘာသာကိုယ်ထုတ်ခိုင်းသည်။ 

ဂျဲနက်က မူကြိုမှသည် တက္ကသိုလ်ဆရာတွေအထိ လိုက်မေးသည်။ Problem-solving skill ဖြစ်စေရန် မည်သို့သင်ကြားသနည်းဖြစ်သည်။ သူ့ကို ဆရာတွေက မေးလိုက်တိုင်း -

“ကျွန်မတို့က သူတို့ကို ဖြေရှင်းနည်းဆိုတာ ထက် သူတို့ဘာလုပ်မှာလဲဆိုတာကို သိအောင်လုပ်ခိုင်းတယ်။ သူတို့ လုပ်တော့မယ်ဆိုမှ သူတို့လိုအပ်တာကိုတောင်းမယ်။ တောင်းတာကို ဖြည့်ဆည်းပေးဖို့ ကြိုးစားတယ်” ဟုဆိုသည်။ ထိုသဘောတရားက ရှင်းသည်။ ကလေးဘာလုပ်ချင်သနည်းဆိုသည်ကို ဖော်ထုတ်သည်။ လုပ်ချင်လာပြီဆိုလျှင် ဖြည့်ဆည်းပေးသည်။ သူလုပ်မည့် နည်းလမ်းသည် အန္တရာယ်ရှိလျှင် အကြံပေးကောင်းပေးမည်။ ထိုသဘောတရားကို သူတို့ အတန်းတိုင်းတွင် ကျင့်သုံးတတ်သည်။ 

ထို့ကြောင့် သူတို့ကျောင်းသားတွေကို ကြည့်လိုက်လျှင် အစစအရာရာတွင် ဆရာတွေပေးမှာချည်း မှီခိုမနေ။ ကိုယ့်ဘာသာကိုယ် သိချင်လျှင် သိအောင်လုပ်သည်။ ဆရာတွေက ကလေးတွေကို မည်သို့ပညာပေးရမည်ကို စဉ်းစားဆုံးဖြတ်ထားပြီးဖြစ်သည်။ မည်သည့်နည်း မည်သည့်လမ်းကြောင်းကို ချပေးမည်နည်းဆိုခြင်းကို သူတို့ ကြိုတင်စဉ်းစားပြီး ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် သူတို့က ကျောင်းသား၏ဆန္ဒကို ဦးစွာထုတ်ဖော်ပြီးမှ ကျောင်းသားကို အထောက်အပံ့ပေးသည်။ ကျောင်းအုပ်ကြီးကလည်း ဆရာတွေ လုပ်ချင်သမျှကို လုပ်နိုင်အောင် လုပ်ခွင့်ပြုထားသည်။ အလားတူပင် ဒေသဆိုင်ရာ ထောက်ပံ့သူများကလည်း ကျောင်းအုပ်ကြီးကို လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝ အပ်နှင်းထားသည်။ ဒေသဆိုင်ရာအတွက်လည်း အစိုးရက အပြည့်အဝ ကူညီထောက်ပံ့ထားသည်။ သူတို့ပညာရေးစနစ်က အဆင့်ဆင့် ယုံကြည်မှုရှိသလို၊ လုပ်ဆောင်ရမည့်သူတွေကလည်း အပြည့်အဝတာဝန်ယူမှုတွေ၊ တာဝန်ခံမှုတွေရှိကြသည်။

အမေရိကန်စနစ်က အထက်အမိန့်ကို အောက်က နာခံနေရသည့်သဘောဖြစ်သည်။ ဆရာတွေကို ဆရာမဟုတ်သူတွေက ဘာလုပ်ပါဟု ပြောကောင်းပြောမည်။ ကျောင်းနှင့် ဆက်စပ်သူတွေက လုပ်ချင်တိုင်း လုပ်ပိုင်ခွင့်တွေ ရှိချင်မှရှိမည်။ သူတို့မှာက မူဝါဒချမှတ်သူတွေ၊ အုပ်ချုပ်သူတွေ၊ စီမံသူတွေ၊ အာဏာပိုင်တွေနှင့် အဆင့်ဆင့်ဖြစ်နေသည်။ အထက်က အမိန့်မချမချင်း ဘာမှဆုံးဖြတ်လုပ်ဆောင်နိုင်ခြင်းမရှိသော စနစ်တစ်ခုက လောင်းရိပ်မိသလိုဖြစ်နေသည်။

ဖင်လန်နိုင်ငံပညာရေးစနစ်သည် အထက်မှ အောက်သို့ အမိန့်ပြန်ပေး၊ အမိန့်နာခံသည့် သဘောမဆောင်ပေ။ တစ်နည်းပြောရလျှင် ဖင်လန်နိုင်ငံတွင် အခက်အခဲပြဿနာများကို ဖြေရှင်းရာတွင် သူတို့ဘဝ၊ သူတို့ပတ်ဝန်းကျင်၊ သူတို့လူနေမှုစနစ်များအတိုင်း ရိုးစင်းစွာ တွေးတောဖြေရှင်းနည်းကို ကျင့်သုံးခိုင်းသည်။ ဘာလုပ်လုပ် ဘယ်လိုလုပ်သင့်သနည်း၊ ဖြေရှင်းသင့်သနည်းဆိုခြင်းကို ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းရှိစေရန် လွှတ်ပေးလိုက်ခြင်းကပင် Problem-solving ဖြစ်နေသည်ဟု ဆိုနိုင်သည်။ သူတို့ပညာရေးစနစ် အောင်မြင်ရခြင်းမှာ လွတ်လပ်စွာ တွေးတောလုပ်ပိုင်နိုင်ခွင့်များပေါ်တွင် အခြေခံနေသည်။ သူတို့ဆီက ပညာရေးကျွမ်းကျင် ဆရာမတစ်ဦးက

“ဆရာတွေမှာ စိတ်ကူးကောင်း အကြံဉာဏ်ကောင်းတွေရှိနေတယ်။ သူတို့က တစ်ခုခုကို အကောင်အထည်ဖော်တော့မယ်ဆိုရင် ဆရာတွေအချင်းချင်းလည်း အပြန်အလှန် ညှိနှိုင်းဆွေးနွေးကြတယ်။ သူတို့ စိတ်ထဲမှာ တစ်ခုပဲရှိတယ်။ သူတို့ကလေးတွေကောင်းမှ ကျောင်းကောင်းမယ်၊ ကျောင်းတွေကောင်းမှ ပညာရေးစနစ်ကြီးကောင်းမယ်လို့ လက်ခံထားကြတယ်” ဆိုသည့်စကားမှာ ဖင်လန်နိုင်ငံပညာရေး အဘယ်ကြောင့် ကောင်းရသနည်းဆိုသည့် အဖြေတစ်ခုဖြစ်နိုင်ပါသည်။

E-01

(Ref: The Finnish Model Education)