News

POST TYPE

EDUCATION

အငြင်းပွားဖွယ်ရာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ
30-Jun-2018



နိုင်ငံတွင် ယခုလအတွင်း ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ (ကောင်းခေါင်) အောင်စာရင်းကို ဇွန်လ ၂၂ ရက်နေ့က ထုတ်ပြန်လိုက်သည်။ တရုတ်တွင်လည်း ကောင်းခေါင်စာမေးပွဲရမှတ်နှင့်သာ တက္ကသိုလ်တက်ခွင့်ကို အဆုံးအဖြတ်ပေးသောကြောင့် အမှတ်ကောင်းရသူတွေက တက္ကသိုလ်ကောင်းကောင်း တံခါးကို သွားခေါက်နိုင်ကြပေလိမ့်မည်။ သို့သော် ယခုနှစ်တွင် အမေရိကန်တက္ကသိုလ်တွေကလည်း စနစ်ပြောင်းပြီး တရုတ်ကျောင်းသားတွေကို ဆွယ်နေသောကြောင့် တရုတ်တက္ကသိုလ်ကောင်းတွေနှင့်အပြိုင် ဖြစ်ကြပေတော့မည်။

အမေရိကန်တက္ကသိုလ်များက တရုတ်ကောင်းခေါင်ရလဒ်ကို လက်ခံမည်ဆိုလိုက်ခြင်းက ပြုပြင်ပြောင်းလဲရန် စီစဉ်နေသည့် ကောင်းခေါင်စာမေးပွဲကို အသက်ပြန်သွင်းပေးသလို ဖြစ်နေမည်လားဟု မိဘအချို့ကလည်း စိုးရိမ်နေကြသည်။ သူတို့ထံတွင်လည်း ကောင်းခေါင်စာမေးပွဲအပေါ် မနှစ်သက်သူတွေရှိနေသည်။ 

အမေရိကန် ဆန်ဖရန်စစ္စကိုတက္ကသိုလ် (USF) က ၂၀၁၅ ခုနှစ်လောက်ကတည်းက ကောင်းခေါင်စာမေးပွဲရမှတ်များဖြင့် ကျောင်းသားများကို လက်ခံနေခဲ့သည်။ တရုတ်တက္ကသိုလ်များက လက်ခံသည့်အတိုင်း အမှတ်ကောင်းကောင်းရလာသူများကို ထူးချွန်ကျောင်းသားများအဖြစ် သတ်မှတ်လက်ခံနေခဲ့သည်မှာ ကြာခဲ့ပြီ။ တရုတ်တို့က ကောင်းခေါင်ရလဒ်တွင် ၁၀ မှတ်ပေးလျှင် ၆ မှတ်ခန့်ရသည့်အဆင့်ကို တန်းဝင်အဖြစ်သတ်မှတ်သည့်အတိုင်း USF တွင် လက်ခံနေခြင်းဖြစ်သည်။ 

USF တွင် ကောင်းခေါင်ရလဒ်ဖြင့်လက်ခံကြောင်း သိသည့်အခါ တရုတ်ကျောင်းသားအများ လာရောက်သင်ကြားကြရာ ယခုဆိုလျှင် USF ၏ နိုင်ငံတကာက လာတက်သည့် ကျောင်းသားထက်ဝက်ခန့်မှာ တရုတ်ကျောင်းသားတွေဖြစ်သည်ဟုဆိုသည်။ USF က ယခုနှစ်ဆိုလျှင် ကောင်းခေါင်စာမေးပွဲရလဒ်ဖြင့် အောင်မြင်လာသော ကျောင်းသား ၃၃ ဦးကို လက်ခံထားသည်။ တက္ကသိုလ်ပါမောက္ခများက ရမှတ်များကို ကြည့်ပြီး တစ်ယောက်ချင်း အင်္ဂလိပ်စာ ကျွမ်းကျင်မှုကို အင်တာဗျူးကာ လက်ခံနေခြင်းဖြစ်သည်။ 

အမေရိကန်တက္ကသိုလ်များတွင် လာရောက်ပညာသင်ကြားနေကြသည့် တရုတ်ကျောင်းသားပေါင်း ၃၇၇,၀၀၀ ဦးခန့်ရှိသည်။ အစိုးရထုတ်ပြန်သည့် စာရင်းအရ နိုင်ငံတကာမှရောက်လာသော ကျောင်းသားအရေအတွက်၏ ထက်ဝက်ခန့်ရှိသည်ဟုဆိုရမည်။

အမေရိကရှိ မီယာမီမှ St Thomas University၊ ဘော့စ်တွန်မှ Suffolk University နှင့် ချီကာဂိုမှ Illinois Institute of Technology တက္ကသိုလ်ကြီးသုံးခုကလည်း တရုတ်နိုင်ငံမှာ ကောင်းခေါင်စာမေးပွဲကို အောင်လာသူများအား SAT စာမေးပွဲစစ်ဆေးချက်ရလဒ်ကို ထပ်မံစစ်ဆေးပြီး လက်ခံနေကြောင်းသိရသည်။ သူတို့က ကောင်းခေါင်ရလဒ်ကို တိုက်ရိုက်လက်မခံသည့်သဘောဖြစ်သည်။ 

အမေရိကန် New Hampshire (UNH) တက္ကသိုလ်ကလည်း ယခုနှစ်တွင် USF တက္ကသိုလ်ပုံစံအတိုင်း လက်ခံမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ 

အမေရိကတွင် ကောင်းခေါင်ရလဒ်ဖြင့် တိုက်ရိုက်လက်ခံသည့်တက္ကသိုလ်မှာ USF တစ်ခုတည်းသာ ဖြစ်သည်။ သူတို့က အင်တာဗျူးတွင် အင်္ဂလိပ်ကို ၂၅ ရာခိုင်နှုန်းအထက်ရအောင် ဖြေဆိုနိုင်သူများနှင့် အင်္ဂလိပ်စာစစ်ဆေးမှုအတွက် TOEFL သို့မဟုတ် IELTS ရမှတ်များဖြင့်သာ လက်ခံနေခြင်းဖြစ်သည်။ UNH  တက္ကသိုလ်ကို လာတက်မည့်ကလေးများအနေဖြင့် SAT နှင့် ACT ရလဒ်များမလိုတော့ဟုဆိုလိုခြင်းဖြစ်ပြီး သက်ဆိုင်ရာတက္ကသိုလ်ဝင်ခွင့်လောက်ဖြင့်သာ လက်ခံမည်ဟု ဆိုလိုခြင်းဖြစ်သည်။ 

ကောင်းခေါင်စာမေးပွဲကို တရုတ်နိုင်ငံတွင် နှစ်စဉ် ဇွန်လအစောပိုင်း၌ ကျင်းပလေ့ရှိသည်။ ထိုကောင်းခေါင်ရမှတ်ဖြင့် တက္ကသိုလ်ဝင်ခွင့်ကို ကန့်သတ်ထားသည်။ တရုတ်နိုင်ငံတွင် ကျောင်းသက် ၁၂ နှစ်ပြီးလျှင် အဆုံးအဖြတ်ပေးသည့် အရေးအကြီးဆုံး စာမေးပွဲတစ်ခုအနေဖြင့် သတ်မှတ်ထားသော်လည်း ထိုနောက်ဆုံးဝင်ခွင့်စာမေးပွဲကို အောင်မြင်ရန်အတွက် မိဘတွေရော ကျောင်းသားတွေပါ ငွေကုန်လူပန်းဖြစ်ကြရသည်။

ကောင်းခေါင်စာမေးပွဲကို အမေရိကတွင် လက်ခံလိုက်ပြီဆိုသည့်သတင်းကို ကြိုဆိုသည့်မိဘတွေက များသည်။ ဘေဂျင်းနေ ရှုယုလင်းဆိုသည့် မိခင်တစ်ဦးက -

“ကျွန်မသမီး ဒီက ကောင်းခေါင်အောင်မှတ်နဲ့ အမေရိကကနေဘွဲ့ရမယ်ဆိုရင် ဒီမှာ ၁၀ နှစ်လောက် သင်ရကျိုးနပ်ပါတယ်။ သူ့အတွက် ကျန်တဲ့အချိန်တွေကို အမေရိကန်မှာ ပညာသင်နိုင်တော့မှာဖြစ်လို့လေ” ဟုဆိုသည်။ အများစုကလည်း ကောင်းခေါင်ကိုလက်ခံကြောင်း ဖြေလျှော့ပေးလိုက်ခြင်းက ပိုပြီး ပညာအခွင့်အလမ်းတွေရလာလိမ့်မည်ဟု ယူဆနေကြသည်။ သို့သော် ကောင်းခေါင်ကိုမကြိုက်သည့် မိဘတွေကလည်း -

“ကောင်းခေါင်က ရက်စက်တဲ့ပြိုင်ပွဲတစ်ခုပါ။ ၁၀ နှစ်လောက် ကျော်ဖြတ်လာရတဲ့ ပညာရေးကို ဒီစစ်ဆေးမှုတစ်ခုတည်းနဲ့ အဆုံးအဖြတ်ပေးလိုက်တာ မတရားပါဘူး” ဟူ၍လည်း ဆိုကြသည်။ 

UNH မှ ဒုတိယကျောင်းအုပ်ကြီး ဒုချာကလည်း တရုတ်ကောင်းခေါင်စာမေးပွဲရလဒ်က ထူးချွန်သူများကို သတ်မှတ်ပေးကြောင်း လက်ခံသည်။ ထို့ကြောင့်လည်း သူတို့ကျောင်းက လက်ခံခြင်းဖြစ်ကြောင်း ပြောကြားသည်။ အမေရိကမှ တရုတ်ရလဒ်ကို လက်ခံလိုက်ခြင်းက သူတို့ကို အသိအမှတ်ပြုခြင်းဖြစ်ကြောင်း ဝမ်းသာသည့် မိဘတွေကလည်း ဝမ်းသာနေကြသည်။ ယခင်က အမေရိကတက္ကသိုလ်များအနေနှင့် ကောင်းခေါင်ရလဒ်ကို လက်မခံခဲ့သော်လည်း နောက်ပိုင်းတွင် ပိုပြီးလက်ခံလာကြလိမ့်မည်ဟု တရုတ်တို့က မျှော်လင့်နေကြခြင်းဖြစ်သည်။ 

ကောင်းခေါင်ရလဒ်ကို လက်ခံလိုက်ခြင်းက ပိုကောင်းသည်ဟုပြောခြင်းမှာ အစိုးရအသိအမှတ်ပြုထားသည့် ရလဒ်တစ်ခုဖြစ်နေသောကြောင့်ပင်။ အမေရိက၏ တက္ကသိုလ်ဝင်ခွင့်များကို တင်းကျပ်လွန်းသည့်အခါတွင် တစ်ခါတစ်ရံ၌ လက်မှတ်တုများနှင့် လာလျှောက်သည်ကိုပင် ကြုံရသည်ဟုဆိုသည်။ ထို့ကြောင့် ကောင်းခေါင်နှင့် သတ်မှတ်လက်ခံလိုက်ခြင်းက ပိုပြီးအန္တရာယ်ကင်းသည်ဟု ဆိုကြသည်။ 

အမေရိကတွင် ပြည်တွင်းရှိကျောင်းသားများ၏ ကျောင်းအပ်နှုန်းတွေက တဖြည်းဖြည်း ကျဆင်းလာသည်။ အဘယ်ကြောင့်ဆိုသော် ကျောင်းသားများအပေါ် ငွေကြေးထောက်ပံ့ပေးမှုများ ရပ်ဆိုင်းလာသောကြောင့်ဖြစ်သည်။ တက္ကသိုလ်များတွင် ကျဆင်းလာသည့် ကျောင်းသားအရေအတွက်ကို နိုင်ငံခြားက ရောက်လာမည့် ကျောင်းသားများအား မက်လုံးပေးပြီး ဆွဲဆောင်ရန်အတွက် ဖြေလျှော့ပေးသည့် နည်းလမ်းကလွဲပြီး အခြားမရှိဟူ၍လည်း သူတို့သဘောပေါက်ထားကြသည်။ 

အမေရိကတွင် ပုဂ္ဂလိကကောလိပ် ၅၀ ခန့်၏ ထောက်ပံ့နေသော ဘတ်ဂျက်များကို ဖြတ်တောက်လိုက်သည်။ ထို့ကြောင့် ကျွေးမွေးစရိတ်တွေလျှော့ရသည်။ ကျူရှင်ခတွေ တိုးနေရသည်။ အမေရိကမှ လက်မခံလည်း ဩစတြေးလျနှင့် ကနေဒါတက္ကသိုလ်များက လက်ခံနေသဖြင့် ထိုနိုင်ငံများသို့ တရုတ်များရောက်သွားလျှင် အမေရိက ဈေးကွက်ပျောက်သွားနိုင်သည်။ 

တရုတ်တို့က အနောက်မျှော်ပညာရေးကို အကောင်အထည်ဖော်နေသည်။ ထို့ကြောင့် အနောက်ကို ကျောင်းသားတွေအုံနှင့်ကျင်းနှင့် ရောက်လာကြချိန်တွင် အမေရိကအနေနှင့် တရုတ်တို့ကို ပညာရေးဘက်တွင် ဖြေလျှော့ရန်မှတစ်ပါး အခြားမရှိဟု သတ်မှတ်နေကြခြင်းဖြစ်သည်။

(Ref: South China Morning Post)