News

POST TYPE

EDUCATION

အွန်လိုင်းကတစ်ဆင့် ပညာရှာလိုသူများ ဘာတွေပြင်ဆင်ထားသင့်သလဲ
30-Jun-2018


တိုးတက်နေတဲ့ခေတ်ကြီးမှာ တက္ကသိုလ်ဆိုတာ သွားတက်မှမဟုတ်ပါဘူး။ အိမ်မှာနေလည်း ကွန်ပျူတာရှိရုံနဲ့ ပညာရှာနိုင်တဲ့ခေတ်ရောက်နေပြီဆိုတာကို မျက်ခြည်မပြတ်သင့်ပါဘူး။ ပညာဆိုတာ ဘောင်းဘီထဲမှာရှိတယ်လို့ အနောက်နိုင်ငံတွေက ပြောပါတယ်။ ဘောင်းဘီထဲမှာ ဖုန်းတစ်လုံးပါရင် ပညာရှာလို့ရတယ်ဆိုတာကို ပြောချင်တာပါ။

ယနေ့ခေတ်မှာ အွန်လိုင်းကတစ်ဆင့် နာမည်ကျော် တက္ကသိုလ်ကြီးတွေက ပညာရပ်တွေကို ပိုက်ဆံပေးပြီးဖြစ်စေ၊ အခမဲ့ဖြစ်စေ လေ့လာသင်ယူနိုင်ပါတယ်။ အွန်လိုင်းကပညာသာမက ဘွဲ့ပါလိုချင်ရင်လည်း ပေးနေတဲ့နေရာတွေရှိပါတယ်။ များသောအားဖြင့်တော့ အွန်လိုင်းပညာတွေဟာ အခမဲ့တွေဖြစ်နေတတ်ပါတယ်။ အင်တာနက်ထဲမှာ ဝင်ပြီးတော့ ရှာဖွေလေ့လာမယ်ဆိုရင် မကုန်နိုင်ပါဘူး။ ဒါပေမဲ့ အွန်လိုင်းကနေ ပညာရှာတော့မယ်ဆိုရင် အခြေခံလေးတော့ ရှိဖို့လိုအပ်ပါတယ်။ ဘာတွေ အခြေခံရှိသင့်သလဲ။

ကိုယ့်ကိုယ်ကိုယ် ဦးစွာဆန်းစစ်ပါ

ပထမဆုံးလိုအပ်တာက ကိုယ့်ကိုယ်ကိုယ် လေ့လာဆန်းစစ်ဖို့ပဲ။ ငါဟာ အွန်လိုင်းကနေ ဘယ်လိုဟာမျိုးတွေကို လေ့လာသင်ယူချင်သလဲဆိုတာ ပိုင်းဖြတ်ဖို့လိုတယ်။ လေ့လာစရာမကုန်တဲ့ အွန်လိုင်းပေါ်မှာ တွေ့ရာမြင်ရာ သင်ချင်လိုက်တာဆိုပြီး လိုက်လုပ်နေလို့မရပါဘူး။ တစ်ခုခုတော့ စိတ်ဆုံးဖြတ်ထားပါ။ ဘာပညာလိုချင်တာလဲ။

အချို့က တိုက်ရိုက်တွေ့မေးသင်ပေးတဲ့ပုံစံမျိုးကို ကြိုက်တယ်။ အချို့ကလည်း လူမမြင်ရပေမယ့် သင်ပေးသူရဲ့အသံကို နားထောင်လိုက်ရရင် ကျေနပ်တာလည်းရှိတယ်။ ဒါကတော့ အွန်လိုင်းပေါ်မှာ တွေ့ရမယ့် သင်ကြားမှုသင်ယူမှု စတိုင်နှစ်မျိုးပေါ့။ ရုပ်မြင်သံကြားသင်ယူခြင်း၊ သံကြားရုပ်မမြင်သင်ယူခြင်း နှစ်နည်းလို့ ပြောနိုင်တယ်။ ငါဘယ်လိုသင်ယူချင်တာလဲဆိုတာလည်း အရင်ဆုံးဆုံးဖြတ်ထားရမယ်။ 

သင်ယူနည်းတွေမှာ အချို့က လွတ်လပ်စွာသင်ယူတဲ့စတိုင်ကို ကြိုက်တယ်။ အချို့က မှီခိုတဲ့စတိုင်ကို ကြိုက်တယ်။ ဆရာကိုမြင်ရမှ သင်ယူချင်တယ်ဆိုတာကတော့ မှီခိုတတ်တဲ့အမျိုးအစားပေါ့။ ဆရာနဲ့သင်ရမှ ကျေနပ်တယ်ဆိုတဲ့သူတွေဟာ စာသင်ခန်းလောက်ပဲ သဘောကျချင်တာများမယ်။ သူတို့က အစဉ်အလာကို မစွန့်နိုင်ကြဘူးလေ။ 

အချို့ကျတော့လည်း စာသင်ဖော်မလို၊ ဆရာတွေကိုမကြိုက်၊ ကိုယ်တိုင်ဖတ်မှတ်လေ့လာ၊ သုတေသန ပြုချင်ကြတာတွေရှိတယ်။ စာမေးပွဲတွေကိုတောင် ငြီးငွေ့နေသူတွေ ရှိကောင်းရှိနိုင်တယ်။ အဲဒီလို လူမျိုးတွေအတွက်ကတော့ အွန်လိုင်းက အဆင်ပြေတယ်။ ဒါပေမဲ့ အွန်လိုင်းမှာလည်း ကိုယ့်အရည်အချင်းတွေကို ပိုင်းဖြတ်ပေးတဲ့ စာမေးပွဲတွေရှိတယ်။ ချက်ချင်းအဖြေသိနိုင်တာကြောင့် အဲဒီစာမေးပွဲတွေကို သဘောကျနေတဲ့ လေ့လာသင်ယူလိုသူတွေလည်း ရှိနိုင်တယ်။ 

မျှဝေပါ ရှာဖွေပါ

ကိုယ်တိုင်ပြန်ဆန်းစစ်ရမယ့်အချက်ထဲမှာ ငါဟာ ဆိုရှယ်ကျကျ အပေါင်းအသင်းနဲ့ နေတတ်သူလား၊ တစ်ကိုယ်တည်း အားလုံးနဲ့ ကင်းကင်းနေတတ်သူလားဆိုတာလည်း ပါတယ်။ အွန်လိုင်းမှာ တစ်ယောက်တည်း တိတ်တိတ်လေး လေ့လာနေလို့ရသလို၊ Blog နဲ့ Facebook လိုနေရာကနေ အပေါင်းအသင်းတွေနဲ့ အပြန်အလှန်ဆက်ဆံပြောဆို လေ့လာနိုင်တဲ့နေရာတွေလည်းရှိတယ်။ ဘာပြောပြော ဆိုရှယ်မီဒီယာတစ်ခုခုမှာ ကိုယ်တိုင်ဝင်ပါထားတာမမှားဘူး။ ဆိုရှယ်မီဒီယာကနေ ထွက်ပေါက်အဖြစ်လေ့လာသင်ယူနိုင်တာတွေလည်း အများကြီးရှိတယ်။ 

ပညာသင်ကြားတယ်ဆိုတာ တစ်ယောက်တည်းလေ့လာနေရမှာရှိသလို ကိုယ့်ကိုယ်ကိုယ် တစ်ခုခုမှာ စိတ်ပါဝင်စားအောင် တွန်းအားတွေလိုအပ်တာလည်းရှိပါတယ်။ အချို့သောကိစ္စတွေမှာ တစ်ယောက်တည်း လေ့လာနေပြီး အဆင်မပြေရင် အွန်လိုင်းကပဲ အကူအညီတောင်းလိုက်လို့ ပြေလည်သွားနိုင်တာတွေ အများကြီး ရှိနိုင်ပါတယ်။ ပညာဆိုတာ ကိုယ်ချည်းသက်သက် ရှာရမှာမဟုတ်ပါဘူး။ ကိုယ်ကမသိရင် အကူအညီတောင်းမယ်။ ကိုယ့်ကို အကူအညီတောင်းလို့ ကိုယ်ကသိရင် ပေးမယ်၊ မျှဝေမယ်။ သိချင်တာလည်းရှာ၊ မသိရင်မေး၊ သိရင်မျှဝေပေးနေတာ အွန်လိုင်းပညာတစ်ခုပါ။

ကိုယ့်ရဲ့စကေး

ခေတ်သစ်မှာ ဆက်သွယ်ရေးစကေး (Skill) က အရမ်းအရေးကြီးလာတယ်။ အွန်လိုင်းပေါ်မှာ ကမ္ဘာပေါ်က ကြိုက်တဲ့နိုင်ငံကလူနဲ့ တွေ့ဆုံဆက်သွယ်လို့ရတယ်။ အဲဒီလို ဆက်သွယ်ကြတဲ့အခါမှာ အရေးအကြီးဆုံးက ကမ္ဘာသုံးဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်လိုကျွမ်းကျင်မှုပဲ။

နိုင်ငံခြားတက္ကသိုလ်ကြီးတွေက ပါမောက္ခကြီးတွေ သင်ကြားပို့ချချက်တွေအများစုဟာ အင်္ဂလိပ်လိုပဲဖြစ်နေတာ တွေ့ရပါလိမ့်မယ်။ အင်္ဂလိပ်လိုပြောနေတာတွေကို နားမထောင်တတ်ရင်၊ နားမလည်ရင် အဆင်ပြေမယ် မထင်ဘူး။ 

အွန်လိုင်းပေါ်မှာသင်ရင်းနဲ့ ဆရာတွေကမေးတာ ဖြေနိုင်ရမယ်။ ဆရာကိုလည်း မသိတာပြန်မေးနိုင်ရမယ်။ အနည်းဆုံး အီးမေးလ်တော့ သုံးနိုင်၊ ပြန်စာတွေ ရေးနိုင်ရမယ်။ အွန်လိုင်းမှာ သင်ကြားမှုအများစုဟာ အီးမေးလ်နဲ့ ဆက်သွယ်တယ်၊ တယ်လီဖုန်းနဲ့ အမေးအဖြေလုပ်တယ်၊ ဗီဒီယိုကွန်ဖရင့်နဲ့ အပြန်အလှန် ရုပ်မြင်သံကြားတွေ့ဆုံမေးမြန်းတာတွေ လုပ်ရတယ်။ အွန်လိုင်းကနေ ပို့ချချက်တွေကို လိုက်ရေးမှတ်ရတာတွေလည်း ရှိနိုင်တယ်။ အနည်းဆုံး အင်္ဂလိပ်လို နားမလည်ရင် အွန်လိုင်းမှာသင်ဖို့ အဆင်ပြေနိုင်မယ်မထင်ဘူး။ 

နည်းပညာအခြေခံ

အွန်လိုင်းမှာ ပညာသင်တယ်ဆိုတာ အင်္ဂလိပ်စာ ကျွမ်းကျင်ရုံမကဘူး နည်းပညာနဲ့လည်း ကျွမ်းကျင်နေဖို့လိုတယ်။ ကွန်ပျူတာ၊ ဖုန်း၊ တက်ဘလက် စတာတွေနဲ့ အင်တာနက်သုံးနည်းလောက်တော့ အနည်းဆုံး သိထားဖို့လိုတယ်။ အွန်လိုင်းအတွက် အင်တာနက်ကို များများအချိန်ပေးပြီး ဖွေရှာနှိုက်နိုင်တဲ့သူတွေက ပိုပြီးတတ်ကျွမ်းဖို့များတယ်။ 

အချို့သော Website တွေမှာ အချိန်အကန့်အသတ်နဲ့ သုံးရတာတွေ ရှိကောင်းရှိနိုင်တယ်။ အဲဒီကနေ စာတွေကို Copy လုပ်တာတွေ၊ Save လုပ်တာတွေ တတ်မထားဘူးဆိုရင်လည်း လေ့လာဖို့ အခွင့်အရေးတွေ ဆုံးရှုံးသွားနိုင်ပါတယ်။

ကိုယ့်ဆီမှာ ကွန်ပျူတာမရှိရင်လည်း ကွန်ပျူတာရှိတဲ့နေရာတွေမှာ သွားလေ့လာနိုင်စွမ်းရှိမှ အွန်လိုင်းပညာကိုလေ့လာဖို့ အဆင်ပြေပါတယ်။ ကွန်ပျူတာ၊ ဖုန်း၊ အင်တာနက်လည်း မသုံးတတ်၊ အဲဒါတွေကို ရနိုင်တဲ့အနေအထားလည်း မရှိရင်တော့ အွန်လိုင်းပညာရေးကို စိတ်ကူးမယဉ်နေပါနဲ့။

အချို့သောလိုင်းတွေမှာဆိုရင် အွန်လိုင်းမှာ ဘယ်လိုပညာရှာရမယ်၊ လေ့လာရမယ်ဆိုတာကို အွန်လိုင်းကနေပြီးတော့ပဲ ပညာပေးနေတာတွေတောင်ရှိပါတယ်။

မေးတတ်အောင်လေ့ကျင့်

အွန်လိုင်းမှာ ပညာရှာဖို့လွယ်တယ်ဆိုတာ နည်းပညာနဲ့ ဘာသာစကားတွေ ကျွမ်းကျင်သူတွေအတွက် လွယ်ကူတာပါ။ အဲဒီအခြေခံတွေ တစ်ခုမှမရှိသူတွေအတွက်ကတော့ မလွယ်ပါဘူး။ ပညာရှာရာမှာ ကိုယ့်ဘက်က လိုချင်စိတ်အပြင် အထောက်အပံ့ဆိုတာတွေလည်း ရှိဖို့လိုတယ်။ ကျောင်းနေတယ်ဆိုတာတောင် အနည်းဆုံး နောက်ပိုင်းက အထောက်အပံ့တစ်ခုခု လိုတာပဲမဟုတ်လား။

အွန်လိုင်းမှာသင်ရင် တစ်ခုသတိထားဖို့က အစဉ်အလာကျောင်းတွေမှာ သင်သလို ဆရာပြောတာ လိုက်နားထောင်ရုံသက်သက် မရတော့ဘူး။ မသိရင်မေး၊ မရှင်းရင်မေး၊ ဆွေးနွေးတာတွေ၊ အပြန်အလှန်မေးတာတွေ လိုအပ်လာပါပြီ။ နောက်ပြီးတော့ ကိုယ်သင်မယ့်ဘာသာရပ်အတွက် စာရင်းမသွင်းမီ သေသေချာချာလေ့လာ၊ သိချင်တာမေး၊ နားလည်မှတက်တာကောင်းတယ်။ 

ကိုယ် အွန်လိုင်းကနေ သင်ယူမယ့်ပညာကို အမှန်အကန် တက္ကသိုလ်က ပေးနေတာလား၊ အကြံအဖန်တက္ကသိုလ်ဆိုတာတွေက ပေးနေတာလားဆိုတာလောက်တော့ စုံစမ်းထောက်လှမ်းနိုင်တဲ့ပညာ ကိုယ့်မှာရှိထားဖို့လိုပါတယ်။ အွန်လိုင်းက ဘွဲ့ပေးတဲ့ ပရိုဂရမ်တိုင်းကို လေ့လာသုံးသပ်ပြီးမှ ယူသင့်တယ်။

အွန်လိုင်းသည် ကျောင်းလိုမဟုတ်

အွန်လိုင်းမှာ သင်ယူတော့မယ်ဆိုရင် အစဉ်အလာ တက်ရောက်သင်ကြားခဲ့တဲ့ ကျောင်းစာသင်ခန်းလို မဟုတ်တော့ကြောင်း နားလည်ထားရန် လိုပါတယ်။ အချို့သော အနေအထားများဟာ တူညီမှုများ ရှိကောင်းရှိနိုင်တယ်။

အွန်လိုင်းမှာ လေ့လာမည်ဆိုရင် သတ်မှတ်ထားတဲ့အချိန်အတွင်း လေ့လာရတာလည်း ရှိကောင်းရှိနိုင်တယ်။ ပြီးတော့ အွန်လိုင်းပို့ချချက်သင်တန်းကို ပုံမှန်တက်ရောက်ပေးပြီး တစ်ဖက်ကပေးတဲ့ Assignment တွေကို ပြန်ပြီးဖြေဆိုပေးရတာလည်း ရှိကောင်းရှိနိုင်တယ်။ သူတို့မှာလည်း သတ်မှတ်ချက်နာရီ၊ သတ်မှတ်ချက် ဖြေဆိုမှု၊ အကဲဖြတ်မှုများ ရှိကောင်းရှိနိုင်တယ်။
 
အချို့သော အွန်လိုင်းပို့ချချက်တွေဟာ ကြိုက်တဲ့အချိန်မှာ လေ့လာနိုင်တယ်။ ဗီဒီယိုဖိုင်တွေကို Download ချထားနိုင်တယ်။ ဒါပေမဲ့ အချို့သော ပိုက်ဆံပေးပြီး နာမည်ကျော်ဆရာများရဲ့ ပို့ချချက်ကို နားထောင်ချင်ရင် သတ်မှတ်ထားတဲ့အချိန်နဲ့ အကန့်အသတ်တွေရှိနေတာကို သတိပြုရမယ်။ အွန်လိုင်းသင်တန်းတိုင်းကို လွတ်လပ်စွာလေ့လာနိုင်ပေမယ့်၊ အချို့သော လက်မှတ်ပေးတဲ့သင်တန်း၊  ဘွဲ့ပေးတဲ့သင်တန်းတွေမှာ ကန့်သတ်မှုတွေ၊ သတ်မှတ်ချက်တွေအတိုင်း လိုက်နာဆောင်ရွက်နိုင်မှ လက်မှတ်တစ်ခုခုပေးပါတယ်။

အွန်လိုင်းမှာ များသောအားဖြင့် ဆက်သွယ်တုံ့ပြန်တဲ့စနစ်အများစုမှာ ပို့ချချက်တွေကို မည်မျှနားလည်ကြောင်း ရေးဖြေ (ကွန်ပျူတာဖြင့်) ကြရတာကများတယ်။ ကိုယ်က ဖြေလိုက်တာကို တစ်ဖက်က တုံ့ပြန်သုံးသပ်ချက်က အရေးကြီးတယ်။ ကိုယ့်လုပ်ဆောင်ချက်ကို တစ်ဖက်ကအသိအမှတ်ပြုမှ ရှေ့ဆက်နိုင်တယ်။

အွန်လိုင်းမှာလည်း ဆရာများနဲ့ မျက်နှာချင်းဆိုင်သင်နိုင်ပါတယ်။ ဒါပေမဲ့ တတ်မြောက်မှုစစ်ဆေးခြင်းများကို သတ်မှတ်ထားတဲ့ပုံစံအတိုင်း လိုက်လုပ်နိုင်ရမှာ ဖြစ်တာကြောင့်အကြွင်းမဲ့လွတ်လပ်တဲ့စနစ်တစ်ခုလို့ မဆိုနိုင်ပါဘူး။

လွတ်လပ်သည်ဆိုတာ အစဉ်အလာကျောင်းမှာလို အချုပ်အနှောင်မှ ကင်းလွတ်ခြင်းလို့ ဆိုနိုင်ပေမယ့် ကိုယ်သိချင်၊ တတ်ချင်တာကို ကိုယ်တိုင်က တွန်းအားမပေး၊ လုံ့လမပြု၊ အားမထုတ်နိုင်ရင် သင်ယူတတ်မြောက်ရန် မလွယ်ပါ။

အွန်လိုင်းမှာ ဆရာလွတ်၊ စာမေးပွဲလွတ်လေ့လာသင်ယူဆရာတွေ များပါတယ်။ YouTube တစ်ခုတည်းမှာ လေ့လာမကုန်နိုင်တဲ့ပညာတွေ ရှိနိုင်တယ်။ လေ့လာနိုင်ဖို့ ကိုယ့်မှာ စကေး (Skill) တွေ ရှိထားဖို့တော့ လိုမယ်ထင်တယ်။ 

E-01

(Ref: OnlineUniversity.com)