News

POST TYPE

EDUCATION

ဆရာများ၏ ရင်ဖွင့်သံ ( အဝေးသင်ပညာရေးနှင့် စာမေးပွဲ )
28-Jun-2018

အဝေးသင်စာမေးပွဲအတွက် ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေးအဝေးသင်တက္ကသိုလ်တို့ကသာ မေးခွန်းထုတ်ပေးနေရာမှ သက်ဆိုင်ရာ အဝေးသင်တက္ကသိုလ်ဌာနခွဲများအလိုက် မေးခွန်းထုတ်သောစနစ်သို့ ၂၀၁၉ ခုနှစ်တွင် စတင်ပြောင်းလဲမည်ဖြစ်ရာ ယင်းစနစ်အပေါ် ဆရာ၊ ဆရာမများ၏ ဝေဖန်အကြံပြုချက်များကို ယခုတစ်ပတ် ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။



“သင်ကြားမယ့်နည်းစနစ်ကိုပဲ ပြောင်းရမယ်”

ဦးသန်းထိုက်အောင် (ကထိက၊ သမိုင်းဌာန၊ ပုသိမ်တက္ကသိုလ်)

အဝေးသင်စာမေးပွဲမေးခွန်းကို သက်ဆိုင်ရာဌာနက ထုတ်ရမယ်ဆိုတာ ကျွန်တော်တို့ဆီမှာ ခုချိန်ထိတော့ ညွှန်ကြားချက်မရောက်သေးဘူး။ ဘာမှမသိရသေးဘူး။ အဝေးသင်ရဲ့ပုံစံကိုက ကျွန်တော်တို့အနေနဲ့ ခုလက်ရှိပုံစံကိုလည်း သဘောမကျဘူး။ ခုပြောင်းမယ့်ပုံစံကိုလည်း သဘောမကျဘူး။ အဝေးသင်စနစ်ကို ဖြစ်သလိုလုပ်နေသလိုပဲ။ ခုပြောင်းလိုက်တော့လည်း ဘာထူးမှာလဲ။ မေးခွန်းပုံစံက သူတို့ (ပင်မတက္ကသိုလ်) က မေးတာမဟုတ်ဘဲ ကျွန်တော်တို့မေးတာပဲ ဖြစ်သွားမှာ။ ဘာမှမပြောင်းဘူး။ လုပ်ပုံလုပ်နည်းဟန်ကလည်း ဘာမှမထူးဘူး။ အဓိက အဝေးသင်သင်ကြားမှု သင်ယူမှုနည်းစနစ်တွေကိုလည်း သဘောမကျဘူး။ အဝေးသင် ကျောင်းသူ၊ ကျောင်းသားဆိုတဲ့ဟာမှာ သူတို့ရဲ့ အလုပ်ရှိမယ်၊ တခြားအခက်အခဲတွေရှိမယ်၊ ဒါတွေကြောင့် တက္ကသိုလ်ကိုလာမတက်နိုင်လို့ အဝေးရောက်သင်ကြားတဲ့ပုံစံနဲ့သင်တာ။ အဝေးရောက်သင်ကြားတယ်ဆိုတာက ခုလက်ရှိစနစ်မျိုး မဟုတ်ဘူး။ ခုဟာက ကျောင်းသူ၊ ကျောင်းသားကို ကန့်သတ်ထားတာရှိတယ်။ ဘယ်နယ်ကဆိုရင် ဘယ်တက္ကသိုလ်သွားတက်ရမယ်ဆိုပြီးပေါ့။ သူတို့ရဲ့ သန်းခေါင်စာရင်းက ဘယ်နေရာမှာပဲ ရှိပါစေ သူတို့အဆင်ပြေတဲ့တက္ကသိုလ်ကို တက်နိုင်ရမယ်။ သူအလုပ်လုပ်တဲ့ပတ်ဝန်းကျင်မှာ တက်ရရင် ပိုကောင်းတာပေါ့။ သင်ကြားတဲ့စနစ်ကလည်း ထိရောက်မှုမရှိဘူး။ အဝေးသင်စနစ်ကို အနီးကပ်ဆိုပြီး တစ်ခါပြန်တက်ရတယ်။ ၁၀ ရက်ပေါ့။ ဒီအနီးကပ်မှာလည်း ကျောင်းသား၊ ကျောင်းသူက တစ်ယောက်မှအပြည့်မတက်ဘူး။ ၄ နှစ်ပေါင်းလို့ ၁၀ ရက်တောင်ပြည့်မှာမဟုတ်ဘူး။ အဲဒီလိုဖြစ်နေတာက တအားကို အရည်အသွေးကျနေတယ်။ အရည်အသွေးကျနေတော့ အဝေးသင်ကအောင်တဲ့သူဆိုရင် ပညာရေးဝန်ကြီးဌာနကတောင် အာမမခံဘူး။ ဘယ်လိုအာမမခံတာလဲဆိုရင် အလုပ်ခွင်တွေဝင်တဲ့အခါ အဝေးသင်ကဝင်တဲ့သူဆိုရင် ရာထူးတိုးမပေးဘူးတို့ အသံတွေကြားတာတောင် ပညာရေးဝန်ကြီးဌာနအနေနဲ့ အဝေးသင်ကပဲ တက်တက် နေ့သင်တန်းကပဲတက်တက် အကုန်လုံးအတူတူတတ်မြောက်တယ်ဆိုတာမျိုး အာမခံတာတောင်မရှိဘူး။

အဲဒီတော့ ခုပြောင်းလဲမယ့်ပုံစံကလည်း ဘာမှမထူးဘူး။ ခုလည်း အဝေးသင်တက္ကသိုလ်တွေက ထုတ်နေတဲ့မေးခွန်းတွေမှာလည်း မေးခွန်းတွေပေါက်နေတာပဲ။ နောက်ပြီး မသမာမှုဆိုတာကလည်း အမျိုးစုံရှိနေတာပဲ။ ခုလက်ရှိ အဝေးသင်ပညာရေးစနစ်ကိုက အဲဒီလိုပုံစံဖြစ်နေတာ။ ဘယ်လိုမှ ရှောင်လို့မရဘူး။ သင်ရိုးနည်းစနစ်တွေကို ကျောင်းသားကိုယ်တိုင် လေ့လာလို့ရအောင် နောက်ကနေ ပံ့ပိုးပေးတာမျိုးမရှိဘူး။ ကိုယ်တိုင်လေ့လာလို့မရဘူး။ ကျောင်းစအပ်လိုက်ပြီဆိုတာနဲ့ ကျောင်းသားကို ဘာတွေလေ့လာရမယ်၊ ဘယ်လိုလေ့လာရမယ်ဆိုတာ တစ်ခါတည်း သတ်သတ်မှတ်မှတ်မရှိဘူး။ မရှိဘဲနဲ့ အနီးကပ် ၁၀ ရက်ကျမှ ဘယ်စာတွေသင်ရမယ်ဆိုတာ ကျွန်တော်တို့လည်း အဲဒီချိန်ကျမှ သိရတာ။ ဆိုလိုချင်တာ ကျောင်းသူကျောင်းသားက သူ့ဘာသာ လွတ်လွတ်လပ်လပ်လေ့လာရမယ်ဆိုရင် အနီးကပ်သင်ချိန်မှာ ပြန်ပြီးဆွေးနွေးရတာလောက်ပဲရှိမယ်။ ခုက အဲဒီလိုမဟုတ်ဘူး။ ကျောင်းသားကို ကျောင်းစအပ်တုန်းကကျ စာအုပ်ပဲပေးလိုက်တာ။ ဘယ်ဟာကို လေ့လာရမှန်းလဲမသိ၊ ဘယ်လိုလေ့လာရမှန်းမသိ။ TV ကနေပဲဖြစ်ဖြစ်၊ အင်တာနက်ကပဲဖြစ်ဖြစ် သူတို့ဝက်ဘ်ဆိုက်ကနေ သင်ခန်းစာကို လွှင့်ပေးနေတာမျိုး ဘာမှမရှိဘူး။ လွှင့်တာမျိုး ရှိချင်ရှိပေမယ့် ပေးကားပေး၏ မရဆိုတာမျိုးပဲ။ အဲဒါကလည်း အဖြစ်ပဲလုပ်နေတာ။ ကျွန်တော်တို့ကလည်း သင်ရမယ့်စာကို အနီးကပ် ၁၀ ရက်ကျမှသိတယ်။ သိတဲ့အချိန်မှာလည်း ကျူရှင်တွေက အကုန်သင်ပြီးနေပြီ။ စာသင်ဖို့ အတန်းထဲမှာသွားစောင့်တယ်။ အတန်းထဲမှာက ကျောင်းသားလေး၊ ငါးယောက်အလွန်ဆုံးပဲ။ အပြင်မှာ အသင်လိုက်ရလို့ ကျန်နေတဲ့သူတွေလာတယ်။ အဲလိုလာရင် သင်ပေးလိုက်တယ်။ ဆိုလိုချင်တာက အရည်အသွေးရှိတဲ့ ပညာရေးမရဘူး။ အရည်အသွေးရှိတဲ့ပညာရေးရအောင် ဘယ်လိုသင်ကြားပို့ချမလဲ။ ဒါမှမဟုတ် ရေဒီယိုတို့၊ ရုပ်မြင်သံကြားလိုမျိုးကနေ ကျောင်းသူ၊ ကျောင်းသားလက်ထဲရောက်အောင် ဘယ်လိုလုပ်မလဲဆိုတာမျိုးမရှိဘဲ ခုလိုနီးကာမှ ကပ်ပြီးလုပ်တာ။ အဲဒါကလည်း ကျူရှင်တွေသင်မှာစိုးရိမ်လို့ပေါ့။ ဒါပေမဲ့လည်း အဲဒီစာတွေက သင်ရမယ့်လူလက်ထဲမရောက်ခင်မှာပဲ ကျူရှင်တွေလက်ထဲရောက်ပြီးနေပြီ။

အဲဒီတော့ မေးခွန်းက ပင်မအဝေးသင်တက္ကသိုလ်ကပဲထုတ်ထုတ် ကျွန်တော်တို့ကပဲထုတ်ထုတ် အတူတူပဲလို့ပြောချင်တာ။ ကျူရှင်တွေကတော့ ရှိနေမှာပဲ။ အဝေးသင် သင်ကြားမယ့်နည်းစနစ်ကိုပဲ ပြောင်းရမယ်။ အင်တာနက်မှာ သင်ခန်းစာကို ကျောင်းသားက ဘယ်ချိန်ကြည့်ကြည့်ရနိုင်အောင်၊ ကျောင်းသူ၊ ကျောင်းသားသည် အားတဲ့ချိန်မှာ လေ့လာနိုင်အောင်၊ နားမလည်ဘူးဆိုရင် အွန်လိုင်းမှာ သင်ကြားနေတဲ့ဆရာကို တိုက်ရိုက်ဆက်သွယ်လို့ရအောင် အီးမေးလ်နဲ့ဆက်သွယ်တာပဲဖြစ်ဖြစ်၊ တိုက်ရိုက်လွှင့်ပေးတာပဲဖြစ်ဖြစ် လုပ်ပေးမယ်ဆိုရင် ပိုကောင်းတာပေါ့။ ခုက သူတို့ရဲ့စနစ်က မှားယွင်းနေပြီး ကျောင်းသူ၊ ကျောင်းသားကိုပဲ လွှဲချနေသလိုဖြစ်နေတယ်။ ပြောရမယ်ဆိုရင် အဝေးသင်ကို စာအုပ်တွေတောင် ထုတ်စရာမလိုဘူး။ လိုအပ်တယ်ဆိုရင် အွန်လိုင်းကနေ ဒေါင်းလုပ်ဆွဲလို့ရအောင် PDF ဖိုင်တွေ လုပ်ပေးထားပေါ့။ တစ်ခုပဲရှိတာက ဒီအင်တာနက်၊ အီးမေးလ်၊ ဝက်ဘ်ဆိုက်တွေကို သုံးတတ်အောင် သုံးခွင့်ရှိအောင် သင်တန်းဖြစ်ဖြစ် မိတ်ဆက်လုပ်ပေးထားရင်း တစ်နှစ်တန်သည် ၂ နှစ်တန်သည်ဆိုရင် အဆင်ပြေသွားမယ်။ နောက် UDE(University of Distance Education) အပလီကေးရှင်းတွေ ဖွင့်ထားပေးပြီး အဲဒီထဲမှာ ဘယ်နေ့ဘယ်ရက်မှာ ဘာဖြေရမယ်ဆိုတာမျိုး သင်တန်းဘယ်ရက်စမယ်ဆိုတာမျိုး လုပ်ပေးထားရမယ်။ ခုက လူတိုင်းလိုလို ဖုန်းကိုင်နေတာဖြစ်တဲ့အတွက် ဒီလို အွန်လိုင်းကဆိုရင်လည်း အဆင်ပြေပါတယ်။



“အရည်အသွေးရှိတဲ့ ပညာရေးအပြောင်းအလဲလုပ်တယ်လို့ ပြောဖို့ခက်တယ်”

ဦးမင်းဇင် (လက်ထောက်ကထိက၊ မြန်မာစာဌာန၊ ဒဂုံတက္ကသိုလ်)

အဝေးသင်မူဝါဒ အပြောင်းအလဲဖြစ်တာက ပါမောက္ခချုပ်ဆီကို ညွှန်ကြားတဲ့စာတွေကိုတော့ တွေ့ပါတယ်။ ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်တွေ စတက်ရမယ့် လာမယ့် ၂၀၁၉ ကစမှာပေါ့။ အဝေးသင်တွေမှာ One Campus-Two System စနစ် ကျင့်သုံးမယ်လို့ သိထားတယ်။ One Campus-Two System ဆိုတာက ဒီသင်ထောက်ကူပစ္စည်းတွေ၊ စာအုပ်တွေ၊ စီဒီတွေ အဝေးသင်ကျောင်းအပ်ရမယ့်ရက်တွေကို အဝေးသင်တက္ကသိုလ်က ဆောင်ရွက်မှာပေါ့။ စာမေးပွဲတို့၊ အနီးကပ်တို့၊ ကျောင်းမှတ်ပုံတင်တာတို့ကိုတော့ စာစဉ်တို့၊ မေးခွန်းထုတ်တာ၊ အဖြေလွှာစစ်ဆေးတာ၊ အောင်စာရင်းထုတ်ပြန်တာတို့ကို သက်ဆိုင်ရာတက္ကသိုလ်က ဆောင်ရွက်မယ်လို့ သိရပါတယ်။ အရင်တုန်းကတော့ အဝေးသင်က အဝေးသင်တက္ကသိုလ်ကပဲ အားလုံးကိုဆောင်ရွက်တာပေါ့။ ရန်ကုန် အဝေးသင်ရှိတယ်။ မန္တလေးအဝေးသင်ရှိတယ်။ သူတို့က ဆောင်ရွက်ပေးတယ်။ အဝေးသင်ကျောင်းသားတွေက တစ်နိုင်ငံလုံးမှာရှိတဲ့အတွက် အဝေးသင်တက္ကသိုလ်က စီစဉ်ပေးတဲ့အတိုင်း သက်ဆိုင်ရာတက္ကသိုလ်တွေက တာဝန်ယူပေးတယ်။ ပရက်တီကယ်ပို့ချပေးရတယ်။ အနီးကပ်ပို့ချပေးရတယ်။ စာမေးပွဲခန်း စောင့်ပေးရတယ်။ အဖြေလွှာစစ်ဆေးပေးရတယ်ပေါ့။ ခုဟာက အဝေးသင်ကျောင်းသားတွေစာမေးပွဲဖြေမယ်ဆိုရင် မေးခွန်းကို အထက်မြန်မာပြည်အတွက် တစ်စုံ၊ အောက်မြန်မာပြည်အတွက် တစ်စုံ ၂ စုံပဲ ရှိတယ်။

ခုပြောင်းမှာက သက်ဆိုင်ရာတက္ကသိုလ်က မေးခွန်းထုတ်မယ်။ တက္ကသိုလ်တွေမှာက ရိုးရိုးစာမေးပွဲ (နေ့သင်တန်း)တွေဆိုရင် သက်ဆိုင်ရာတက္ကသိုလ်ကပဲ ထုတ်နေတာဆိုတော့ အဝေးသင်ကိုလည်း သက်ဆိုင်ရာတက္ကသိုလ်က မေးခွန်းထုတ်မယ်ဆိုရင် ကျွန်တော့်အမြင်တော့ အများစိုးရိမ်နေသလို မသမာမှုဖြစ်ဖို့ကတော့ ခက်ခဲပါတယ်။ ဘာကိုစိတ်ပူလဲဆိုရင် ခုက မေးခွန်း ၂ စုံပဲရှိတဲ့အတွက် အဝေးသင်ကျောင်းသားတွေက တခြားမြို့နယ်မှာ အလုပ်လုပ်နေရင်း ကျူရှင်တွေ ဘာတွေတက်လာပြီး အနီးကပ်မှ တက္ကသိုလ်ကိုပြန်လာ စာမေးပွဲဖြေနေတာမျိုးရှိတယ်။ ခုက မေးခွန်းပုံစံက အမျိုးမျိုးကွဲပြားနေမှာဆိုတော့ ကျောင်းသားတွေအတွက် အပြောင်းအလဲဖြစ်နိုင်တယ်။ ဆိုလိုတာက တက္ကသိုလ်အလိုက် မေးခွန်းထုတ်ရင် ကျောင်းသားတွေအတွက် တစ်စုံတစ်ရာအခက်အခဲဖြစ်မလားပေါ့။ အဲဒါကိုစိုးရိမ်တာ။ ကျောင်းသားတွေက အနီးကပ်ကို သေသေချာချာတက်မှရမယ်။ အနီးကပ်ရက်တွေမှာ မတက်နိုင်ရင် တချို့က အနီးကပ် ၁၀ ရက်တောင် အလုပ်က ခွင့်မရဘူးဆိုတာမျိုးရှိတော့ အဲလိုကျောင်းသားတွေအတွက် နစ်နာမလားပေါ့။ သိပ္ပံတန်းတွေကို လက်တွေ့တွေလုပ်ရတယ်။ ပိုအားစိုက်ရတဲ့ကိစ္စတွေကို လုပ်ရောလုပ်နိုင်မလားပေါ့။ အဲဒါတွေစိတ်ပူတယ်။ ကျောင်းသားတွေအနေနဲ့ ဒီအပြောင်းအလဲကိုမသိရင် တလွဲတချော်လေးဖြစ်နိုင်တာကလွဲရင် ကျန်တာတော့ သိပ်အခက်အခဲမရှိပါဘူး။

ပြီးခဲ့တဲ့စနစ်မှာဆိုရင် အဝေးသင်တက္ကသိုလ်နဲ့ချိတ်ဆက်ပြီး အပြန်ပြန်လှန်လှန်လုပ်နေရတာကြောင့် အောင်စာရင်းထုတ်ပြန်တာ နောက်ကျတာမျိုးရှိတာပေါ့။ ခုက ကိုယ့်တက္ကသိုလ်က အောင်စာရင်းလုပ်ရမှာဆိုတော့ ပိုပြီးအဆင်ပြေမယ်လို့ထင်တယ်။ ကျောင်းသား၊ ကျောင်းသူတွေအတွက် သိပ်ပြီးအပြောင်းအလဲမရှိဘူး။ ဆရာ၊ ဆရာမတွေအတွက် အလုပ်လုပ်ရတာ ပိုပြီးအဆင်ပြေလာနိုင်တယ်။ တာဝန်ယူမှုအပိုင်းတွေမှာ ပိုပြီးအဆင်ပြေလာနိုင်တယ်။ ဒါပေမဲ့ ဒါကို အပြောင်းအလဲလို့မခေါ်ချင်ဘူး။ အဝေးသင်ပညာရေးကို အရည်အသွေးရှိတဲ့ပညာရေးဖြစ်အောင်လုပ်မယ်ဆိုရင် ခုလိုမျိုးလေး စာမေးပွဲမေးခွန်းထုတ်တာ၊ အောင်စာရင်းထုတ်တာ ပြောင်းလိုက်ရုံနဲ့ ကျောင်းသားတွေအတွက် အရည်အသွေးရှိတဲ့ပညာရေးအပြောင်းအလဲ လုပ်တယ်လို့ပြောဖို့ခက်တယ်။ အဝေးသင်ဆိုတာက အနီးကပ် ၁၀ ရက်နဲ့လည်း ဒီစာတွေကို ဘယ်လိုမှတတ်အောင်မလုပ်နိုင်တဲ့အတွက် ကျူရှင်စနစ်ကတော့ ရှိနေမှာပဲ။ ကျူရှင်ဆိုတာက ကျောင်းသားတွေအတွက် လိုအပ်လို့ရှိနေတဲ့ပုံစံဖြစ်နေတယ်။ အဲဒါကိုပြောရမယ်ဆိုရင် အရှုပ်အထွေးတွေ အများကြီးရှိလာနိုင်တယ်။ ခုက ကျောင်းသားတွေအနေနဲ့က ကျောင်းအပ်ရတယ်။ စာစဉ်ထုတ်ရတယ်။ နောက် အချိန်မီရေးရတယ်။ စာစဉ်တင်ရတယ်။ အနီးကပ်တက်ရတယ်။ သိပ္ပံတွဲတွေဆိုရင် လက်တွေ့တွေလုပ်ရတယ်။ အဲဒါပြီးတော့ စာမေးပွဲဖြေလိုက်တယ်။ ဘယ်လိုဖြစ်နေလဲဆိုတော့ ကျောင်းသားတွေအတွက် အဆင်ပြေတဲ့စနစ်မဟုတ်ဘူး။ အဲဒါကိုတော့ ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်။ လုပ်နိုင်မယ်ဆိုရင်တော့ ဒီစနစ်ကို ပိုကောင်းအောင်ဆိုရင် ကျွန်တော်တစ်ယောက်တည်းတော့ သိပ်မပြောနိုင်ဘူး။ ထိရောက်တဲ့ သင်ကြားသင်ယူမှုမျိုးဖြစ်အောင် လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။ တကယ်လက်တွေ့မှာရှိတဲ့ အဝေးသင်ကျောင်းသားတွေကို သုတေသန၊ စစ်တမ်းကောက်ပြီး အဝေးသင်မူဝါဒ အပြောင်းအလဲတွေလုပ်မယ်ဆိုရင် ပိုအဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်။

“အဝေးသင်ဆိုတာက အစကတည်းက ကိုယ်တိုင်လေ့လာရမှာ”

ဒေါ်အေမီသက် (နည်းပြ၊ အင်္ဂလိပ်စာဌာန၊ ရန်ကုန်အဝေးသင်တက္ကသိုလ်)

သက်ဆိုင်ရာတက္ကသိုလ်က မေးခွန်းထုတ်မယ်ဆိုတာ တရားဝင်ညွှန်ကြားချက် မထုတ်သေးဘူး။ ပြောထားတာမျိုးပဲ ရှိသေးတာ တိတိကျကျ စာမထွက်သေးဘူး။ စာမေးပွဲမေးခွန်းက သူတို့ကျောင်းက သူတို့ကြိုက်တဲ့ပုံစံထုတ်မှာပေါ့။ သူတို့သက်ဆိုင်ရာအလိုက် မေးခွန်းထုတ်ရမယ်ဆိုရင် ကျောင်းသား၊ ကျောင်းသူတွေကို စာစဉ်မတင်ခင်ကတည်းက အကြောင်းကြားမှာပါ။ မေးခွန်းပုံစံက ဘယ်လိုဆိုတာ လေ့လာလို့ရမှာပါ။ ကျွန်မအနေနဲ့က ဘယ်လိုပုံစံလဲဆိုတာ ပြောမရသေးပေမယ့် ကျောင်းသား၊ ကျောင်းသူတွေကို ကြိုပြီး အသိပေးမှာဖြစ်လို့ ကိုယ်တိုင်လေ့လာတာမျိုး ကြိုလုပ်လို့ရပါတယ်။ မေးခွန်းပုံစံကို ဒီအဝေးသင်ကပဲ ထုတ်ပေးမလား၊ သူတို့ဘာသာ စိတ်ကြိုက်ထုတ်မလား သေချာပြောလို့မရသေးဘူး။ အဓိကတော့ ဘယ်လိုပဲပြောင်းပြောင်း ကျောင်းသားတွေဘက်က စာလုပ်ဖို့ပဲ။ သူတို့စာလုပ်ရင် ဖြေနိုင်မှာပါ။ အဓိကကလေးတွေ စာကြိုးစားပါလို့ပဲ ပြောချင်တယ်။ အမှန်က ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ လွဲနေတာက အနီးကပ် ၁၀ ရက်တက်မှ စာသင်ရမှာမဟုတ်ဘူး။ ကျောင်းစအပ်ကတည်းက သူတို့ကိုစာအုပ်တွေ၊ ဗီဒီယိုခွေတွေ ထုတ်ပေးလိုက်ပြီးသား။ အဲဒါကို ကိုယ်တိုင်လေ့လာမှုလုပ်ရမှာ။ သူတို့ကိုယ်တိုင်လေ့လာပြီးမှ အနီးကပ် ၁၀ ရက်မှာ ဆရာမနဲ့ ပြန်လည်လေ့လာတာမျိုးလုပ်ရမှာ။ အဲဒါကို သူတို့သဘောပေါက်နေတာက အနီးကပ်မှ စသင်တယ်လို့ထင်နေတယ်။ အဝေးသင်ဆိုတာက အစကတည်းက ကိုယ်တိုင်လေ့လာရမှာ။ စီဒီကိုနားထောင် မသိတာကို ဆရာမကိုမေးပေါ့။ ဒါဆိုရင်အဆင်ပြေမှာပါ။

မြဇာခြည်သင်း