News

POST TYPE

EDUCATION

ရန်ကုန်တက္ကသိုလ် ပဋိညာဉ်မူကြမ်း ပညာရေးလွတ်လပ်ခွင့်မရှိဟု NNER ဝေဖန်
ရန်ကုန်၊ ဇွန် ၂၄

ရန်ကုန်တက္ကသိုလ်က ရေးဆွဲထားသော တက္ကသိုလ်ဋိညာဉ်မူကြမ်းသည် ပညာရေးလွတ်လပ်ခွင့်နှင့် ပညာရပ်ဆိုင်ရာသုတေသန လွတ်လပ်ခွင့်များကို အာမခံထားခြင်းမရှိကြောင်း ယခင်အစိုးရလက်ထက်ကတည်းက ပညာရေးပြောင်းလဲရေးတောင်းဆိုခဲ့သော ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) က ဝေဖန်လိုက်သည်။

ရန်ကုန်မြို့ ခဝဲခြံမျက်မမြင်ကျောင်းတွင် ဇွန်လ ၂၂ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့သော တက္ကသိုလ်ပညာရေး ပြုပြင်ပြောင်းလဲရေးဆိုင်ရာများနှင့် ပတ်သက်သော တက္ကသိုလ်ပဋိညာဉ်များစစ်တမ်းနှင့် ဆရာများအခန်းကဏ္ဍဆွေးနွေးပွဲတွင် ယင်းကွန်ရက်ဥက္ကဋ္ဌ ဒေါက်တာသိန်းလွင်က ထိုသို့ဝေဖန်လိုက်ခြင်းဖြစ်သည်။

“ရန်ကုန်တက္ကသိုလ်ရဲ့ သုတေသနဆိုင်ရာဖော်ပြချက်မှာ သုတေသနဟာ စီးပွားရေးဖွံ့ဖြိုးမှုကို ဦးတည်တဲ့ သုတေသနဖြစ်ရမယ်ဆိုတာ ပညာရေးလွတ်လပ်ခွင့်ကို အဟန့်အတားဖြစ်စေတယ်၊ စီးပွားရေးအတွက်သာရည်ရွယ်တယ်လို့ ကျွန်တော်မြင်ပါတယ်”ဟု ဒေါက်တာသိန်းလွင်က ပြောကြားသည်။

ယင်းကွန်ရက်အနေနှင့် တက္ကသိုလ်ပဋိညာဉ်မူကြမ်းရေးဆွဲပြီးသော ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ မုံရွာတက္ကသိုလ်နှင့် ပုသိမ်တက္ကသိုလ်မှ ပဋိညာဉ်မူကြမ်းများကို ယခုနှစ်မတ်လမှစ၍ လေ့လာဆန်းစစ်ရာတွင် ထိုသို့တွေ့ရှိခဲ့ခြင်းဖြစ်သည်။

လေ့လာဆန်းစစ်မှုအရ ဒဂုံတက္ကသိုလ်၊ မုံရွာတက္ကသိုလ်နှင့် ပုသိမ်တက္ကသိုလ်တို့က ပညာရေးလွတ်လပ်ခွင့်အတွက် အာမခံထားပြီး ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်နှင့် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တို့က ပညာရေးလွတ်လပ်ခွင့်ကို သိသာထင်ရှားစွာ ဖော်ပြထားခြင်းမရှိကြောင်း၊ ရန်ကုန်တက္ကသိုလ်ကမူ ပညာရေးလွတ်လပ်ခွင့်မရှိကြောင်း ယင်းစာတမ်းတွင် ဖော်ပြသည်။

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်က ထိုသို့ဝေဖန်လိုက်ခြင်းနှင့်ပတ်သက်၍ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာဖိုးကောင်းက “ပဋိညာဉ်က အကြမ်းပဲရေးရသေးတာ။ မပြီးသေးဘူး။ ကျွန်တော်သိသလောက်က ပညာရေးလွတ်လပ်ခွင့်တို့ သုတေသနတို့ကို အားပေးထားပါတယ်”ဟု တုံ့ပြန်ပြောကြားသည်။

ရန်ကုန်တက္ကသိုလ်ပဋိညာဉ်မူကြမ်း ရေးဆွဲရာတွင် ကျောင်းသား၊ ကျောင်းသူများပါဝင်ရေးဆွဲခွင့် မရသကဲ့သို့ ရေးဆွဲထားသော ပဋိညာဉ်မူကြမ်းကို ၂၀၁၇ ခုနှစ်ကတည်းက တက္ကသိုလ်ဝက်ဘ်ဆိုက်တွင် တင်ပေးထားသော်လည်း ကျောင်းသားများအနေနှင့် လက်လှမ်းမမီဟု ယင်းတက္ကသိုလ်ကျောင်းသားများ သမဂ္ဂတာဝန်ခံ ကိုဘုန်းထက်နောင်က ပြောဆိုသည်။

“ပဋိညာဉ်ကိုကျွန်တော်ကတော့ စိတ်ဝင်စားလို့ဖတ်ရပါတယ်။ ဒါပေမဲ့ရေးတုန်းကတော့ ကျောင်းသားတွေ ပါဝင်ရေးဆွဲခွင့် မရခဲ့ဘူး။ ဝက်ဘ်ဆိုက်မှာတင်ပေးမှ ဖတ်ခွင့်ရတာပါ။ မူကြမ်းက အတည်မပြုရသေးပေမယ့် ကျောင်းအုပ်ချုပ်ရေးအဖွဲ့အနေနဲ့ မူကြမ်းပါအချက်တချို့ ယူသုံးနေတာမျိုးကို ကျွန်တော်တို့မနှစ်သက်ပါဘူး”ဟု ကိုဘုန်းထက်နောင်က ပြောကြားသည်။

ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန နည်းပြဆရာ ဦးနေလင်းဝေကမူ ပဋိညာဉ်သည် မူကြမ်းအဆင့်သာရှိသေး၍ အတည်ပြုပြီး လက်တွေ့အသုံးပြုပြီးမှသာ အဆင်မပြေသည့်အချက်များကို တွေ့ရှိနိုင်မည်ဖြစ်သလို ထိုအချက်များကို ပြန်လည်ပြင်ဆင်ရမည်ဖြစ်ကြောင်း မှတ်ချက်ပေးသည်။

တက္ကသိုလ်ပဋိညာဉ်များသည် တက္ကသိုလ်များ လွတ်လပ်စွာသင်ကြား၊ သင်ယူနိုင်ရန်နှင့် လွတ်လပ်စွာစီမံခန့်ခွဲနိုင်ရန် သက်ဆိုင်ရာ တက္ကသိုလ်တာဝန်ရှိသူများက ရေးဆွဲရခြင်းဖြစ်သည်။ ထိုပဋိညာဉ်များသည် ပညာရေးဝန်ကြီးဌာနက ပြီးခဲ့သည့်နှစ်လယ်ပိုင်းတွင် ရေးဆွဲထားသော အဆင့်မြင့်ပညာရေး ဥပဒေမူကြမ်းအတည်ပြုပြီးမှသာ နောက်ဆက်တွဲ ဆက်လက်အကောင်အထည်ဖော်မည်ဖြစ်သည်။

(ရန်ကုန်တက္ကသိုလ် ပဋိညာဉ်မူကြမ်းဖတ်ရှုရန် - https://uy.edu.mm/annoucements/336-2017-07-28-04-07-48)

J-19