News

POST TYPE

EDUCATION

ပြည်ပတွင် ပညာထွက်ရှာနေကြသော တရုတ်များ
23-Jun-2018



လူငယ်များ နိုင်ငံရပ်ခြားဒေသများသို့ထွက်ပြီး ပညာသင်ကြားနေမှုများ ပိုများလာသည်။ တရုတ်က နိုင်ငံတကာကို လွှမ်းမိုးနိုင်ရမည်ဟု ကြွေးကြော်ထားသည်။ ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်နိုင်ငံ တစ်နိုင်ငံဖြစ်ရမည်ဟုလည်း နိုင်ငံခေါင်းဆောင်များကအော်ပြီး တိုင်းပြည်၏ အနာဂတ်ရေးကို နည်းမျိုးစုံဖြင့် မြှင့်တင်ပေးနေကြောင်းတွေ့ရသည်။ ရလဒ်အနေနှင့် တရုတ်လူငယ်များကို နိုင်ငံရပ်ခြားသို့ ပိုပြီး လွှတ်လာကြခြင်းဖြစ်သည်။

နိုင်ငံတကာ ပညာရေးက ပိုပြီး ခိုင်မာနေသည်။ သူတို့လူငယ်တွေက ခိုင်မာတိုးတက်သည့်နိုင်ငံများက ပညာရေးတွေကို လိုက်သင်နေကြသည်။ တရုတ်လေးတွေ အဘယ်ကြောင့် နိုင်ငံရပ်ခြား တက္ကသိုလ်များသို့ ရောက်လာပြီး ပညာကိုကြိုးစားသင်ယူနေကြသနည်း။

၁။ အတွေ့အကြုံများကို သူတို့မျှော်လင့်နေကြသည်

တရုတ်တို့ အနောက်နိုင်ငံများသို့ အများဆုံးရောက်လာကြခြင်းမှာ ထိုနိုင်ငံဒေသများ၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို လေ့လာနိုင်ကြရန်ဖြစ်သည်။ တစ်နည်းပြောရလျှင် ကမ္ဘာ့အမြင်၊ ကမ္ဘာ့အတွေးဖြင့် ကမ္ဘာကြီးကို မည်သို့ချုပ်ကိုင်နိုင်မည်နည်းဆိုခြင်းကို သူတို့လေ့လာသင်ယူနေကြခြင်းဖြစ်ကြောင်း သဘောပေါက်ထားစေလိုသည်။

သူတို့အတွေ့အကြုံယူသည်ဆိုရာတွင် မိမိတို့နှင့် ကွဲပြားသည့် ဘာသာစကား၊ အစားအသောက်၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတို့ကို လာရောက်လေ့လာသင်ယူနေကြခြင်းဖြစ်သည်။ သူတို့က ယဉ်ကျေးမှုအသစ်တွေကို ယူသွားသည်။ ပညာရေးအသစ်တွေကို ယူသွားသည်။ သူတို့စိတ်ထဲတွင် တစ်ခုသာရှိသည်။ မိမိတို့နိုင်ငံကို ပြန်ရောက်လျှင် မည်သို့ တရုတ်နည်းတရုတ်ဟန်လုပ်ပြီး တိုးတက်အောင် ဆောင်ရွက်ကြမည်နည်း ဆိုသည့်နိုင်ငံနှင့် လူမျိုးချစ်စိတ်ဖြစ်သည်။ 

၂။ လူမျိုးပေါင်းစုံကို ဆုံတွေ့ကြသည်

သူတို့နိုင်ငံရပ်ခြားကို ရောက်လာကြသည်။ မည်သည့်နိုင်ငံမည်သည့်လူမျိုးနှင့်မဆို အကြောင်းအပေါင်းသင့်အောင် နေထိုင်နိုင်ကြသည်။ တည့်အောင်ပေါင်းကြသည်။ သူတို့ပညာကြိုးစားသည်။ အားလပ်ချိန်များတွင် နေရာအနှံ့ ခရီးတွေထွက်ပြီး လေ့လာနေကြသည်။ သူတို့ဘဝအတွက် အရေးပါမည်ထင်သည့်သူတိုင်းကို သူတို့က ဘဝတစ်သက်တာ သူငယ်ချင်း မိတ်ဆွေများဖြစ်အောင် ပေါင်းသွားသည်။ သူတို့နိုင်ငံခြားကို လာခြင်းမှာ မိတ်ဆွေအပေါင်းအသင်းများနှင့် ဘဝတစ်ခုကို တည်ဆောက်ခဲ့ရန်ဖြစ်သည်။

၃။ အနာဂတ်အလုပ်အကိုင်အခွင့်အလမ်းကို မျှော်ကိုးကြသည်

သူတို့နိုင်ငံခြားကို ရောက်လာခြင်း၏ အဓိကအကြောင်းရင်းမှာ ပညာတတ်ရေးအပြင် အလုပ်အကိုင်အခွင့်အရေးအတွက်လည်းပါသည်။ သူတို့ လူငယ်တွေကိုယ်တိုင်သာမက၊ မိဘတွေကပါ နိုင်ငံရပ်ခြားရှိ နာမည်ကြီးတက္ကသိုလ်များတွင် သွားထားပါက တစ်နေ့တွင် မိမိတို့သားသမီးများ၏ အလုပ်အကိုင်အခွင့်အလမ်းများမှာ အကောင်းဆုံးဖြစ်မည်ဟု ခံယူထားကြပြီးဖြစ်သည်။ တရုတ်တွေက အခြားနိုင်ငံမှ ပညာလာသင်သူတွေနှင့်အတူ ပညာကြိုးစားသည်။ ထိပ်တန်းရောက်အောင်လုပ်သည်။ အလုပ်ကောင်းကောင်း နေရာကောင်းကောင်း ရအောင်ရှာသည်။ အပင်ပန်းခံလုပ်သည်။ ပြီးလျှင် ကိုယ့်တိုင်းပြည်ကိုယ်ပြန်ကြသည်။

၎။ ဘာသာစကား ကျွမ်းကျင်ချင်ကြသည်

တရုတ်အများစုသည် အင်္ဂလိပ်စကားပြောသည့် နိုင်ငံများသို့ရောက်လာပြီး ပညာသင်ကြသည်က များသည်။ သူတို့က အင်္ဂလိပ်စကားပြောနိုင်ငံ များနှင့် အင်္ဂလိပ်ဘာသာစကားကို အထူးနှစ်သက်စွာ လေ့လာသင်ယူတတ်ကြသည်။ သူတို့ နိုင်ငံရပ်ခြားကို လာရောက်ခြင်းမှာ မိမိတို့နိုင်ငံတွင် အင်္ဂလိပ်ဘာသာစကားကို သင်ယူခြင်းထက် အမြန်ဆုံးနှင့် ပိုပြီး အကောင်းဆုံးပြောဆိုရေးဖတ်နိုင်စွမ်းရှိမည်ဟု ယုံကြည်ကြသည်။ သူတို့ အင်္ဂလိပ်စာကို အထူးကျွမ်းကျင်အောင်လုပ်ခြင်းမှာ အင်္ဂလိပ်စကားပြော နိုင်ငံများ အပေါ်လွှမ်းမိုးနိုင်စွမ်းရှိရန်ဆိုသည့် စိတ်ဓာတ်ကလွဲပြီး အခြားမရှိနိုင်။

၅။ အဆင့်မြင့်ပညာအတွက် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ မဖြေရခြင်းကို သဘောကျသည်

တရုတ်တွင်နေပြီး ပညာသင်လျှင် သူတို့သည် တက္ကသိုလ်ဝင်တန်း (ကောင်းခေါင်စာမေးပွဲ) ကို မလွဲမသွေ ရင်ဆိုင်ဖြတ်သန်းကြရသည်။ ထိုကောင်းခေါင်စာမေးပွဲသည် စာဖြေသူ ကျောင်းသားများကိုသာမက မိဘများကိုပါ စိတ်သောကရောက်စေသည်။ သူတို့ ပညာရေးက တက္ကသိုလ်ဝင်စာမေးပွဲနှင့် အဆုံးအဖြတ်ပေးနေခြင်းအပေါ် မိဘတွေကလည်း စိတ်ပျက်လာသည်။ အမှတ်ကောင်းကောင်းရရန် မည်မျှကြိုးစားသည်ဖြစ်စေ နောက်ဆုံးလွဲချော်သွားလျှင် ဘဝပျက်သည်အထိ ခံစားကြရသည်။ ထိုခံစားမှုမျိုးကို မလိုလားသည့် မိဘနှင့် ကျောင်းသားများက ဝင်ခွင့်စာမေးပွဲစနစ်မရှိသော အနောက်တိုင်းပညာရေးစနစ်အပေါ် သဘောကျလာကြသည်။ သူတို့နိုင်ငံတွင် အပြိုင်အဆိုင်အသေအလဲ ကြိုးစားနေရသည့် ကောင်းခေါင်စာမေးပွဲ စနစ်မကြိုက်သူတွေက နိုင်ငံခြားကိုအရောက်ပို့နေကြသည်။

၆။ နိုင်ငံခြားတွင် အလုပ်အကိုင်အခွင့်အလမ်းရှာလိုကြသည်

နိုင်ငံခြားသို့ရောက်လာသော တရုတ်လူငယ် အများစုသည် အလုပ်အကိုင် အခွင့်အရေးကိုလည်း မက်ကြသည်။ သူတို့သည် နိုင်ငံရပ်ခြားတွင် ဖြစ်သလိုနေထိုင်ပြီး နိုင်ငံခြားမှအခြေစိုက်ရန် ရောက်လာသည့်လူများဘဝနှင့် အတွေ့အကြုံတွေ ယူထားကြသည်။ သူတို့က ဘွဲ့တစ်ခုကို အနည်းဆုံးပိုင်ဆိုင်အောင် ကြိုးစားကြသည်။ မာစတာတန်းအထိတက်ပြီး အခွင့်အရေးရလျှင် ယူကြသည်။ သူတို့အဓိကယူလိုသည့် ပညာမှာ စီးပွားရေးဆိုင်ရာ ပညာရပ်များဖြစ်သည်။ အိုင်တီနှင့်နည်းပညာဘက်ကိုလည်း သူတို့လိုက်စားကြသလို ထိုလုပ်ငန်းများတွင် နေရာရအောင် ကြိုးစားလေ့ရှိကြသည်။

၇။ မိတ်ဆွေများကို လွှမ်းမိုးလိုသည်

နိုင်ငံခြားသို့ရောက်လာသည့် တရုတ်အနည်းစုမှာ မိမိတို့နိုင်ငံဒေသများမှ သူငယ်ချင်းများကို အသာစီးရလိုသောကြောင့်ဟုဆိုကြသည်။ နိုင်ငံရပ်ခြားတွင် ပညာလာရှာနိုင်သည်၊ အလုပ်လုပ်နိုင်သည် ဆိုခြင်းကို ဂုဏ်တစ်ခုအနေနှင့် သူတို့သတ်မှတ်ထားကြသည်။ 

၈။ ပတ်ဝန်းကျင်ကောင်းကို လိုချင်ကြသည်

တရုတ်လူငယ်များက နိုင်ငံရပ်ခြားကို ရောက်လာလျှင် သူတို့၏ ဘဝပြောင်းလဲသွားပြီဟု ခံစားတတ်ကြသည်။ သူတို့နိုင်ငံတွင် ပညာသင်ကြားရခြင်းထက် အဘက်ဘက်က သာလွန်သလို သူတို့၏ အတွေးအခေါ် အယူအဆမှသည် ခေါင်းဆောင်နိုင်စွမ်း၊ အဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်နိုင်စွမ်း၊ ဆုံးဖြတ်ချက်ချနိုင်စွမ်းများတွင် မိမိတို့နိုင်ငံမှ ပညာတတ်များထက် သာလွန်သည်ဟု ယူဆထားကြသည်။

၉။ မိဘများ၏တောင်းဆိုမှုကို လိုက်လျောကြသည်

နိုင်ငံခြားသို့ ပညာသင်ရန် ရောက်လာကြသည့် အချို့သောလူငယ်များမှ မိဘများကိုယ်တိုင်က တောင်းဆိုသောကြောင့်ဖြစ်သည်။ တရုတ်မိဘ အများစုသည် သူတို့ဘဝတွင် တရုတ်ယဉ်ကျေးမှုဆိုသည့် အရိပ်ကြီးကို နှစ်ပေါင်းများစွာ လွှမ်းမိုးခြင်း ခံထားရသူများဖြစ်သည်။ သူတို့မိဘတွေကိုယ်တိုင်က နိုင်ငံခြားပြန်ဆိုသည့်သဘော၊ နိုင်ငံခြားတွင် အလုပ်လုပ်ခဲ့သည်ဆိုသည့်သဘောကို ဂုဏ်တစ်ခုအနေနှင့် ခံယူထားသူများဖြစ်သည်။ ထို့ကြောင့် မိဘများ အလိုကျ နိုင်ငံရပ်ခြားကို ရောက်လာကြသူများလည်း ရှိသည်။

E-01

(Ref: Times Higher Education)