News

POST TYPE

EDUCATION

ခေတ်ပြောင်းတော်လှန်ရေးနှင့် စနစ်ပြောင်းပညာရေး
16-Jun-2018



အနာဂတ်ပညာရေးသည် အတိတ်ကာလ ပညာရေးကို နောက်ချန်ထားခဲ့ပြီ။ ဆိုလိုသည်မှာ ခေတ်သစ်တွင် ပညာသင်ရေးလမ်းကြောင်းက ပိုပြီးလွယ်ကူလာသည်ဟု ဆိုလိုခြင်းဖြစ်သည်။ သို့သော် ကျောင်းများသည် ယနေ့တိုင် ရှေးရိုးအယူအစွဲများကို လက်မလွှတ်နိုင်လောက်အောင် ဖြစ်နေသေးသည်။ ခေတ်ပြောင်းသည်ကို မသိသောမိဘများက သူတို့ခေတ်ဟောင်းတွင် သင်ခဲ့ရသည့် နည်းဟောင်းများကိုသာ အကောင်းထင်နေမည်ကို စိုးရိမ်မိသည်။

ဆရာတွေသည် ခေတ်ကလေးများကို သင်ကြားရသည်မှာ ပိုပြီးလွယ်ကူအဆင်ပြေလာကြောင်း ခေတ်ကို မျက်ခြည်မပြတ်ရန်လိုသည်။ ပညာရေးကို အကြောင်းပြုပြီး ဘာလုပ်ပေးမည်၊ ညာလုပ်ပေးမည် ပြောတတ်သော နိုင်ငံရေးသမားတိုင်းသည်လည်း ၂၀ ရာစုကအတိုင်း ပညာရေးလမ်းကြောင်းဖြင့် သွားမည်ဟုပြောဆိုစည်းရုံး၍ မရတော့သည်ကို သိထားစေလိုသည်။ သို့သော် လက်ရှိအနေအထားတွင် ပညာရေးသည် လမ်းကြောင်းပြောင်းနေကြောင်း မသိနားမလည်သည့်နိုင်ငံတွေက လမ်းရိုးဟောင်းကိုပင် ကောင်းသည်ဟုထင်ကာ ဆက်လက်ကျင့်သုံးနေကြသေးသည်။

ပညာရေးလောကသည် နည်းပညာအစွမ်းကြောင့် တိုးတက်ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ သမိုင်းတွင်လောက်သည့် ကွန်ပျူတာနှင့် အင်တာနက်ပေါ်ပေါက်လာခြင်းက ပညာရေးကို လမ်းကြောင်းသစ်ဆီခေါ်ဆောင်သွားခဲ့ပြီဖြစ်သည်။ ဒစ်ဂျစ်တယ်ခေတ်ဖြစ်လာခြင်းက သင်ယူရမှုအားလုံး အဆင်ပြေလွယ်ကူသွားစေခဲ့သည်။ ပညာရေးတွင် လက်တွေ့သင်ကြားသင်ယူနိုင်သည့် နည်းစနစ်များတွင်ဆရာထက် ကွန်ပျူတာနှင့် အင်တာနက်ကို အကျိုးရှိစွာ အသုံးချလိုက်လျှင် ကမ္ဘာပတ်ပြီးလေ့လာနိုင်သည့်အဆင့်ကိုရောက်သွားသည်။ ဆရာများ၏ အခန်းကဏ္ဍနေရာကလည်း ပြောင်းသွားသည်။ သင်ကြားသူဘဝက လမ်းညွှန်သူဘဝကို ရောက်မှန်းမသိရောက်သွားကြောင်း သတိပြုစေချင်သည်။

ယနေခေတ် အလုံးစုံကို သိနေသည့်နေရာမှာ Google ဟုဆိုလျှင် မှားအံ့မထင်။ သိချင်တာအားလုံး Google ထဲတွင် ရှိနေသည်။ သိချင်သည့်အကြောင်းအရာအားလုံးကို ရိုက်ရှာလိုက်လျှင် လေ့လာမကုန်၊ ဖတ်မကုန်၊ မှတ်မကုန်ဖြစ်လာလိမ့်မည်။ အနာဂတ်ပညာလမ်းကြောင်း ပြောင်းလာသည်ဆိုခြင်းမှာ ဆရာသည် Google လောက် သိထားသလားဆိုသည့် စိန်ခေါ်ခြင်းကို ခံရမည့်အရေးဖြစ်သည်။ 

ဆင်းရဲလျှင် ကျောင်းတွင်မတော်ဆိုသည့် အယူအဆကို အင်တာနက်က လမ်းကြောင်းပြောင်းပေးလိုက်သည်။ ယခင်က PISA ကဲ့သို့ ကမ္ဘာ့စာမေးပွဲကို ပိုက်ဆံကြေးကြီးကြီးပေးကာ လေ့လာရသည်။ ယနေ့ အခမဲ့ အင်တာနက်တွင် လေ့လာနိုင်သည်။ အမေရိက မြို့ကြီးများတွင် ကွန်ပျူတာအင်တာနက်ကြောင့် ကမ္ဘာ့အသိအမှတ်ပြုစာမေးပွဲလမ်းကြောင်းတွေ ပြောင်းလာသလို၊ အွန်လိုင်းကတစ်ဆင့် ဘွဲ့တွေပါ ယူလာနိုင်သည့် သဘောဖြစ်သည်။ 

ဆရာဗဟိုပြုစနစ်ကို ဦးတည်သင်ကြားခြင်းခံခဲ့ရသည့် ကာလတွေက ကျောင်းသားနည်းလေ၊ ပိုကောင်းလေဟု မှတ်ယူခဲ့ကြသည်။ တစ်တန်းလျှင် စံအဖြစ် ၂၀ ခန့်သာထားရန် အဆိုပြုကြသည်။ ခေတ်သစ်တွင် ကျောင်းသား ၁၀၀ ရှိနေလည်း စိတ်ပူစရာမလိုပါ။ သူတို့အားလုံးလက်ထဲတွင် ကွန်ပျူတာ၊ တက်ဘလက်တွေ ရှိနေသည်။ ဆရာသည် အတန်းထဲတွင် အာပေါင်အာရင်းသန်စွာဖြင့် သင်ကြားပို့ချရမည့်ခေတ် မဟုတ်တော့ပါ။ သူပြောချင်သည့် (ပို့ချချင်သည့်) အရာများကို ဗီဒီယိုဖြင့် ကြိုတင်ရိုက်ကူးပြီး လွှင့်တင်ပေးလိုက်လျှင်ရသည့် ခေတ်ဖြစ်နေသည်။ ကမ္ဘာကလည်း မည်သည့်နိုင်ငံက ပါမောက္ခ၏ ပို့ချက်ကိုမဆို ရယူပြီး လေ့လာနိုင်သည့်ခေတ်ဖြစ်နေကြောင်း သတိပြုစေလိုသည်။ 

ကျောင်းတွင် အချိန်များများပေးမှ ထူးချွန်သူဖြစ်လာမည်ဆိုသည့် အယူကလည်း ခေတ်နောက်ကျသွားပြီ။ ခေတ်မီတိုးတက်သည့်နိုင်ငံများတွင် ကျောင်းတွင် စာသင်ချိန်ကိုလျှော့နေကြသည်။ စာသင်ချိန်ကိုလည်း မိနစ် ၄၀ သင် ၁၅ မိနစ် ကစားဆိုသည်အထိ ဖင်လန်နိုင်ငံတွင် လုပ်ဆောင်နေသည်။ ထိုနိုင်ငံနည်းကို အာရပ်စော်ဘွားနိုင်ငံတွေက လိုက်လုပ်သည်။ ကျောင်းဆိုသည်မှာ စာသင်ခန်းထဲတွင် ပိတ်လှောင် ထားရန်မဟုတ်။ မိမိတို့ လိုချင်သည့်ပညာကို လာရောက်ရှာဖွေ တိုင်ပင်ဆွေးနွေးသည့် နေရာတစ်နေရာအဖြစ် ပြောင်းလဲနေကြပြီဖြစ်သည်။ အက်စ်တိုးနီးယား၊ ကနေဒါ၊ ဖင်လန်၊ ဂျပန်တို့တွင် ကျောင်းသားများ၏ ကိုယ်ပိုင်လေ့လာနိုင်သည့် အချိန်ကို များများပေးနိုင်ရေးအတွက် စာသင်ချိန်တွေကို ပြုပြင်ပြောင်းလဲပေးနေကြသည်။

ပညာရေးတွင် ဆရာတို့၏ ပိုင်းဖြတ်အကဲဖြတ်နိုင်စွမ်းများကို ပိုပြီးတောင်းဆိုလာကြသည်။ သင်ကြားခြင်းထက် လမ်းညွှန်ပြသပြီး မိမိတို့တပည့်များ၏ တတ်မြောက်မှုကို အကဲဖြတ်နိုင်စွမ်းမည်မျှရှိကြောင်း အကဲဖြတ်ပေးနိုင်သူဆရာများ၏ အခန်းကဏ္ဍက ခေတ်သစ်ပညာရေးတွင် ပိုပြီး အရေးပါလာသည်။ ပညာရေးကို ခေတ်မီနည်းစနစ်များဖြင့် စောင့်ကြည့်ပိုင်းဖြတ်ရန် AI စနစ်များအား တီထွင်နေခြင်းက ဆရာများ၏ အနာဂတ်ကိုပါ ခြိမ်းခြောက်လာနေကြောင်း သိထားစေလိုပါသည်။ 

ကျောင်းများကို အရည်အသွေးမြှင့်တင်လာပြီး ပညာရေးစနစ်ကို မြှင့်တင်လာလျှင် ဆရာများ၏ အရည်အသွေးကိုလည်း နောက်ချန်ထားခဲ့ရန် မဖြစ်နိုင်ပါ။ ဆရာတွေကိုလည်း ပညာရေးမြှင့်တင်ရာတွင် အကောင်းဆုံး အသုံးချနိုင်သည့်စနစ်က ရှေ့တန်းကို ထွက်လာမည်ဖြစ်ပါသည်။ ဖင်လန်နိုင်ငံပညာရေး စနစ်တွင် ဆရာများ၏ ပညာအရည်အချင်းနှင့် အခန်းကဏ္ဍများကို ပုံစံပြောင်းပြီး မည်သို့မြှင့်တင်နေကြကြောင်း သတိပြုကြစေချင်ပါသည်။ 

ပညာရေးက ပူးပေါင်းဆောင်ရွက်တတ်မှု၊ ထိုးဖောက်ထွက်နိုင်မှု၊ တီထွင်ဖန်တီးအားကောင်းမှု၊ စူးစမ်းလေ့လာအားကောင်းမှု၊ အပြန်အလှန်ပြောဆိုဆွေးနွေးငြင်းခုံခြင်းကို အားပေးမှုများ လိုအပ်လာသည်။ စာတွေ့ထက် လက်တွေ့မည်မျှ လုပ်ဆောင်နိုင်သည်ဆိုခြင်းကို ပြသနိုင်သူများ လိုအပ်သည်။ အသုံးချသူထက် အသုံးပြုနိုင်ရန် တီထွင်ဖော်ထုတ်သူတွေ လိုလာသည်။ 

ပညာရေး၏ အနာဂတ်ကို ခန့်မှန်းတွက်ဆပြီး မပြုပြင်မပြောင်းလဲနိုင်သည့် နိုင်ငံများသည် အခြားသော နိုင်ငံများ၏ ပြုပြင်ပြောင်းလဲနေသော ခေတ်ပြောင်းပညာတော်လှန်ရေးနှင့် အလှမ်းဝေးကာ မည်သည့်နေရာမှ အံဝင်ခွင်ကျမဖြစ်သော လူသားတွေကို အချိန်ကုန်၊ ငွေကုန်ခံပြီး အချည်းနှီးမွေးထုတ်နေသလို ဖြစ်နေလိမ့်မည်။

E-01