News

POST TYPE

EDUCATION

တက္ကသိုလ်နှင့် ပညာရေးလွတ်လပ်ခွင့်
15-Jun-2018



တက္ကသိုလ်များသည် ပညာရေးလွတ်လပ်ခွင့် (Academic Freedom) အများဆုံး ရှိရမည့်နေရာများ ဖြစ်သင့်ပါသည်။ Academic Freedom ဆိုသည်ကို တက္ကသိုလ်များတွင် အထူးပြုပြီး တောင်းဆိုရသည့် ကိစ္စတစ်ရပ်အဖြစ် အလေးအနက်ထားကာ လုပ်ဆောင်နေကြပါသည်။ Academic Freedom ဆိုသည်မှာ တက္ကသိုလ်တွင် ပညာသင်ပေးနေသည့် ဆရာ၊ ဆရာမများအတွက်ရော၊ ပညာသင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူများအတွက်ပါ မရှိမဖြစ်အရေးကြီးကာ ပညာသင်ကြားမှု၊ သင်ယူမှု လုပ်ငန်းစဉ်ကို ကြားခံမည်သည့်အဖွဲ့အစည်း တစ်ခုခုကမှ ဝင်ရောက်နှောင့်ယှက်ခြင်း၊ တားဆီးပိတ်ပင်ခြင်းများ မရှိရေးကို တောင်းဆိုခြင်းလည်းဖြစ်သည်။

အဘယ်ကြောင့် Academic Freedom ကိုတောင်းဆိုကြရသနည်း။ သုတေသနလုပ်ငန်းများကို လုပ်ဆောင်ခြင်း၊ သင်ကြားသင်ယူမှုများ လုပ်ဆောင်ခြင်းနှင့် ဆက်သွယ်ပေါင်းကူးရေးလုပ်ငန်းများတွင် Academic Freedom က မရှိမဖြစ်လိုအပ်သောကြောင့် တောင်းဆိုရခြင်းဖြစ်သည်။

ပညာရေးလွတ်လပ်ခွင့်ဆိုသည်မှာ တက္ကသိုလ်အဖွဲ့အစည်းများအတွင်း ကိုယ်ပိုင်အုပ်ချုပ်စီမံပိုင်ခွင့်ရှိခြင်း  (Autonomy) နှင့်လည်း သက်ဆိုင်နေသည်။ အားလုံးကို ပညာရှင်များက မိမိတို့၏ စိတ်သဘောအရ စီမံဖန်တီးတီထွင်လုပ်ဆောင်နိုင်ခွင့်ရှိမှလည်း ဖွံ့ဖြိုးတိုးတက်နိုင်ပေလိမ့်မည်။ 

Academic Freedom ဆိုသည်မှာ အတွေးအခေါ်လွတ်လပ်ခြင်း၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုရေးသားဝေဖန်ခွင့်ရှိခြင်း၊ လုပ်ပိုင်ခွင့် ရှိခြင်း များနှင့်လည်း သက်ဆိုင်နေသည်။ ကမ္ဘာကလည်း ပညာရေးတွင် လွတ်လပ်ခွင့်ရှိမှုတို့ကို အခွင့်အရေးတစ်ရပ်အနေနှင့် ထုတ်ပြန်ထားမှုများ အသီးသီးရှိပြီးဖြစ်သည်။

“ဝိဇ္ဇာပညာရပ်ကိုလည်းကောင်း၊ သိပ္ပံပညာရပ်ကိုလည်းကောင်း သုတေသနပြုရာတွင် ချုပ်ကိုင်ထားခြင်းမှ ကင်းလွတ်စေရမည်။ ပညာရေးဆိုင်ရာ လွတ်လပ်ခွင့်ကိုလေးစားရမည်” ဟု ဥရောပသမဂ္ဂ၏ အခြေခံလူ့အခွင့်အရေးတွင် ဖော်ပြထားသည်။

ပညာရေး လွတ်လပ်ခွင့်ဆိုသည်မှာ အစဉ်အလာက သတ်မှတ်သည့် ဥပဒေများအရ လိုက်နာဆောင်ရွက်ရသည်များရှိသလို၊ အစဉ်အလာအတိုင်း မဟုတ်သည့် သတ်မှတ်ချက်များနှင့်လည်း လွတ်လပ်ခွင့် ပေးရသည်များရှိနိုင်ပါသည်။ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စများ၊ ရန်ပုံငွေများ၊ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စများ၊ တက္ကသိုလ်အဖွဲ့အစည်း၏ သတ်မှတ်ချက်များကို လိုက်နာပြီး လုပ်ဆောင်ရသည်များ ရှိနိုင်သကဲ့သို့ အခြားသော လိုအပ်ချက်များအရ ခွင့်ပြုရမှုများလည်း ရှိကောင်း ရှိနိုင်ပါသည်။

တက္ကသိုလ်ဆိုင်ရာ ပညာရေးလွတ်လပ်ခွင့်ဆိုသည်မှာ အဘယ်နည်း

ပညာရေးလွတ်လပ်ခွင့်ဆိုသည်မှာ သုတေသနလုပ်ငန်း၊ သင်ကြားခြင်းလုပ်ငန်း၊ ပြောဆိုခြင်း၊ ထုတ်ဝေခြင်း၊ လိုအပ်ချက်ကို သတ်မှတ်ခြင်းတို့တွင် လွတ်လပ်စွာ ဆုံးဖြတ်လုပ်ဆောင်ပိုင်ခွင့်ကို ဆိုလိုသည်။ ထိုသို့ လုပ်ဆောင်ရာတွင် အစိုးရသို့မဟုတ် အခြားသော အာဏာပိုင်အဖွဲ့အစည်းများက ဝင်ရောက်စွက်ဖက်ရန်မလိုပါ။ ဘာလုပ်ရမည်၊ ဘာလုပ်သင့်သည်၊ မည်သို့လုပ်မည်ဆိုခြင်းကို သက်ဆိုင်ရာ တက္ကသိုလ်အဖွဲ့ အစည်းများကသာ လွတ်လပ်စွာ ဆုံးဖြတ်လုပ်ပိုင်ခွင့်ရှိရမည်။ သုတေသနလုပ်ငန်းများသည် လူသားအကျိုးပြုစေမည့် လုပ်ငန်းမှန်လျှင် အားလုံးကိုနားလည်ခွင့်လွှတ်ပေးရမည်သာဖြစ်သည်။ 

Academic Freedom ဆိုသည်မှာ တက္ကသိုလ်တွင် ရောက်ရှိနေသည့် ဆရာ၊ ကျောင်းသား၊ ပညာရှင် အားလုံး သည် လွတ်လပ်စွာတွေးတောခွင့်၊ လုပ်ကိုင်ပိုင်ခွင့်များဖြင့် လူသားအကျိုးပြုလုပ်ငန်းများအတွက် သုတေသန လုပ်ပိုင်ခွင့်ရှိရေးဖြစ်သည်။ ထိုသို့ လုပ်ဆောင်ရန်အတွက် ပြင်ပမှ မည်သည့် နိုင်ငံရေးအဖွဲ့အစည်းများ၏ တိုက်တွန်းချက်နှင့် ဖိအားများလည်းမလို၊ အလုပ်ပြုတ်မှာလည်း မကြောက်ရ၊ ဖိနှိပ်ခြင်းလည်း မခံ၊ ထောင်သွင်းအကျဉ်းချရန် ခြိမ်းခြောက်ခြင်းလည်း မရှိစေရသည့် လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရရှိရေးကို ဆိုလိုပါသည်။

အမေရိကန်ပြည်ထောင်စုတွင် Academic Freedom ဆိုသည်မှာ တက္ကသိုလ်နှင့် ပညာရပ်ဆိုင်ရာ နယ်ပယ်တွင် -

၁။ မည်သူက သင်ကြားမည်
၂။ မည်သည့်အကြောင်းအရာတွေကို သင်ကြားမည်
၃။ မည်သို့သင်ကြားမည်
၎။ မည်သူတွေကို သင်ယူခွင့်ပြုမည် ဆိုသည့် အချက်များကို တက္ကသိုလ်၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် လုပ်ကိုင်ပိုင်ခွင့်များ ရှိခြင်းအား Academic Freedom ဟု သတ်မှတ်ပါသည်။

Academic Freedom တွင် အသိဉာဏ်ဆိုင်ရာ တို့ကို ဖွံ့ဖြိုးတိုးတက်စေမည့် ဆွေးနွေးငြင်းခုံပွဲများ (Debate) များ လုပ်ပေးခြင်းတို့လည်း ပါဝင်သည်။ တက္ကသိုလ်ဆိုသည်မှာ အသိဉာဏ်ကို ပိတ်ပင်ထားရမည့်နေရာမဟုတ်။ အသိဉာဏ်ကို ပွင့်လင်းစေမည့် မည်သည့်ပြောဆိုဆွေးနွေးငြင်းခုံဝေဖန်မှုကိုမဆို ခွင့်ပြုလက်ခံရမည့် နေရာဖြစ်သည်။ တက္ကသိုလ်ဝင်းအတွင်း Debate များလုပ်ရန်အတွက် ဆင်ဆာလုပ်ခြင်း၊ နှိပ်ကွပ်ခြင်းတို့ မရှိစေရ။

တက္ကသိုလ်ဝင်းအတွင်းရှိ ဆရာ ဆရာမတိုင်း သည် မိမိတို့ထံ ပညာလာရှာနေသူများကို မိမိတို့ဆရာ အတတ်ပညာဖြင့် လွတ်လပ်စွာ ဖန်တီးသင်ကြား ပို့ချ ခွင့်ရှိသည်။ ကိုယ့်စိတ်ကူး၊ ကိုယ့်အတွေးများဖြင့် ဖန်တီးသင်ကြားမည်။ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်နေပြီး အနာဂတ်လူငယ်များကို အတွေးအခေါ်ပညာ ဗဟုသုတများ ဖွံ့ဖြိုးတိုးတက်စေရမည်
ဆိုသည့် စိတ်ဓာတ်များဖြင့် လုပ်ကိုင်နေသူများအပေါ် မည်သူကမျှ ချုပ်ကိုင်တားဆီး ပိတ်ပင်ခြင်းများ မရှိရန် အရေးကြီးသည်။

လွတ်လပ်စွာ သင်ကြားခွင့်ဆိုသည်မှာ သတ်မှတ်ထားသည့် ပညာရပ်များအပေါ် လွတ်လပ်စွာရွေးချယ်ခွင့်၊ မိမိနှစ်သက်ရာကို သင်ယူပိုင်ခွင့်များနှင့်လည်း သက်ဆိုင်နေပါသည်။ တက္ကသိုလ်တွင် ကျောင်းသား ရော၊ ဆရာများကပါ မိမိတို့အမြင်များကို လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့်ရှိရန် အရေးကြီးသည်။ ခေတ်မီ နည်းစနစ်များ ကွန်ပျူတာများ၊ တက်ဘလက်များ၊ မိုဘိုင်းလ်ဖုန်းများ ပေါ်လာပြီ ဖြစ်သောကြောင့် လွတ်လပ်စွာ ယူဆောင် သုံးစွဲခွင့်များရှိရန်လိုပါသည်။ လွတ်လပ်စွာပြောဆိုဝေဖန်ခွင့်၊ ရေးသားခွင့်များကို ကျောင်းဝင်းအတွင်းဖြစ်စေ ကျောင်းပြင်က အိမ်ကဖြစ်စေဆရာနှင့်ကျောင်းသားများ ဆက်သွယ်လုပ်ဆောင်နိုင်ရေးကလည်း ပိုပြီး အရေးကြီးလာသည်။ 

ဆရာရော၊ ကျောင်းသားများပါ လွတ်လပ်စွာ ပြောဆိုရေးသားဝေဖန်ခွင့်များအတွက် မည်သူ့ကိုမှ ကြောက်စရာမလိုသည့်အနေအထားတစ်ခုလည်း ဖြစ် နေရန်လိုသည်။ တက္ကသိုလ်ဆိုသည်မှာ နည်းပညာကို လွတ်လပ်စွာ ရယူသုံးစွဲခွင့်ရှိပြီး မိမိတို့ရပိုင်ခွင့်တစ်ခုအနေနှင့် လွတ်လပ်စွာဖော်ထုတ် သုတေသနပြုနိုင်ရန်လည်း အရေးကြီးသည်။ 

ပညာရေးလွတ်လပ်ခွင့်တွင် သုတေသနလုပ်ငန်းများကို လုပ်ဆောင်ရာ၌ ဆရာရော၊ ကျောင်းသားပါ မိမိကြိုက်သည့် ခေါင်းစဉ်ကို ရွေးချယ်ပိုင်ခွင့်ရှိရမည်။ ဆရာတွေကလည်း လွတ်လပ်စွာ အကဲဖြတ်ပိုင်ခွင့်ရှိရန် လိုသကဲ့သို့ ကျောင်းသားတွေကလည်း မိမိတို့ သုတေသနလုပ်ငန်းများအပေါ်တွင် စိတ်ကြိုက် နိဂုံးဆွဲနိုင်ရန် အခွင့်အရေးများပေးရမည်။ သုတေသနကောင်းများပေါ်တွင်ရန် အထောက်အပံ့များကိုလည်း တက္ကသိုလ်အနေနှင့် အဖွဲ့အစည်းများထံက ထောက်ပံ့မှုများကို ယူဆောင်ခွင့်ရှိသကဲ့သို့ အစိုးရအနေနှင့်လည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ကောင်းများကို တက္ကသိုလ်များအားပေးရန် လိုအပ်သည်။ 

တက္ကသိုလ်များတွင် Academic Freedom သဘောသည် နိုင်ငံရေး လွတ်လပ်စွာ ယုံကြည်ခွင့်၊ ဘာသာရေးလွတ်လပ်စွာ ကိုးကွယ်ခွင့်၊ မကိုးကွယ်ခွင့်များနှင့်လည်း ပတ်သက်နေသည်။ နိုင်ငံရေး၊ ဘာသာရေးတို့နှင့် ပတ်သက်ပြီး အစိုးရသည် မည်သူ့ကို ယုံကြည်ရမည်၊ ဘာကိုကိုးကွယ်ရမည် စသည်ဖြင့် ကန့်သတ်တားဆီး ပိတ်ပင်ပိုင်ခွင့်မရှိပေ။

ပညာရေးလွတ်လပ်ခွင့်တွင် မတရားသည်ကို မတရားမှန်းသိပြီး တရားသဖြင့် ဖြစ်ပိုင်ခွင့်ကို တောင်းဆိုပိုင်ခွင့်များလည်းပါသည်။ မိမိတို့ ပြောဆို ဆွေးနွေးလိုသည့် အကြောင်းအရာများကို လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်၊ နားထောင်ပိုင်ခွင့်များကို ငြိမ်းချမ်းစွာ ပြုလုပ်နေပါက ခွင့်ပြုရမည်သာဖြစ်သည်။ ကျောင်းသူ ကျောင်းသားများ၊ ဆရာများအနေနှင့် သက်ဆိုင်ရာ ကျောင်းအာဏာပိုင်များ၏ မူဝါဒများ သို့မဟုတ် စီမံချက်များအပေါ် တရားမျှတမှုမရှိခြင်း၊ ဖိနှိပ်သည်ဟု ထင်ခြင်းများရှိလျှင် ကန့်ကွက်ဝေဖန်ပိုင်ခွင့်များရှိရမည်။

ပညာရေးလွတ်လပ်ခွင့်ဆိုသည်မှာ အတွေးအခေါ် အယူအဆမှန်သမျှကို ပြောတိုင်း ယုံကြည်ခွင့်မဟုတ်ပေ။ တစ်ဦးအမြင်ကို လက်ခံနိုင်စွမ်းမရှိလျှင် ကန့်ကွက်ခြင်း ငြင်းခုံခြင်းများကို ခွင့်ပြုရမည်သာ ဖြစ်သည်။ ဆရာကလည်း ကျောင်းသားကို ပြောသည်ကို နားထောင်၊ ခိုင်းသည်ကိုလုပ်ဟု အမိန့်ပေးပိုင်ခွင့်မရှိ။ အတွေးအမြင် အယူအဆ အားလုံးသည် အချိန်မရွေး စိန်ခေါ်ဆွေးနွေးခြင်းခံရနိုင်ကြောင်း သဘောပေါက်ထားရန်လိုသည်။

ပညာရေးလွတ်လပ်ခွင့်ဆိုသည်မှာ ကျက်ထားသည့်အတိုင်းရေး အမှတ်ပေးမဟုတ်ပေ။ ခိုးချသည့် အတိုင်း အမှတ်ပေးစနစ်လည်း မဟုတ်ပေ။ ကျောင်းသား တစ်ယောက်၏ အရည်အချင်းကို စာမေးပွဲနှင့် မသတ်မှတ်။ သူမည်မျှ သုတေသနလုပ်ဆောင်ထားသည်၊ ကြိုးပမ်းဆောင်ရွက်ထားသည်ဆိုခြင်းကို သမာသမတ်ကျကျ ဆုံးဖြတ်အကဲဖြတ်ခြင်းများနှင့်လည်း သက်ဆိုင်သည်။ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နှင့် လွတ်လပ်စွာ သတ်မှတ်ခွင့်များကို အလေးထားမှသာ လွတ်လပ်သောပညာရေးဟုဆိုနိုင်ပါသည်။

ပညာရေးလွတ်လပ်ခွင့်တွင် ဆရာများက ကျောင်းသားများအပေါ် ခြိမ်းခြောက်ခြင်း၊ အကျပ်ကိုင်ခြင်း၊ အနှောင့်အယှက်ပေးခြင်းတို့ မပြုခြင်းများနှင့်လည်း သက်ဆိုင်သည်။ အလားတူ ကျောင်းသားများဘက်ကလည်း အပြန်အလှန်သဘောဖြင့် ဆရာများအပေါ် ခြိမ်းခြောက်ခြင်း၊ အကျပ်ကိုင်ခြင်းနှင့် အနှောင့် အယှက်မပေးရန်လိုသည်။ တက္ကသိုလ်ဆိုသည်မှာ ပူးပေါင်းကာ ပညာကို ရယူရန်သာဖြစ်သည်။ တက္ကသိုလ်ဆိုသည်မှာ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလ ငါးတန်ပြည့်ဝရန်နှင့် လူ့ဘောင်ကောင်းကျိုးအတွက် လာရောက်ပူးပေါင်း လုပ်ဆောင်နေကြသော နေရာတစ်နေရာသာဖြစ်သင့်သည်။ 

Academic Freedom က သူ့နေရာ၊ သူ့စည်းကမ်း၊ သူ့လုပ်ပိုင်ခွင့်များကို ချိုးဖောက်ရန် မဟုတ်ပါ။ စော်ကားရန်လည်း မဟုတ်ပါ။ စည်းကမ်းမလိုက်နာသူများကို Academic Freedom ဖြင့် အကာအကွယ်မပေးနိုင်ပါ။ စည်းကမ်းဖောက်ဖျက်သဖြင့် ဆရာကို ဖြစ်စေ၊ ကျောင်းသားကိုဖြစ်စေ အရေးယူရာတွင် Academic Freedom က အကာအကွယ် မဖြစ်သင့်ပါ။

အရည်အချင်းရှိသူကို အရည်အချင်းရှိသလို လုပ်ပိုင်ခွင့်များ အပြည့်အဝပေးရေးနှင့် အရည်အချင်းမရှိသူကို အခွင့်အရေးမပေးရန်မှာ စည်းကမ်းနှင့် သတ်မှတ်ချက်အတိုင်းသာဖြစ်ပါသည်။ ဤကိစ္စများသည် Academic Freedom နှင့် မပတ်သက်ပါ။ Academic Freedom ဆိုသည်မှာ ကောင်းရာ မှန်ရာကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်ဖြစ်ပြီး ပျက်စီးရာပျက်စီးကြောင်း၊ တက္ကသိုလ်၏ ဂုဏ်သိက္ခာ၊ ကျောင်း၊ ဆရာ၊ ကျောင်းသား ဂုဏ်သိက္ခာများကို သေးသိမ်မှေးမှိန်သွားရန် လုပ်ဆောင်ရန်လည်း မဟုတ်ပါ။

Academic Freedom သည် ဥပဒေချိုးဖောက်မှုတိုင်းကို အကာအကွယ်ပေးခွင့်မဟုတ်။ မိမိတို့ ပညာရပ်ဆိုင်ရာတိုးတက်ရာ တိုးတက်ကြောင်း သုတေသနပြုခွင့်နှင့် လေ့လာမှု၊ သင်ယူမှု၊ သင်ကြားမှုများအပေါ် ဖိနှိပ်မှု မှန်သမျှကို တောင်းဆိုခွင့်တစ်ခုဖြစ်ကြောင်း သိထားသင့်ပါသည်။ 

(မှတ်ချက်- အထက်ပါအချက်အလက်များသည် အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ် ပါမောက္ခများကိုယ်တိုင် လိုက်နာကျင့်သုံးခဲ့ကြသော လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ ခန့်ကတည်းက Academic Freedom ဆိုင်ရာ သဘောတရားများဖြစ်ပါသည်။)

E-01
(Ref : The Conversation)