News

POST TYPE

EDUCATION

စာရွက်များပေါ်က မြန်မာ့ပညာရေးအပြောင်းအလဲ
14-Jun-2018 tagged as ပညာရေး



မြန်မာ့ပညာရေးစနစ်တွင် နှစ်ပေါင်း ၅၀ ကျော်အတွင်း ထူးခြားသောအပြောင်းအလဲတစ်ခုကို အစိုးရက ယခုနှစ်တွင် စတင်လိုက်သည်။ သို့သော် ထိုပြောင်းလဲမှုသည် မြန်မာနိုင်ငံပညာရေးစနစ်တွင် ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့သည့် စမ်းသပ်ပြောင်းလဲမှုများထဲမှ တစ်ခုသာဖြစ်သည်ဟု အကဲခတ်များက ဝေဖန်ကြသည်။ လူသိများထင်ရှားသည့်တက္ကသိုလ်များကို တိုက်ရိုက်လျှောက်ထားနိုင်ပြီဖြစ်သော်လည်း အခြေခံပညာအထက်တန်း တက္ကသိုလ်ဝင်စာမေးပွဲတွင်ရရှိခဲ့သောရမှတ်က လိုအပ်နေဆဲဖြစ်သည်။ ဆိုလိုသည်မှာ ဆယ်တန်းရမှတ် မကောင်းသူသည် အင်ဂျင်နီယာ၊ ဆရာဝန်ကဲ့သို့ ဝါသနာပါသော်လည်း ထိုအခွင့်အရေးကို ယခင်စနစ်ကဲ့သို့ ကန့်သတ်ခံထားရဆဲဖြစ်သည်။
အယ်ဒီတာ

မမေဖူးဖူးဝင်းသည် နဝမတန်းကျောင်းတက်စဉ်ကတည်းက ဆယ်တန်းစာများကို ကျွမ်းကျင်ဆရာများနှင့်ငှား၍ သင်ခဲ့သည်။ ဆယ်တန်းမဖြေမီ ၂ နှစ် အလိုကတည်းကပင် စာမေးပွဲတွင် အမှတ်ကောင်းရရန် လိုအပ်သည်များ ပြင်ဆင်ခဲ့သည်။ 

“ကိုးတန်းကျောင်းတက်ရင်း ကိုးတန်းစာပြတ်တာနဲ့ ဆယ်တန်းစာကို တစ်ဆက်တည်း ဘာသာရပ်ကျွမ်းကျင်ဆရာတွေနဲ့ သင်ပေးခဲ့ရတယ်” ဟု မမေဖူးဖူးဝင်း အစ်မဖြစ်သူ မဝင်းရွှေရည်ဦးကပြောသည်။

မန္တလေးတွင်နာမည်ကျော်ဖြစ်သည့် VEC ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျောင်းတက်ပြီး ကွန်ပျူတာပရိုဂရမ် အင်ဂျင်နီယာပညာသင်ယူနိုင်ရန် အမှတ်ကောင်းကောင်းရဖို့ တစိုက်မတ်မတ် သူကြိုးစားခဲ့သည်။

ကုန်ကျမှုနှင့်ပင်ပန်းမှုအတွက် ထိုက်တန်ပါသည်။

တက္ကသိုလ်ဝင်တန်း တစ်နှစ်စာအတွက် သိန်း ၆၀ ကျော် မိဘများကကုန်ကျခဲ့ရပြီး စာမေးပွဲကို ဂုဏ်ထူးငါးဘာသာ၊ ရမှတ် ၅၀၀ ကျော်ဖြင့် မမေဖူးဖူးဝင်း အောင်မြင်ခဲ့ပြီဖြစ်သည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် မန္တလေးမြို့မှ မမေဖူးဖူးဝင်းက “တိုက်ရိုက်လျှောက်ခွင့်ရတယ်ဆိုတော့ အမှတ်နည်းနည်းလိုတာနဲ့ တက်ခွင့်မရသူတွေအတွက် ပိုပြီးအခွင့်အရေးရှိတယ်လို့မြင်ပါတယ်” ဟု မှတ်ချက်ပေးသည်။

ယခုနှစ်မှစ၍ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တို့ကို တိုက်ရိုက်လျှောက်နိုင်ပြီဖြစ်သည်။ 

ထို့ပြင် မန္တလေးတက္ကသိုလ်၊ မန္တလေးကွန်ပျူတာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (မန္တလေး)၊ နိုင်ငံခြားဘာသာတက္ကသိုလ် (မန္တလေး) တို့ကို တိုက်ရိုက်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ပညာရေးဌာနက ထုတ်ပြန်ပြီးဖြစ်သည်။

ပညာရေးဝန်ထမ်းဟောင်းတစ်ဦးကမူ “ဒီဟာ (တိုက်ရိုက်လျှောက်ခွင့်) က အနှစ်သာရပြောရင် အများကြီးမပြောင်းဘူး” ဟု မှတ်ချက်ပေးသည်။

တစ်ဆက်တည်းပင် “မြန်မာနိုင်ငံက နယ်ပယ်အသီးသီးမှာ အကျင့်ပျက်ခြစားမှုတွေရှိနေတော့ ဝင်ခွင့်လက်ခံမှုတွေမှာ လာဘ်ပေးတာတွေ ဖြစ်လာနိုင်တယ်” ဟု သူက သုံးသပ်သည်။

တိုက်ရိုက်လျှောက်ခွင့်ပြုသည့် တက္ကသိုလ် ၁၁ ခု အနက် နိုင်ငံခြားဘာသာတက္ကသိုလ် ရန်ကုန်နှင့် မန္တလေးက တက္ကသိုလ်ဝင်တန်းရမှတ် အနိမ့်ဆုံး ၄၀၀ နှင့်အထက်ရရန် သတ်မှတ်ထားသည်။

သတင်းအချက်အလက်နည်းပညာတက္ကသိုလ်နှင့် မန္တလေးကွန်ပျူတာတက္ကသိုလ်ကမူ အနိမ့်ဆုံးရမှတ် ၄၅၀ နှင့်အထက်ရရန် သတ်မှတ်ထားသည်။ 

ရန်ကုန်စီးပွားရေးတက္ကသိုလ်ကမူ ရွာသာကြီးနယ်မြေအတွက် ရမှတ် ၄၀၀ နှင့်အထက်၊ လှိုင်နယ်မြေအတွက် ရမှတ် ၄၅၀ နှင့်အထက်ရရှိရန် သတ်မှတ်ထားသည်။ မန္တလေးတက္ကသိုလ်က စုစုပေါင်းရမှတ် ၃၅၀ အထက်နှင့်သတ်မှတ်ထားသည်။ 

ရန်ကုန်ပညာရေးတက္ကသိုလ်က သိပ္ပံဘာသာတွဲအတွက် အနိမ့်ဆုံးရမှတ် ၄၅၅ မှတ်၊ ဝိဇ္ဇာ+သိပ္ပံ ဘာသာတွဲအတွက် အနိမ့်ဆုံးရမှတ် ၄၂၀ နှင့် ဝိဇ္ဇာဘာသာတွဲအတွက် အနိမ့်ဆုံးရမှတ် ၄၀၀ သတ်မှတ်ထားသည်။ 

မမေဖူးဖူးဝင်း၏ အစ်မ မဝင်းရွှေရည်ဦးက တက္ကသိုလ်ဝင်တန်းကို ၄၅၀ ဖြင့်အောင်မြင်ခဲ့သောကြောင့် နည်းပညာတက္ကသိုလ် (မန္တလေး) ကိုသာ တက်ခဲ့ရကြောင်း ပြောပြသည်။

“မေဂျာရွေးတဲ့အခါလည်း ဝါသနာအရတော့ မဟုတ်ခဲ့ဘူး။ ဝါသနာ၊ ရည်ရွယ်ချက်ဆိုတာ အဲဒီအချိန်တုန်းက သေသေချာချာသိဖို့လည်း ခက်မယ်။ တချို့ စောစောသိရင်လည်း သိကြပါတယ်။ ကျွန်မတော့ မသိခဲ့ဘူး” ဟု သူက ဆိုသည်။ 

သူ၏ညီမ မမေဖူးဖူးဝင်းကမူ ရမှတ် ၅၀၀ ကျော် ဖြင့်အောင်မြင်ထားပြီး ကွန်ပျူတာပရိုဂရမ်အင်ဂျင်နီယာကို သင်ယူလိုသောကြောင့် ပထမဦးစားပေးအနေနှင့် မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်ကို လျှောက်ထားမည်ဖြစ်ကြောင်း ပြောသည်။

ဒုတိယဦးစားပေးအနေနှင့် တိုက်ရိုက်လျှောက်ခွင့်ပြုလိုက်သည့် တက္ကသိုလ် ၁၁ ခုအနက် တစ်ခုအပါအဝင်ဖြစ်သည့် မန္တလေးနည်းပညာတက္ကသိုလ်လျှောက်ထားရန် သူက ဆန္ဒရှိနေသည်။

တက္ကသိုလ်ဝင်တန်းရမှတ်ကို အခြေခံဦးမည်ဖြစ်၍ စာမေးပွဲစနစ်လောင်းရိပ်မှ လုံးဝလွတ်လပ်သည်ဟု မဆိုနိုင်သေးပေ။

သို့သော် ထိုတက္ကသိုလ်များလျှောက်ထားလိုသည့်ကျောင်းသားများအတွက် အဆင့်မြင့်ပညာဦးစီးဌာန၏ တက္ကသိုလ်ဝင်ခွင့်ချုပ်ကိုင်မှု လောင်းရိပ်အောက်မှ ပထမအဆင့်လွတ်မြောက်လာပြီဖြစ်သည်။ 

ထိုသို့ လွတ်မြောက်လာသောကြောင့် အမှတ်ဖြင့် ဆုံးဖြတ်မှုအင်အားပျော့လာမည်ဖြစ်ပြီး ကျောင်းသားများအနေနှင့် ဝါသနာပါသည့်ကျောင်းနှင့် ဘာသာရပ်ကို ပိုရွေးချယ်နိုင်မည်ဖြစ်သည်။

ထို့ပြင် တက္ကသိုလ်များအနေနှင့် ကိုယ်ပိုင်အုပ် ချုပ်ခွင့်သို့ကူးပြောင်းရာတွင် ကျောင်းသားလက်ခံမှု၊ ဝင်ခွင့်စစ်ဆေးမှုအတွက် အတွေ့အကြုံများရစေနိုင်မည်ဖြစ်သကဲ့သို့ ဆက်လက်ပြောင်းလဲမည့် တက္ကသိုလ်များအတွက် မျှဝေပေးနိုင်မည်ဖြစ်သည်။

သို့သော် ယခုအခြေအနေအရ ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်၊ ကောလိပ်အားလုံးကိုတော့ တိုက်ရိုက်လျှောက်ထားနိုင်ဦးမည်မဟုတ်ပေ။ 

ကျန်တက္ကသိုလ်များ၏ ဝင်ခွင့်ကိုမူ အဆင့်မြင့်ပညာဦးစီးဌာန၊ တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့က ဆက်လက်ချုပ်ကိုင်ထားဦးမည်ဖြစ်သည်။

ယခင်ကတည်းက ထိုသို့ချုပ်ကိုင်မှုကြောင့် တက္ကသိုလ်အလိုက် ဝင်ခွင့်ရမှတ် သတ်မှတ်ခြင်းမရှိသော်လည်း ကျောင်းသားများ၏ လျှောက်ထားမှုပေါ်မူတည်ပြီး အမှတ်ဖြင့် ဆုံးဖြတ်လိုက်သလိုဖြစ်နေသည်။ 

ထို့ကြောင့် ရမှတ် ၁ မှတ်၊ ၂မှတ်ကွာခြားသဖြင့် ဝါသနာပါသည့်ဘာသာရပ်နှင့် တက္ကသိုလ်တက်ရောက်ခွင့်မရဘဲ ပယ်ချခံရသည်များကြုံရသည်။

စာမေးပွဲရမှတ်ကို အဓိကမထားဘဲ တက္ကသိုလ်အလိုက် ဝင်ခွင့်စစ်ဆေးပြီး တက်ရောက်ခွင့်ပြုရန် ပြည်တွင်း၊ ပြည်ပပညာရေးလေ့လာနေသူများက အကြိမ်ကြိမ်လည်း ထောက်ပြနေကြဆဲဖြစ်သည်။

ဆယ်တန်းရမှတ် အဓိကအရေးပါနေဆဲဖြစ်၍ ကျောင်းသားများအနေနှင့်လည်း ပြဿနာတစ်ခု၊ ဖြစ်စဉ်တစ်ခုကို ဝေဖန်ပိုင်းခြားစဉ်းစားမှုထက် ရမှတ်ကောင်းရန် ဖြတ်လမ်းအနေနှင့် ကျက်ကြ၊ မှတ်ကြရသည်။ 

ထိုအတွက် ကျောင်းသားများတင်မဟုတ်ပါ။ မိဘများအနေနှင့်လည်း မြေပေါင်၊ နွားရောင်းကာ နာမည်ကြီး၊ ဈေးကောင်းသည့် ဘော်ဒါအမျိုးမျိုးကို အားကိုးတကြီးသွားကြရပြန်သည်။ 

ထိုအတွက် ကျောင်းသားများအနေနှင့် ကျောင်း၊ ဘော်ဒါ၊ ကျူရှင် လုံးချာလည်အချိန်ကုန်ကာ ပြဿနာတစ်ခုအပေါ် မူလအကြောင်းအရင်းကို ပိုင်းခြားစဉ်းစားခြင်းထက် ကျက်၊ မှတ်ရသည့်ဘက်ကို ပြန်ရောက်သွားပြန်သည်။

ထို့ပြင် အစိုးရကျောင်းမှ ဆရာများအနေနှင့်လည်း သင်ခန်းစာကများ၊ သင်ချိန်ကနည်း အခက်အခဲများကြောင့် ပြဿနာတစ်ခုအပေါ် လုံးစေ့ပတ်စေ့၊ ရေရေလည်လည်မရှင်းလင်းနိုင်တော့ဘဲ တက်သုတ်ရိုက်သင်ကြရသည်။ 

ကျောင်းသားများကလည်း တက်သုတ်ရိုက်ကာ မီအောင်လိုက်ကူးကြရသည်။ ၄၅ မိနစ်၊ ၁ နာရီခန့် စာသင်ချိန်တိုအတွင်း စိတ်ရှည်ရှည်ဖြင့် ရေလည်အောင်ရှင်းပြမည့် ဆရာဦးရေက အထက်တန်းဆင့်တွင် ထက်ဝက်ပင်ရှိနိုင်ပါမည်လား။ 

မြန်မာ့ပညာရေးစနစ်အလွဲကြောင့် ကျောင်းသားများကလည်း မေးခွန်းထုတ်ရမည်ကို လန့်ကြသည်။ ဆရာအချို့ကလည်း မိမိတို့အပေါ် ကျောင်းသားအထွန့်တက်သည်ကို သိပ်မကြိုက်လှ။ ကျောင်းသား ဗဟိုပြုသင်ကြားရေးမှာ လေလုံးအဖြစ်သာ။

ကျောင်းသားနှင့် မိဘအများစု ရေလိုက်လွဲကြသည်မှာ ရမှတ်ကောင်း၍ ဆေးတက္ကသိုလ်တက်ခွင့်ရသည်၊ မရသည်က နောက်ထား။ ဇီဝဗေဒဘာသာရပ်ပါသည့် သိပ္ပံတွဲယူလျှင် “ဆရာဝန်လိုင်း” ဟု ရပ်ထဲ၊ ရွာထဲ ဂုဏ်တက်ကြသည်။

မဝင်းရွှေရည်ဦးက “ကျွန်မတုန်းကလည်း သိပ္ပံဘာသာတွဲယူခဲ့တယ်။ မိဘ၊ ဆရာနဲ့ အသိုင်းအဝိုင်းရဲ့ စကားနဲ့ ပုံသွင်းမှုရှိခဲ့တယ်။ ဒါကြောင့် တခြားကျောင်းသားတွေလိုပဲ ဆရာဝန်ဆိုတဲ့ အိပ်မက်ရှိခဲ့တယ်”ဟု ပြောသည်။

ဘာသာတွဲခွဲသည့်စနစ်ကလည်း အထက်တန်းဆင့်ရောက်မှ သတ်မှတ်သောကြောင့် ဘာသာရပ်များအကြောင်း ကျောင်းသား၊ မိဘကိုယ်တိုင် သေသေချာချာမလေ့လာရသေးဘဲ သိပ္ပံတွဲကိုသာ အများစုက ယူလိုက်ကြသည်။

ဝိဇ္ဇာဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲယူသည့် ကျောင်းသားဆိုလျှင် အထင်မကြီး။ ညံ့သောကြောင့် ယူကြသည်ဟုအမြင်က လက်ခံနေကြဆဲဖြစ်သည်။ ပြဿနာကျောင်းသားဆိုလျှင်လည်း ဝိဇ္ဇာတွဲ၏ နောက်ဆုံးခန်းကို ပို့ပစ်တတ်ကြသည်။ 

ဝါသနာနှင့် ပညာရပ်အပေါ် မြတ်နိုးမှုကို အခြေခံလျှင် မည်သည့်ဘာသာတွဲယူသည်ဖြစ်စေ၊ သူ့တန်ဖိုးနှင့်သူ၊ သူ့အရေးပါမှုနှင့်သူ ရှိပြီးသားဖြစ်သည်ဟူသော အယူအဆက လူထုကြားတွင် မဖွံ့ဖြိုးသေး၊ အားမကောင်းသေး။ 

သိပ္ပံတွဲနောက် စိုက်လိုက်မတ်တတ်လိုက်နေသော မိဘ၊ ကျောင်းသားများကြောင့် အထက်တန်း ကျောင်းအများစုမှာလည်း အချို့သောဘာသာတွဲ၏ ဘာသာရပ်များသင်ကြားမှုပင်မရှိတော့သလို သင်မည့်ဆရာလည်း ရှားလာသည်။

ဆရာများကြားတွင်လည်း ရူပဗေဒ၊ ဇီဝဗေဒ၊ ဓာတုဗေဒ၊ သင်္ချာ၊ အင်္ဂလိပ်စာဆရာများက ပိုမျက်နှာပန်းလှသည်။ ကျူရှင်သင်ကြရသည်။ မြန်မာစာဆိုလျှင် မျက်နှာငယ်ရသည်။ သင်လည်းမသင်ချင်ကြ။ 

အစိုးရကျောင်း ဆရာ၊ ဆရာမများ ကျူရှင်မသင်ရဟု ပညာရေးဝန်ကြီးဌာနက အမိန့်များထုတ်ပြန်သလို ဝန်ကြီးကိုယ်တိုင်ပြောကြားသော်လည်း အောက်ခြေတွင် ကျူရှင်သင်နေကြသည်မှာ ဒုနဲ့ဒေး ဖြစ်သည်။

ထို့ပြင် အောင်ချက်ကောင်းသည့် မြို့ပေါ်ကျောင်းဆိုလျှင် အထက်တန်းတက်ခွင့်ရရေးက လမ်းကြောင်းလိုက်တတ်ဖို့ လိုသေးသည်။ အကပ်ရှိရသည်။ ကျောင်းမဖွင့်မီကတည်းက မိဘကိုယ်တိုင် ကျောင်းအုပ်ထံသွားပြီး လမ်းကြောင်းရသည်။

ရေစကြိုမြို့နယ်အတွင်းမှ တက္ကသိုလ်ကျောင်းသားတစ်ဦးက “ကျွန်တော့်တုန်းက သုံး၊ လေးသောင်းလောက် ကန်တော့ရတယ်။ ဘာသာတွဲခွဲတော့ ၈ တန်း အမှတ်ကောင်းတယ်ဆိုပြီး သိပ္ပံတွဲယူခိုင်းလိုက်တာနဲ့ ယူခဲ့တာပဲ” ဟု သူ့အတွေ့အကြုံကို ပြောပြသည်။

ထိုအခြေအနေများမှာ မြန်မာ့ပညာရေးထောက်တိုင်အောက်ခြေအဆင့်တွင် အမှန်တကယ်ရှိနေဆဲ ဖြစ်ပါသည်။ အထက်တန်းဆင့် ဘာသာတွဲခွဲရာတွင်ပါ အမှတ်အပေါ် ဦးစားပေးလွန်းခဲ့သလို တက္ကသိုလ်အဆင့်တွင်လည်း ဆက်ပြီးအရေးပါနေပြန်သည်။

စိုက်ပျိုးရေးဌာနအရာရှိတစ်ဦးက “ကျွန်တော် ဆယ်တန်းအောင်တော့ အင်ဂျင်နီယာဖြစ်ချင်တာ” ဟု ပြောသည်။ ခေတ်က ၁၉၈၈ ဝန်းကျင်။ ရခဲ့သည်က ၄၀၂ မှတ်။ အာအိုင်တီက ၄၀၄ မှတ်ဖြင့်ခေါ်သည်။ စိုက်ပျိုးရေးအရာရှိ အင်ဂျင်နီယာမဖြစ်ခဲ့ရ။

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က “ဝါသနာကို အဓိကထားရမယ်လို့ ပိုပြီးပြောလာကြတဲ့ ခုခေတ်ပညာရေးမှာ အဲဒါက ဆန့်ကျင်ဘက်ကြီးဖြစ်နေတယ်။ ဝင်ခွင့်စနစ်ရဲ့ အားနည်းချက်ပေါ့” ဟု မှတ်ချက်ပေးသည်။

ထိုအချက်သည် ဝါသနာနှင့် ပညာရပ်အပေါ် မြတ်နိုးမှုကိုအခြေခံသည့် ကျောင်းသားများ၏ ရွေးချယ်ခွင့်အတွက် ကြီးကြီးမားမား ထိုးနှက်ချက်ဖြစ်သည်။ 

ပြည်သူ၊ ကျောင်းသားနှင့် ဆရာအဖွဲ့အစည်းများကလည်း ထိုအချက်ကိုထောက်ပြသကဲ့သို့ အပြောင်းအလဲလိုလားသည့် တက္ကသိုလ်များနှင့် ပါမောက္ခချုပ်များကြောင့် ယခုနှစ်တွင် တက္ကသိုလ် ၁၁ ခုကို တိုက်ရိုက်လျှောက်ခွင့် ပြောင်းလဲခြင်းဖြစ်သည်။

သို့သော် မူလက တက္ကသိုလ်အလိုက် ရေးဖြေ၊ လူတွေ့စစ်ဆေးမှုများပြုလုပ်နိုင်ရန် ရည်ရွယ်ထားသော်လည်း တက္ကသိုလ်အနည်းစုသာ လူတွေ့စစ်မည်ဖြစ်သည်။ 

ရေးဖြေစစ်ဆေးလျှင် ဝင်ခွင့်အတွက် ပြင်ပမှ သင်တန်းများပေါ်ပေါက်လာပြီး ကျောင်းသားများ တစ်ကျော့ပြန်တက်ကြရမည်ဖြစ်၍ တက္ကသိုလ် ၁၁ ခု လုံးက ရေးဖြေစစ်ဆေးမှုမလုပ်ကြရန် ဆုံးဖြတ်ခဲ့ကြသည်။

လူတွေ့စစ်ဆေးမှုရှိမည်လားဆိုပြန်တော့ အားလုံးမဟုတ်။ လူတွေ့စစ်လျှင် လာဘ်ပေးသည်များရှိနိုင်သည်ဟု ဝေဖန်မှုများကြောင့် အချို့တက္ကသိုလ်က လူတွေ့ပင်မစစ်တော့ဘဲ ဆယ်တန်းရမှတ်ဆီကို ဦးပြန်လည်သွားသည်။

ဦးစီးဌာနအနေနှင့် တက္ကသိုလ်ဝင်ခွင့်ကို တာဝန်ခံလုပ်ဆောင်သော်လည်း သူ့အနေနှင့် တစ်ဖက်တွင် လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲများ၊ ကြန့်ကြာမှုများလည်း ရင်ဆိုင်ရသည်။ ဝင်ခွင့်လျှောက်လွှာများ နောက်ကျမှရောက်ခြင်းဖြစ်သည်။

တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများ လက်ခံခြင်းအပေါ် ကြုံရသည့်အခက်အခဲများအကြောင်း ပြီးခဲ့သည့်နှစ် ဇွန်လကုန်ပိုင်းက အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဝင်း ပြုစုသည့် ထိုစာတမ်းတွင် ယခုကဲ့သို့ဖော်ပြထားခြင်းဖြစ်သည်။

ထိုစာတမ်းအရ လျှောက်လွှာနောက်ဆုံးတင်ရမည့် သတ်မှတ်ရက်အတွင်းရောက်ရှိသည့် လျှောက်ထားမှုက ကျောင်းသားစုစုပေါင်း၏ လေးပုံတစ်ပုံကျော်သာရှိသည်။

ကျန်ရှိသည့် လေးပုံသုံးပုံခန့်မှာ သတ်မှတ်ရက်နောက်ပိုင်းမှ စာတိုက်များမှတစ်ဆင့် စုပြုံရောက်ရှိလာခြင်းဖြစ်သည်။ ၁၀ ရက်ခန့်ကြာမှ ၉၀ ရာခိုင်နှုန်းကို လက်ခံရရှိခြင်းဖြစ်သည်။ ထိုအချက်သည် ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စစ်တမ်းဖြစ်သည်။

သို့သော် ယခုနှစ်တွင်တော့ တက္ကသိုလ် ၁၁ ခု က တိုက်ရိုက်လျှောက်ခွင့်ပြုလိုက်သဖြင့် အဆင့်မြင့်ပညာဦးစီးဌာနအနေနှင့် တက္ကသိုလ် ၁၁ ခုစာ တာဝန်ခံရမှု လျော့နည်းသွားမည်ဖြစ်ကြောင်း ကနဦးယူဆနိုင်မည်ဖြစ်သည်။

ထို့ပြင် တက္ကသိုလ် ၂၃ ခုမှတစ်ဆင့် လျှောက်လွှာအိတ်များ လက်ခံမည်ဖြစ်၍ လုပ်ငန်းပိုချောမွေ့လာနိုင်မည်ဟု ကနဦးယူဆနိုင်မည်။

ယခုအခါ တက္ကသိုလ် ၁၁ ခုကို တိုက်ရိုက်လျှောက်ခွင့်ရပြီဖြစ်၍ ကျောင်းသားကိုယ်တိုင် မိမိစိတ်ကြိုက် တက္ကသိုလ်ကို ရွေးနိုင်မည်ဖြစ်သလို တက္ကသိုလ်ကလည်း ကိုယ့်အစီအစဉ်ဖြင့် ဝင်ခွင့်သီးခြားခေါ်ပြီး ကျောင်းသားကို စိတ်ကြိုက်ရွေးနိုင်မည်။

ဝင်ခွင့်အတွက် တက္ကသိုလ် ၇ ကျောင်းက ရေးဖြေစစ်ဆေးမှုအပြင် လူတွေ့ပါ စစ်ဆေးမည်မဟုတ်ဘဲ တက္ကသိုလ်ဝင်တန်းရမှတ်ဖြင့်သာ ရွေးချယ်ကြမည်ဖြစ်သည်။

တက္ကသိုလ်များအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရန် ကနဦးခြေလှမ်းဖြစ်သောကြောင့် အထူးသဖြင့် လူတွေ့စစ်မည့်တက္ကသိုလ်များအတွက် စိန်ခေါ်မှုများ၊ အတွေ့အကြုံသစ်များကို ရရှိစေမည်ဖြစ်သည်။ 

သက်တမ်းအရင့်ဆုံး ရန်ကုန်တက္ကသိုလ်နှင့် နိုင်ငံခြားဘာသာတက္ကသိုလ် ရန်ကုန်၊ မန္တလေး၊ ရန်ကုန်ပညာရေးတက္ကသိုလ်ကသာ တက္ကသိုလ်ဝင်တန်းရမှတ်ကို အခြေခံပြီး လျှောက်လွှာခေါ်မည့်အပြင် လူတွေ့စစ်မည်ဖြစ်သည်။ 

ထိုတက္ကသိုလ် ၄ ခုကို ရွေးချယ်လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာပင်ဖြစ်သည်။

ထိုတက္ကသိုလ် ၁၁ ခုအနက် ဇွန်လ ၁၁ ရက်အထိ စာရင်းအရ တက္ကသိုလ် ၃၊ ၄ကျောင်းက ဝင်ခွင့်ခေါ်နေပြီဖြစ်သည်။ ဝင်ခွင့်သတ်မှတ်ချက်နှင့်ကိုက်ညီလျှင် ကျောင်းသားများအနေနှင့် တက္ကသိုလ်တစ်ခုထက် ပို၍ လျှောက်နိုင်မည်ဖြစ်သည်။

တိုက်ရိုက်လျှောက်ခွင့်ပြုသည့်တက္ကသိုလ် ၁၁ ခုအနက် မန္တလေးကွန်ပျူတာတက္ကသိုလ်ကမူ ဇွန်လ ၉ ရက်ကတည်းက ကြေးမုံသတင်းစာမှတစ်ဆင့် အခြားတက္ကသိုလ်များထက် စောစောစီးစီးဝင်ခွင့်ခေါ် နေပြီဖြစ်သည်။

ထိုအခြေအနေတွင် အခက်အခဲဖြစ်စေနိုင်မည့် အချက်တစ်ချက်ကို လျှောက်ထားလိုသည့်ကျောင်းသားများ တွေ့ရှိခဲ့ကြသည်။ ထိုအချက်မှာ တက္ကသိုလ်ဝင်တန်းရမှတ်စာရင်းမူရင်းကို တောင်းယူခြင်းဖြစ်သည်။

ဂန့်ဂေါမြို့နယ်၊ ကျောမြို့အထက်တန်းကျောင်းမှ အထက်တန်းပြဆရာ ဦးသက်ဝေထူးက “ကျွန်တော်တို့မှာက အမှတ်စာရင်းကို ရန်ကုန်ကို လှမ်းတောင်းတဲ့အခါ တစ်ခါတောင်းရင် တစ်ရွက်ပဲရတယ်” ဟု ပြောသည်။

၎င်းတို့နယ်မှ ကျောင်းသားများအနေနှင့် သူနာပြု၊ သားဖွားလျှောက်ကြသလို ပညာရေးကော လိပ်ကိုလည်းလျှောက်ကြလေ့ရှိသည်။ ကျောင်းများကလည်း မူရင်းကိုသာတောင်းသဖြင့် အခက်အခဲရှိသည်ဟု သူက ဆက်ပြောသည်။ 

ဂန့်ဂေါမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူများအနေနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများ ထုတ်ယူလိုပါက ဆရာ၊ ဆရာမတစ်ဦး သို့မဟုတ် နားလည်သူတစ်ဦးဦးက ရန်ကုန်သို့သွားရောက်ထုတ်ပေးခြင်းဖြစ်သည်။

ကိုယ်စားသွားထုတ်ပေးသူ၏ လမ်းစရိတ် အထောက်အကူဖြစ်ရန်အတွက် အမှတ်စာရင်းတစ်စောင် ငွေကျပ် ၃၀၀၀ ပေးရလေ့ရှိကြောင်း ဦးသက်ဝေထူးက ပြောသည်။

ကျောင်းသားတစ်ဦးအတွက် တစ်ကြိမ်ထုတ်လျှင် အမှတ်စာရင်းတစ်စောင်သာရပြီး နောက်ထပ်အမှတ်စာရင်း တစ်စောင်ရရန် အချိန် ၂ ရက် ၃ ရက်ခန့် ကြာမြင့်လေ့ရှိကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအနေနှင့် တက္ကသိုလ်ဝင်တန်းရမှတ်စာရင်းကို တစ်စောင်သာထုတ်ပေးသည်ဟု ကျောင်းသားအများစုကလည်း ယူဆကြသည်။

ထို့ကြောင့် အမှတ် ၅၀၀ ကျော်သည့် ကျောင်းသားတချို့ပင် တက္ကသိုလ် ၂၊ ၃ ခုလျှောက်ရန် ရွေးချယ်ထားသော်လည်း အမှတ်စာရင်းမူရင်းကို တစ်စောင်တည်းသာ ထုတ်ထားလေ့ရှိကြသည်ကို တွေ့ရှိရသည်။

အကယ်၍ တက္ကသိုလ်သုံးခုကိုလျှောက်ထားလျှင် မူရင်းသုံးစောင်ရှိရမည်ဖြစ်သောကြောင့် နှစ်စောင်လိုနေခြင်းဖြစ်၍ အခက်အခဲဟု ယူဆကြခြင်းဖြစ်သည်။ သို့သော် ထိုအမှတ်စာရင်းမူရင်းတောင်းယူမှုအတွက် အဖြေကရှိနှင့်ပြီးသား ဖြစ်ပါသည်။

တက္ကသိုလ်များက အမှတ်စာရင်းမူရင်းတောင်းယူသဖြင့် ကျောင်းသားများအနေနှင့်လည်း အမှတ်စာရင်းမူရင်း အစောင်ရေကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံ လိုသလောက်ထုတ်နိုင်ခြင်းဖြစ်သည်။ 

ဆိုလိုသည်မှာ တက္ကသိုလ်သုံးခုကို လျှောက်ထားမည်ဆိုလျှင် ရမှတ်စာရင်းသုံးစောင်လိုမည်ဖြစ်၍ သုံးစောင်ထုတ်ယူနိုင်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသိန်းဇံက “ကြိုက်သလောက်ထုတ်လို့ ရပါတယ်။ လိုချင်တဲ့အစောင်အရေအတွက်အတိုင်း ဘယ်လောက်ထုတ်ထုတ်ပေါ့” ဟု ပြောကြားသည်။

ထို့ကြောင့် ကျောင်းသားများအနေနှင့် အမှတ်စာရင်းမူရင်းကို ကြိုကြိုတင်တင် အချိန်ယူတောင်းယူထားလျှင် ပြေလည်နိုင်မည့်အနေအထားရှိ၍ အမှတ်စာရင်းမူရင်းအခက်အခဲကို ကျော်လွှားနိုင်မည်ဖြစ်သည်။

ယုဇနဥယျဉ်မြို့တော်မှ ကျောင်းသားမိဘ ဦးရွှေဌေးက တိုက်ရိုက်လျှောက်ခွင့်ပြုပြီး ဝင်ခွင့်ဖြေဆိုရလျှင် ကျောင်းသား၊ ကျောင်းသူများအတွက် စိန်ခေါ်မှုပိုရှိပြီး အရည်အချင်းပိုအားကောင်းစေမည်ဖြစ်ကြောင်း မှတ်ချက်ပြုသည်။

“ကျောင်းသားတွေအနေနဲ့က ယှဉ်ပြိုင်စာမေးပွဲဖြေဆိုရမယ်ဆိုတဲ့ စိန်ခေါ်မှုတွေ၊ Unseen ဆိုတဲ့ မေးခွန်းပေါ်မှာ လေ့လာမှုတွေက သူတို့ရဲ့စိန်ခေါ်မှုတွေ ရှိမယ်။ ယှဉ်ပြိုင်စာမေးပွဲကိုဖြေဆိုအောင်မြင်လာတဲ့အခါမှ သူတို့လိုချင်တဲ့ Target ကိုရမှာ” ဟု သူက မှတ်ချက်ပေးသည်။

ဝင်ခွင့်အတွက် ပြင်ပမှ သင်တန်းများပေါ်ပေါက်လာလျှင်လည်း တက္ကသိုလ်ဝင်ခွင့်အတွက် အထောက်အကူပြုနိုင်မည်ဟု ယူဆပြီး ၎င်းတို့တက္ကသိုလ်တက်စဉ် ၁၉၈၁ ခုနှစ်ခန့်က ဝင်ခွင့်စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခဲ့ရကြောင်း ၎င်းက ပြောဆိုသည်။

လူတွေ့စစ်ဆေးမှုအတွက် စိန်ခေါ်မှု

နာမည်ကြီးတက္ကသိုလ် ၄ ခုက လူတွေ့စစ်မည်ဖြစ်၍ ထိုအတွက် ကျောင်းအုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် နီးစပ်သူများ၊ လူကြီး သား သမီးများ၊ ငွေပေးနိုင်သူများအတွက် တက္ကသိုလ်ဝင်ခွင့်ရနိုင်သည် စသည်ဖြင့် လူမှုကွန်ရက်တွင် ဝေဖန်ကြသည်။

ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်ကမူ ၎င်းတို့ ကျောင်းအနေနှင့် လူတွေ့စစ်ရာတွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် တစ်ဦးစီပါသော ၉ ဦးပါအဖွဲ့ သုံးဖွဲ့ဖြင့် စစ်ဆေးရန် ကနဦးအဆင့်လျာထားကြောင်း The Voice နှင့်အင်တာဗျူးတွင် အသိပေးခဲ့သည်။

ကျောင်းသားအနေနှင့်လည်း မည်သည့်အုပ်စုတွင် လူတွေ့စစ်ဆေးခံရမည်ကို ကြိုတင်သိရှိနိုင်မည် မဟုတ်သကဲ့သို့ ထိုအုပ်စုတွင် မည်သူများပါဝင်သည်ကို သိရှိနိုင်မည်မဟုတ်ကြောင်း သူက တစ်ဆက်တည်းပြောသည်။

ထို့ပြင် လူတွေ့စစ်သည့် အုပ်စုထဲတွင်ပါဝင်သူ တစ်ဦးချင်း၏ အမှတ်ပေးမှုကို စုပေါင်းပြီး ဝင်ခွင့်ဆုံးဖြတ်ရန် စီစဉ်ထားသောကြောင့် လာဘ်ပေးလာဘ်ယူမှုအတွက် စိတ်ချယုံကြည်နိုင်မည်ဖြစ်ကြောင်း ဒေါက်တာကြည်ရွှင်က ဆိုထားသည်။

အခြားသော ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်နှင့် ရန်ကုန်ပညာရေး တက္ကသိုလ်က မည်သို့မည်ပုံလူတွေ့စစ်မည်ကို မသိရှိရသေးပေ။

ထိုစိန်ခေါ်မှုများသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ်အဖြစ် အသွင်ကူးပြောင်းလဲရာတွင် အတွေ့အကြုံကောင်းအဖြစ် အကျိုးရှိနိုင်မည်ဖြစ်သလို ကျန်ရှိနေသောတက္ကသိုလ်များ၏ ဝင်ခွင့်စနစ်ပြောင်းရာတွင် အကူအညီပေးနိုင်လိမ့်မည်ဖြစ်သည်။ 

ယခုနှစ်တွင် တက္ကသိုလ် ၁၁ ခုကို တိုက်ရိုက်လျှောက်ခွင့်ပြုပြီး နောက်နှစ်များတွင် ကျန်တက္ကသိုလ်များကိုပါ ထိုစနစ်အတိုင်းဆက်လက်ကျင့်သုံးသွားမည် ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ ပုဒ်မ ၂၈ တွင်အရ တက္ကသိုလ်ဝင်ခွင့်အတွက် ဘာသာရပ်နှင့်တက္ကသိုလ်ကို သင်ယူသူကိုယ်တိုင် ရွေးချယ်လျှောက်ထားခွင့်ရှိရမည်ဖြစ်သည်။ 

ထို့ပြင် ဝင်ခွင့်ကို အထက်တန်းစာမေးပွဲရမှတ်ဖြင့်သာ ဆုံးဖြတ်ခြင်းမဟုတ်ဘဲ တက်ရောက်လိုသည့် တက္ကသိုလ်၏ ပဋိညာဉ်စာတမ်းနှင့်အညီ သတ်မှတ်ထားသော တက္ကသိုလ်ဝင်ခွင့်စနစ်ကို ကျင့်သုံးရမည်ဖြစ်သည်။

ရွှေပညာ ကိုယ်ပိုင်ဘာသာရပ်သင်ကျောင်း ဆရာဦးကျော်မင်းခန့်ကမူ ယခုနှစ် တက္ကသိုလ်ဝင်ခွင့် စနစ်ပြောင်းလဲမှုကို “တက္ကသိုလ်တွေက ကိုယ်ပိုင် ပဋိညာဉ်နဲ့ သွားတော့မှာပါ။ ဒါကိုကြိုတင်စမ်းပြီး ပြောင်းတာပါ” ဟု မှတ်ချက်ပေးသည်။ 

သို့သော် တက္ကသိုလ်အများစုမှာ ပဋိညာဉ်ရေးဆွဲထားခြင်းမရှိသေးသကဲ့သို့ (တရားဝင်လည်း ထုတ်ပြန်ခြင်းမရှိသေး) အဆင့်မြင့်ပညာရေးဥပဒေကိုလည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။

အခြေခံကျောင်းသားဘဝမှ ပြင်ပလောကနှင့်ဆက်စပ်နေသည့် တက္ကသိုလ်ပညာရေးကိုကူးပြောင်းမည့် ကျောင်းသားများနှင့် ၎င်းတို့၏ မိဘများကမူ လျှောက်ထားမှုလုပ်ငန်းစဉ်နှင့် လူတွေ့စစ်ဆေးမှုအတွက် စိတ်လှုပ်ရှားစွာစောင့်ဆိုင်းနေပြီဖြစ်သည်။

မမေဖူးဖူးဝင်းကမူ သူရွေးချယ်မည့် တက္ကသိုလ်နှင့် ဘာသာရပ်အပေါ် လမ်းကြောင်းတစ်ဝက်ရောက်မှ စိတ်ပျက်လက်ပျက်ဖြစ်သွားနိုင်မည်လားကို ဆန်းစစ်ကာ စိုးရိမ်နေသည့်အကြောင်း ယခုကဲ့သို့ဆိုသည်။

“ဝင်ခွင့်ရဖို့ လူ့တွေ့စစ်မယ်ဆိုတော့လည်း စိတ်လှုပ်ရှားနေတယ်။ ရွေးချယ်မှုမှားသွားမလားဆိုတာလည်း စိုးရိမ်နေတယ်”

မြဇာခြည်သင်း၊ နေဇာကျော်