News

POST TYPE

EDUCATION

လမ်းကျောင်း
09-Jun-2018 tagged as ပညာရေး

ပညာရေးဆိုသည်မှာ အဘယ်နည်း။ 

ကျောင်းကို နေ့စဉ်သွားမည်။ သတ်မှတ်ထားသည့် ကျောင်းဝတ်စုံတွေ ဝတ်ထားမည်။ ကျောင်းတွင်လည်း စာရေးစာဖတ်၊ အိမ်ပြန်တော့လည်း အိမ်စာဆိုသည်နှင့် အလုပ်ရှုပ်နေရသည်မှာ ပညာရေးလား နိုင်ငံတကာတွင် မေးခွန်းထုတ်နေကြပြီ။

ကျောင်းဆိုသည်မှာ ဆရာပြောတာ နားစိုကထောင်ပါ၊ ဆင်ခြေဆင်လက် မပေးပါနှင့်၊ စာအုပ်ထဲက စာတွေသာ အမှန်တရားပါ၊ ထိုစာများကို အလွတ်ကျက်ကာ စာမေးပွဲဆိုတာကို ဖြေဆိုပါ။ အတိအကျ အမှန်အကန် ရေးဖြေနိုင်လျှင် အမှတ်တွေ များများလည်းရမှာ လူတော်ပါ။ ဤသတ်မှတ်ချက်ကလည်း ပညာရေးဖြစ်ပါသလား။ 

ဆူးကော်လေးတစ်ယောက် ပညာရေးစနစ်ကို စိတ်ပျက်လာသည်။ သူသည် ကျောင်းဆရာမ တစ်ဦးဖြစ်သည်။ အထက်တန်းကျောင်းတစ်ကျောင်းတွင် အင်္ဂလိပ်စာနှင့် ပြဇာတ်သင်သည်။ နိုင်ငံတကာတွင်လည်း ဆရာများကို လှည့်လည်ပြီး သင်တန်းပေးသည်။ ပညာရေးဆိုင်ရာ စီမံခန့်ခွဲရေးတွင် အထူးကျွမ်းကျင်သည်။ ဆရာနှင့် မိဘများအတွက် စာအုပ်ပေါင်း ၂၅ အုပ်လည်း ရေးသားခဲ့သူဖြစ်သည်။

ခေတ်ပညာရေးကို စိတ်ပျက်လာသည့် ဆရာမကော်လေးတစ်ယောက် ဗြိတိန်ပညာရေးစနစ်ကို စိတ်ပျက်နေသည်မှာကြာပြီ။ ထို့ကြောင့် သူ့ကလေးနှစ်ယောက်ကို ကျောင်းထုတ်ပြီး ဥရောပနှင့် တရုတ်နိုင်ငံများဆီသို့ ကလေးများကိုခေါ်ကာ ခြေဦးလှည့်သည်။ 

သူက ဂျာမနီတွင် ကလေးတွေကို ပြတိုက်ကြီးထဲခေါ်သွားပြီး ဒိုင်နိုဆောတွေကို ကြည့်စေသည်။ နေပယ်တွင် ဗစ်ဆူးဗီးရပ်မီးတောင်ကြီးကို လက်တွေ့ကြည့်ခိုင်းသည်။ မီလန်ရှိ ပြတိုက်ထဲတွင် လီယိုနာဒို ဒါဗင်ချီ၏ နောက်ဆုံးညစာပန်းချီကားကို ကြည့်ရှုလေ့လာစေသည်။ တရုတ်နိုင်ငံ ဘေဂျင်းတွင် ကြီးမားသည့် ပင်ဒါဝက်ဝံကြီးတွေကို ကြည့်ခိုင်းသည်။ သူက ကလေးတွေနှင့် ၆ လ ခန့်ကမ္ဘာပတ်လိုက်သည်။ ထိုအကြောင်းကို သူက Road School ဆိုသည့် မှတ်တမ်းစာအုပ်အဖြစ် ပြန်လည်ရေးသား ထုတ်ဝေလိုက်သည်။ သူ့ရည်ရွယ်ချက်က ရှင်းသည်။ မိဘတွေက လှုပ်နှိုးလိုက်သည်။ လမ်းပေါ်မှာ ပညာတွေရှိသည်။ ကမ္ဘာကြီးတွင် လေ့လာ၍ မကုန်နိုင်သည့် ပညာတွေရှိနေသည်။ မိမိတို့ ကလေးများကို ကျောင်းထဲ ပိတ်လှောင်ထားတော့မည်လားဟု မျက်စိဖွင့်ပေးလိုက်သည်။

မိမိတို့ သားသမီးများကို ကျောင်းပို့ရခြင်းအပေါ် စိတ်ပျက်နေသည့် မိဘပေါင်းများစွာ ရှိပါသည်။ သူတို့အတွက် ကော်လေး၏ စာအုပ်က မျက်လုံးပြူးစရာ ဖြစ်သွားသည်။ အင်္ဂလန်တွင် ၂၀၀၉ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ကလေးများကို ကျောင်းမှထုတ်ကာ အိမ်တွင်ပညာသင်ပေးနေကြသည့် ပမာဏမှာ ၆၅ ရာခိုင်နှုန်းအထိ တိုးတက်လာသည်။ ထို့ကြောင့် တကယ့်ပညာရေးဆိုသည်မှာ အဘယ်နည်းဟု စူးစမ်းလာကြသည်။ ကျောင်းတွင် ပညာသင်ကြားမည့်အစား ပညာစွန့်စားခရီး (Ed-venture) ဆိုသည့် သဘောတရားကို စိတ်ဝင်စားလာကြသည်။

မိဘတွေက မိမိတို့သားသမီးများကို ကမ္ဘာမပတ်နိုင်သည့်တိုင်အောင် ကိုယ့်မြို့ကိုယ်ရွာ ကိုယ့်ဒေသအတွင်းရှိ ပြတိုက်၊ ပန်းခြံ၊ ဥယျာဉ်လောက်ကို လေ့လာခွင့်မပေးတော့သည့် ပညာရေးစနစ်အပေါ် ထောက်ပြလာကြသည်။ ကလေးတွေကို အဘယ်ကြောင့် ပြင်ပဗဟုသုတတွေ မလေ့လာ မသင်ယူခိုင်းရသနည်းဟုလည်း မေးခွန်းတွေ ထုတ်လာကြသည်။ သူတို့က “ကမ္ဘာ့ကျောင်း” ပညာရေးစနစ်ကို စိတ်ဝင်စားကြသည်။ အနည်းဆုံး နည်းပညာဖြင့် ကမ္ဘာပတ်နိုင်သည်။ အဘယ်ကြောင့် ကမ္ဘာ့ကျောင်းကို မတက်ခိုင်းနိုင်ရသေးသနည်း။

ယနေ့ခေတ်သည် အင်တာနက်ခေတ်ဖြစ်သည်။ အင်တာနက်ထဲတွင် ခြေဆန့်နိုင်သည်။ VR ဟုခေါ်သည့် Virtual Reality စနစ်များဖြင့် ကလေးများကို တကယ့်အစစ်အမှန်လောကထဲကို ဆွဲခေါ်သွားနိုင်သည်။ ပတ်ဝန်းကျင်လေ့လာရေးနှင့် သဘာဝအတိုင်း နေထိုင်နိုင်ရေးတို့ကို ပျိုးထောင်နိုင်သည်။ အဘယ်ကြောင့် ကျောင်းဆိုသည့် ထောင်လိုလိုနေရာတွင် ကလေးတွေကို ပိတ်လှောင်ထားရသနည်း။

ကော်လေးတွင် အသက် ၁၁ နှစ်အရွယ်သားနှင့် ၈ နှစ်အရွယ် သမီးတစ်ယောက်ရှိသည်။ ကလေးတွေကို ဂျာမနီ၊ အီတလီ၊ ပေါ်တူဂီ၊ ပြင်သစ်စသည့် နိုင်ငံတွေကို ခေါ်သွားသည်။ လေ့လာစရာနေရာတွေ အားလုံးကို လိုက်ပြသည်။ မှတ်ခိုင်း၊ လေ့လာခိုင်းသည်။ ထိုအချိန်တွင် သူတို့သူငယ်ချင်းတွေက ကျောင်းစာသင်ခန်းများထဲတွင် ပိတ်မိနေကြသည်။ 

“ပညာဆိုတာ ကျောင်းမှာ လေ့လာမှ မဟုတ်ပါဘူး။ ကလေးတွေအတွက် အားလပ်ရက်တိုင်းဟာ အချည်းနှီး မဖြစ်စေသင့်ဘူး။ ကလေးတွေကို ကျောင်းမတက်ခိုင်းတာလည်း ဖျက်ဆီးနေတာ မဟုတ်ဘူး။ ကျွန်မကလေးတွေကို ခြောက်လအတွင်း အစဉ်အလာအတိုင်းမဟုတ်တဲ့ ပညာရေးကို ကျွန်မကပေးနေတာ။ သူတို့ကို ကျောင်းထုတ်ပြီး ကမ္ဘာပတ်နေတာ ပညာရေးကို ရပ်ဆိုင်းလိုက်တာ မဟုတ်ဘူး”ဟု ကော်လေးက ဆိုသည်။

သူက သားသမီးများကို “လမ်းကျောင်း” (Road School) နှင့် ပတ်သက်ပြီး လေးချက်ပြောပြထားသည်။ (၁) အမြဲရွေးလျားပြီး သွားနေရမည် (၂) စိတ်ဝင်စားသည့်အရာကို ရှာဖွေလေ့လာနိုင်ရ မည် (၃) တစ်ရက်လျှင် ကိုယ်လေ့လာခဲ့ ရောက်ခဲ့တွေ့ခဲ့သည့် အကြောင်းအရာ၊ အဖြစ်အပျက်များကို A4 စာရွက်ဖြင့် လေးမျက်နှာပြန်ရေးပြကာ (ခရီးသွားမှတ်တမ်း) အဖြစ် ပြန်ပြနိုင်ရမည်။ ကလေးများက ထိုအကြောင်းအရာများကို ကွန်ပျူတာနှင့် ရေးကြရသည်။ (၄) စည်းကမ်းအတိအကျ သတ်မှတ်ချက်မရှိ။ ကောင်းလျှင်ဆက်လုပ်၊ မကောင်းလျှင် ဖျက်လိုက်ရုံသာဖြစ်သည်။ လမ်းကျောင်းဆိုသည်မှာ ပုံသေသတ်မှတ်ချက် စည်းကမ်းမရှိ။ အချိန်ဇယားမရှိ။ စာမေးပွဲလည်းမရှိ၊ အတန်းချိန်သတ်မှတ်ချက်မရှိ၊ အိမ်စာမရှိ။ ဖိစီးထားသည့် ဘာစည်းကမ်းမှ မရှိ။ ကြိုက်သည့်နေရာ၊ အချိန်တွင် ပညာရှာနိုင်သည်။ ယင်းကိုပင် ကော်လေးက “လမ်းကျောင်း” အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။ 

ကော်လေး၏ ကလေးများသည် ကျောင်းမတက်။ သူတို့အိမ်တွင် ပျော်ရွှင်စွာဖြင့် မိခင်၏ မျက်စိအောက်တွင် ပညာရှာနေကြသည်။ 

“ကျွန်မက ကျွန်မလုပ်တဲ့အတိုင်း လိုက်လုပ်ပါလို့ ဘယ်မိဘကိုမှ မတိုက်တွန်းချင်ပါဘူး။ ဒီလိုသင်ဖို့ဆိုတာ အတွေ့အကြုံတွေအများကြီး လိုပါတယ်။ နေ့တိုင်းသူတို့ကို ဆန်းသစ်တဲ့ လေ့လာစရာတွေချည်း ဖြစ်နေအောင် ကျွန်မစီစဉ်ပေးနေရပါတယ်။ ကျွန်မလည်း မနားရပါဘူး။ အပြင်ကပြန်လာတာနဲ့ သူတို့ကို ဘာလေးလုပ်ပေးလိုက်ရရင် ကောင်းမလဲ စဉ်းစားနေရတယ်။ လိုက်လုပ်နိုင်ရင်တော့ ကောင်းပါတယ်။ မလုပ်နိုင်ရင် ပြဿနာရှိတယ်”

ကော်လေးတစ်ယောက် သူ့ကလေး နှစ်ယောက်အတွက် “လမ်းကျောင်း” စနစ်ကို သူ့ကျောင်းတွင် သူသာ ကျောင်းအုပ်ကြီးလုပ်ပြီး စီမံသင်ကြားနေပါသည်။ ကော်လေးက ပညာရေးကို “လမ်းကျောင်း” ဖြင့် စိန်ခေါ်နေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ 

E-01  
(Ref: The Guardian)


  • VIA