News

POST TYPE

EDUCATION

ဖင်လန်နိုင်ငံ KG ဆရာအတတ်သင်ပညာရေး
ဖင်လန်နိုင်ငံတွင် Degree Programme in Kindergarten Teacher Education ဆိုသည့် ဘွဲ့ပေးသော အစီအစဉ်တစ်ခုရှိသည်။ ဆရာလုပ်ချင်သူ အထူးသဖြင့် Kindergarten တန်းကို သင်ချင်သူများအတွက် အထူးအစီအစဉ်တစ်ရပ်အနေနှင့် စီစဉ်ပေးထားသည့် ပရိုဂရမ်တစ်ခုဖြစ်သည်။ ရှေးဦးသင်ပညာရေးအတွက် အရေးကြီးသည်ဟု ယူဆသောကြောင့် အထူးလေ့ကျင့်သင်တန်းပေးနေသည့် သင်တန်းတစ်ခုလည်းဖြစ်သည်။ 

သူငယ်တန်းဆရာအတတ်သင်ပညာဘွဲ့ရလျှင် ထိုဆရာ/ဆရာမကို သူငယ်တန်းအတွက် အထူးကျွမ်းကျင်သည့် ဆရာတစ်ဦးအဖြစ် သတ်မှတ်သည်။ ထိုပရိုဂရမ်သည် ဖင်လန်နိုင်ငံတွင်သာ နိုင်ငံအတွင်း သူငယ်တန်းသင်ဆရာများအတွက် အထူးမွေးထုတ်ပေးသည့် အစီအစဉ်တစ်ရပ်လည်းဖြစ်သည်။

ထိုသင်တန်းကို ဆရာဖြစ်ချင်သူများသည် သုံးနှစ်တိတိတက်ကြရသည်။ သုံးနှစ်ပြီးမှ ဆရာဖြစ် လက်မှတ်ပေးကာ ဆရာဟုသတ်မှတ်သည်။ သူငယ်တန်း ဆရာတစ်ဦးအနေနှင့် အထူးကျွမ်းကျင်ရန် သတ်မှတ်ချက်များ လိုအပ်သည်။ ထိုသင်တန်းဆင်း လက်မှတ်ရှိ သူကို ဖင်လန်နိုင်ငံတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် Early Education Act အရ သူငယ်တန်းဆရာအဖြစ် သတ်မှတ်သည်။ ထိုသင်တန်းလာတက်မည့် ဆရာလောင်းများအနေနှင့် ဘွဲ့တစ်ခုခုကို ရရှိထားခဲ့ရန်လိုသည်။ ဘွဲ့အဆင့်အတန်းမြင့်မားလေ ပိုပြီးတန်ဖိုးထားခြင်း ခံရလေဖြစ်သည်။ ထို့ကြောင့် ဆရာတစ်ဦးသည် အနည်းဆုံးပညာရပ်ဆိုင်ရာ ဘွဲ့တစ်ဘွဲ့နှင့် ဆရာအတတ်သင် ဘွဲ့တစ်ဘွဲ့ ရှိထားရမည်ဖြစ်သည်။

သူငယ်တန်းဆိုသည့် ကလေးအရွယ်များကို သင်ကြားရမည့် ဆရာတစ်ဦးသည် အလွန်အရေးကြီးသည်ဟု မှတ်ယူထားသည်။ ထို့ကြောင့် ဆရာအတတ်သင်တန်းမရှိဘဲ ကလေးတစ်ယောက်ကို ထိုဆရာလက်ထဲကို ထည့်လေ့မရှိပေ။ အဘယ်ကြောင့်ဆိုသော် အတွေးနှင့်ဆုံးဖြတ်ချက်များသည် အရေးကြီးသောကြောင့်ဖြစ်သည်။ အလွန်နုနယ် ငယ်ရွယ်သည့် ၁ နှစ် မှ ၇ နှစ်အရွယ်အထိ ကလေးများကို ပြုစုပျိုးထောင် ပေးကြရမည်။ ၁ နှစ်မှ ၃ နှစ်အရွယ် ကလေးများကို စာမသင်ဘဲ ကစားရန်သက်သက် ထိန်းကျောင်းခြင်း ဖြစ်သောကြောင့်လည်း တော်ရုံစိတ်ဓာတ်၊ ဝါသနာနှင့် ဆရာမလုပ်နိုင်ဟု ဆိုရမည်။

KG သင်မည့်ဆရာများသည် လူမှုပေါင်းသင်း ဆက်ဆံရေးကောင်းသူများ၊ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းရှိသူများ ဖြစ်ရန်လိုသည်။ မိဘများနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန် လေ့ကျင့်ပေးသည်။ သင်တန်းတွင် စာရေး၊ စာဖတ်၊ ကွန်ပျူတာတို့အပြင် သင်ခန်းစာကို မည်သို့ကြိုတင်ပြင်ဆင်ရမည်နည်းဆိုသည့် သဘောတရားများကို သင်သည်။ ပညာရေးနှင့်ပတ်သက်သည့် သဘောတရားများအပြင် ကိုယ်တိုင်သုတေသန လုပ်ငန်းများကိုလည်း လုပ်ကိုင်ကြရသည်။ 

ကျောင်းသား၊ ကျောင်းသူများကို လူသားအပေါ် မြတ်နိုးတန်ဖိုးထားတတ်စေရေး၊ အနုပညာနှင့် ရသခံစားနိုင်စေရေးအပြင် ဆရာ့လုပ်ငန်းနှင့် ပတ်သက်သော လက်တွေ့လုပ်ငန်းများကို သင်ကြားပေးသည်။ ဆရာလုပ်မည့်သူသည် ကြင်နာတတ်သော နှလုံးသား၊ ကလေးများအပေါ် ခံစားနားလည်ပေးနိုင် စွမ်းရှိသူများ ဖြစ်လာစေရန် လေ့ကျင့်ပျိုးထောင်ပေးခြင်းမှာ ဖင်လန်ဆရာအတတ်သင် ပညာရေး၏ အဓိကအချက်ဖြစ်သည်။ 

ဖင်လန်နိုင်ငံမှ KG ဆရာကောင်းတစ်ဦးကို ဘာနှင့်တိုင်းတာသတ်မှတ်ပါသနည်း။ စာသင်ကောင်းမှ ဆရာဟု သူတို့မယူဆပါ။ KG ဆရာကောင်းတစ်ဦးသည် လူမှုပေါင်းသင်းဆက်ဆံရေး ကောင်းရမည်၊ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်း ရှိရမည်ဆိုသည့် အချက်နှစ်ချက်ကို ဦးစားပေးပြီး ပိုင်းဖြတ်ကြောင်းတွေ့ရသည်။ ထို့ပြင် မည်မျှတီထွင်ဖန်တီးနိုင်စွမ်း ရှိသနည်းဆိုသည့် အချက်ဖြင့်လည်း ပိုင်းဖြတ်သည်။ ပိုပြီးအရေးကြီးသည့် အချက်မှာ ကလေးပြောသမျှ မည်မျှနားထောင်ပေးနိုင်စွမ်း ရှိသနည်းဆိုသည့် အချက်ဖြစ်သည်။ ကလေးကို စိတ်ရှည်စွာဖြင့် နားလည်မှုပေးပြီး ဆက်ဆံပြောဆိုနိုင်သူကိုသာ ဦးစားပေးပြီး ဆရာခန့်လေ့ရှိသည်။

ဆရာအတတ်သင်တန်း သုံးနှစ်ပြီးလျှင် B.A (Bachelor of Arts – Education) ဆိုသည့် ဘွဲ့အားအပ်နှင်းသည်။ ပညာရေးကို အဓိကဘာသာဖြင့် သင်ကြားသောကြောင့် (Education) ကို ထည့်ပေးထားခြင်းဖြစ်သည်။ အထူးသဖြင့် သူတို့ကို KG တန်းနှင့် ပတ်သက်ပြီး ကျွမ်းကျင်သူများအဖြစ်လည်း သတ်မှတ်လေ့ရှိသည်။ ထိုသို့ ကျွမ်းကျင်ရန်အတွက် သင်တန်းတွင် အထူးပြုပို့ချပေးသည့် ပညာရပ်မှာ မေးခွန်းထုတ်ခြင်းနှင့် တွေးခေါ်ခြင်းပညာများဖြစ်သည်။ မူလတန်းမတက်မီ အသက် ၇ နှစ်အရွယ်မတိုင်မီအထိ ရှေးဦးသင်ပညာရေးကို ထိုဘွဲ့ရထားသူကိုသာ ခန့်အပ်ရန် သတ်မှတ်ထားသည်မှာ သူတို့ဆရာအတတ်သင်ဘွဲ့က မွေးထုတ်ပေးထားသူများအပေါ် ယုံကြည်လွန်းသောကြောင့်ဖြစ်သည်။ 

သင်တန်းလည်းဆင်း ဘွဲ့လည်းရလျှင် KG ကျောင်းများနှင့် နေ့ကလေးထိန်းဌာနများတွင် သွားရောက်အလုပ်လျှောက်နိုင်သည်။ နေ့ကလေး ထိန်းကျောင်းများကလည်း B.A (Education) ဘွဲ့ရလာသူများကိုသာ ဦးစားပေးပြီး အလုပ်ခန့်လေ့ရှိသည်။ သူတို့သည် နေ့ကလေးထိန်းကျောင်းများတွင် နှစ်ပေါင်းများစွာ လက်တွေ့ အလုပ်များလုပ်ရင်း ပညာရှာကြရပြန်သည်။ 

ဘွဲ့လွန်သင်တန်းတက်ရောက်ရန်အတွက် KG ကျောင်းများတွင် အတွေ့အကြုံရှိပြီးသူများကို လက်ခံသည်။ သူတို့ကို အထူးဆရာအတတ်သင်တန်းအဖြစ် ဆက်ပြီးသင်တန်းပေးသည်။ ထိုသင်တန်းတွင် Kindergarten Teacher, Special Education Teacher, Class Teacher, Adult Education Teacher ဆိုသည့် အမျိုးအစားများခွဲလိုက်ပြီးနောက် ထပ်ဘွဲ့တစ်ခုကို ထပ်ပေးသည်။ ထိုသင်တန်းက ထပ်ဆင်းသူများကို တက္ကသိုလ်အဆင့် ပညာရေးဘွဲ့ရသူတစ်ဦးအဖြစ် သတ်မှတ်သည်။ ဘွဲ့လွန်သင်တန်းကို များသောအားဖြင့် အခမဲ့တက်ရောက်ခွင့်ရှိသည်။ ထိုဘွဲ့ရပြီးလျှင် နောက်ထပ် Doctorate အတွက် ဘွဲ့ကိုဆက်လက်ယူရန် အခွင့်အရေး ထပ်မံရရှိမည်ဖြစ်သည်။ ထို ဒေါက်တာဘွဲ့ကို ရရှိသူမှာ ဖင်လန်တွင်သာမက ကမ္ဘာ့အလယ်တွင်ပါ ဂုဏ်ဝင့်ထည်သူများအဖြစ် ထင်ရှားသည်။

E-01
(Ref: University of Eastern Finland)