News

POST TYPE

EDUCATION

အိန္ဒိယအာမခံကုမ္ပဏီက တစ်ဆင့်ခံအာမခံလုပ်ငန်းအတွက် နည်းပညာကူညီမည်
08-Jun-2018 tagged as အိန္ဒိယ အာမခံ

ရန်ကုန်၊ ဇွန် ၇

အိန္ဒိယနိုင်ငံပိုင် အထွေထွေအာမခံ ကုမ္ပဏီက တစ်ဆင့်ခံအာမခံလုပ်ငန်းအတွက် နည်းပညာကူညီရန် မြန်မာ့အာမခံလုပ်ငန်းနှင့် ဇွန်လ ၆ ရက်နေ့က နားလည်မှုစာချွန်လွှာရေးထိုးခဲ့ကြောင်း ယင်းအာမခံလုပ်ငန်းထံမှ သိရသည်။

တစ်ဆင့်ခံအာမခံလုပ်ငန်းဆိုသည်မှာ တန်ဖိုးကြီးမားသည့် ပစ္စည်းများကို ပြည်တွင်းအာမခံကုမ္ပဏီထံ အာမခံထားသည့်အခါ တစ်စုံတစ်ခုဖြစ်ပါက ကုမ္ပဏီက အားလုံးအလျော်ပေးရလျှင် အခက်အခဲဖြစ်နိုင်သည့်အတွက် နိုင်ငံခြားအာမခံ ဈေးကွက်တွင်ထပ်ဆင့်အာမခံထားခြင်း ဖြစ်သည်။

“မြန်မာ့အာမခံလုပ်ငန်းမှာ တစ်ဆင့်ခံအာမခံကို တည်ထောင်ထားတာရှိပေမယ့် နိုင်ငံတကာစံချိန်စံနှုန်းအတိုင်း မဖြစ်သေးဘူးလို့ ယူဆတယ်။ ဒါကြောင့် သူတို့ဘက်က သင်တန်းတွေ လုပ်နည်းကိုင်နည်းအစရှိတဲ့ နည်းပညာပိုင်းကို ကူညီပေးမှာပါ” ဟု မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဒေါ်စန္ဒာဦးက ပြောကြားသည်။

ပြည်တွင်းဈေးကွက်တွင် တစ်ဆင့်ခံ အာမခံထားရသည့်လုပ်ငန်းများမှာ တန်ဖိုးကြီးမားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကြီးများဖြစ်ပြီး အရှေ့တောင်အာရှ နိုင်ငံတကာအာမခံဈေးကွက်တွင် အဆိုပါ လုပ်ငန်း၏ တန်ဖိုးတစ်ခုကို ထပ်မံအာမခံ ထားလေ့ရှိကြောင်း ၎င်းကပြောဆိုသည်။

တစ်ဆင့်ခံအာမခံလုပ်ငန်းသည် ပြည်တွင်းတွင် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာပါက ဆုံးရှုံးနိုင်ခြေပမာဏ များပြားသည့် သီးနှံအာမခံစနစ်ကို မြန်မာ့အာမခံလုပ်ငန်းက လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်သည်။

ပုဂ္ဂလိက အာမခံကုမ္ပဏီများအနေနှင့် တစ်ဆင့်ခံ အာမခံလုပ်ငန်းလိုင်စင်ကို မရရှိသေးဘဲ အာမခံငွေပမာဏ ကျပ်သန်း ၅၀၀ ထက်ပိုလျှင် မြန်မာ့အာမခံလုပ်ငန်းသို့ အာမခံထပ်ဆင့်တင်ရသည့်စနစ်ဖြင့်သာ လုပ်ကိုင်ဆောင်ရွက်နေရကြောင်း ဂလို ဘယ်ဝေါလ်အာမခံကုမ္ပဏီ ဒါရိုက်တာ ဦးစိုးဝင်းသန့်က ပြောကြားသည်။

“ပုဂ္ဂလိကလုပ်ငန်းတွေကို မကြာမီမှာ တစ်ဆင့်ခံအာမခံကို လုပ်ကိုင်ခွင့်ပေးမယ်ဆိုတာ သိရတယ်။ ဒါပေမဲ့ ဒါက မြန်မာ့ အာမခံလုပ်ငန်းကို ဖြတ်သန်းပြီးတော့မှ နိုင်ငံတကာဈေးကွက်ကို သွားရတာ။ ဒါတောင် ပုဂ္ဂလိကနာမည်နဲ့မဟုတ်ဘူး။ မြန်မာ့အာမခံလုပ်ငန်းနာမည်နဲ့ သွားရမှာပါ” ဟု ၎င်းကရှင်းပြသည်။

J-13