News

POST TYPE

EDUCATION

ဒစ်ဂျစ်တယ်နိုင်ငံတော်မှ ဘူတာကူလီ
07-Jun-2018 tagged as အိန္ဒိယ


အိန္ဒိယနိုင်ငံတွင် ဝန်ထမ်းဘဝကို မှန်းသူများအနေနှင့် စာအုပ်တွေ အများကြီး ဝယ်ဖတ်ကြရသည်။ သို့သော်ဘူတာရုံမှ ကူလီအလုပ်သမားလေး ဆရီနက်တစ်ယောက် သူ့ဘဝလွတ်မြောက်ကြောင်းအတွက် အစိုးရ ဝန်ထမ်းဘဝကို ရောက်ချင်နေသည်။ သို့သော် သူ့တွင် စာအုပ်တွေ ဝယ်ဖတ်စရာ ပိုက်ဆံမရှိ။ သူက Karala Public Service Commission (KPSC) က ကြီးမှူးကျင်းပသည့် ဝန်ထမ်းစာမေးပွဲရေးဖြေကို ဖြေဆိုချင်သည်။

ဆရီနက်တစ်ယောက် လိုလျှင်ကြံဆ နည်းလမ်းရသွားသည်။ သူကူလီထမ်းနေသည် ဘူတာရုံတွင် ဝိုင်ဖိုင် အင်တာနက် အခမဲ့ရသည်။ သူ့ထံတွင် ဖုန်းရှိသည်၊ နားကြပ်ရှိသည်။ သူက ထိုအခွင့်အရေးကို ကောင်းကောင်း အသုံးချသွားနိုင်ခဲ့သည်။

ဆရီနက်သည် လွန်ခဲ့သည့် ငါးနှစ်ခန့်ကတည်းက ကီရာလာမြို့ရှိ အာနာကူလမ် ဘူတာရုံတွင် ကူလီအဖြစ် ပင်ပန်းဆင်းရဲစွာ လှုပ်ရှားနေခဲ့ရသူဖြစ်သည်။ သူ့တွင် အခြားသော ဘဝတူ အလုပ်သမားတွေနှင့် မတူသည့် အချက်တစ်ချက်မှာ အလွန်လေးလံသည့် သေတ္တာကြီးများကို သယ်ဆောင်သွားချိန်တွင်ပင် နားကြပ်လေးနှင့် တစ်ခုခုကို နားထောင်သွားတတ်ခြင်းဖြစ်သည်။

သူက သူများတွေလို သီချင်းနားထောင်နေခြင်း မဟုတ်။ အင်တာနက်ကတစ်ဆင့် သူ့ဆရာများ၏ ပို့ချချက်များကို နားထောင်မှတ်သားကာ အလုပ်လုပ်ရင်း စာသင်နေသူတစ်ဦးဖြစ်သည်။

သူသည် အထက်တန်းအထိ တက်ဖူးထားသော်လည်း ဘဝပေးအနေအထားအရ ကျောင်းထွက်ပြီး ဘူတာရုံတွင် ကူလီထမ်းနေရသည်။ သူအလုပ်လုပ်နေသည့် ဘူတာရုံတွင် ပြည်သူတွေကို အခမဲ့ ဝိုင်ဖိုင် အင်တာနက် အသုံးပြုခွင့်ပေးထားသည်။

“ကျွန်တော် အစိုးရဝန်ထမ်း စာမေးပွဲကို သုံးကြိမ်လောက် ကြိုးစားဖူးတယ်။ ဒီတစ်ကြိမ်တော့ ပထမဆုံး ဝိုင်ဖိုင်အင်တာနက်ကို အသုံးပြုပြီးတော့ စာမေးပွဲဖြေဖို့ ကြိုးစားတာပဲ။ ကျွန်တော်က အထုပ်တွေကို သယ်သွားရင်းက နားကြပ်လေးနဲ့ ဆရာတွေမေးတဲ့မေးခွန်းတွေကို နားထောင်သွားပြီး စိတ်ကူးထဲကနေ ဖြေသွားတယ်။ ကျွန်တော့်မှာ ဒီနည်းနဲ့ပဲ စာကို လေ့လာချိန်ရှိပါတယ်။ ညဆိုရင်လည်း နေ့ခင်းက နားထောင်ပြီး ဖြေထားတာတွေကို တစ်ကြိမ် ပြန်နားထောင်တယ်”

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နရန်ဒရာ မိုဒီက ဒစ်ဂျစ်တယ် နိုင်ငံတော်အဖြစ် ပြုပြင်ပြောင်းလဲနိုင်ရေးအတွက် ၂၀၁၆ ခုနှစ်ကတည်းက တစ်နိုင်ငံလုံးကို လှုံ့ဆော်ထားသည်။ နိုင်ငံအတွင်းရှိ အများပြည်သူတို့ အများဆုံး ရှိနေနိုင်သည့် ဘူတာရုံများတွင် ဝိုင်ဖိုင် အင်တာနက်များကို အခမဲ့ အသုံးပြုခွင့်ရရေးကို လမ်းညွှန်ပေးထားသည်။ ဝန်ကြီးချုပ်၏လမ်းညွှန်ချက်ကို RailTel ကုမ္ပဏီက ဘူတာများတွင်လိုက်ပြီး အကောင်အထည်ဖော်ပေးနေသည်။ ထိုအကျိုးတရားကို ဆရီနက်က လက်တွေ့ ခံစားရခြင်းဖြစ်သည်။ 

၂၀၁၈ ခုနှစ် မေလတွင် အိန္ဒိယနိုင်ငံမှ ဘူတာရုံ ၆၈၅ ရုံတွင် ဝိုင်ဖိုင်နည်းပညာများကို တပ်ဆင်ပြီးဖြစ်သည်။ လာမည့် ၂၀၁၉ ခုနှစ် မတ်လတွင် တစ်နိုင်ငံလုံးရှိ ဘူတာရုံပေါင်း ၈၅၀၀ ၌ ဝိုင်ဖိုင်အင်တာနက်ကို တပ်ဆင်ပြီး ဖြစ်ရမည်ဟုဆိုသည်။ ထိုလုပ်ငန်းအတွက် အစိုးရအနေနှင့် အသုံးပြုသည် ငွေပမာဏမှာ ရူပီး သန်း ၇၀၀၀ ဖြစ်သည်။

ဆရီနက်သည် မွန်နာရွာလေးကဖြစ်သည်။ မွန်နာဆိုသည်မှ မြစ်သုံးစင်းဟု အဓိပ္ပာယ်ရသည်။ အနောက်ပိုင်း ဂါဟက်ရှိတောင်ပေါ်ဒေသ ရွာလေး တွင်နေထိုင်သော သူက အနီးရှိ အာနာကူလမ်ဘူတာ တွင် လာပြီးကူလီ ထမ်းနေသည်။ သူ့အတွက်ကတော့ ဘူတာရုံတွင် ဝိုင်ဖိုင်စနစ်ကိုလာပြီး တပ်ဆင်ပေးလိုက် ခြင်းမှာ အခွင့်အလမ်းတစ်ခုကို ဖွင့်ပေးလိုက်သလို ဖြစ်သွားစေခဲ့သည်။ အင်တာနက်ကို သူကိုင်ထားသည့် ဖုန်းလေးနှင့် သုံးစွဲခွင့် ရလိုက်ခြင်းမှာ သူ့ဘဝကို မြင့်တက်သွားသလို ခံစားရသည်ဟုလည်းဆိုသည်။

သူက ဝန်ထမ်းစာမေးပွဲအတွက် မေးခွန်းဟောင်းတွေ စုဆောင်းသည်။ သူ့ဘူတာရုံတွင် ရသည့် အင်တာနက် Speed က 20-40 mbps ခန့်သာဖြစ်သည်။ ထိုပမာဏ ရသလောက်လေးကို ကုန်မထမ်းရသည့် အားလပ်ချိန်များတွင် အကျိုးရှိစွာ အသုံးပြုသည်။ အင်တာနက်မှ မေးခွန်းတွေ၊ အဖြေတွေကို Download ဆွဲသည်။ အွန်လိုင်းကတစ်ဆင့် စာမေးပွဲဖြေခွင့်ဖောင် ကို လှမ်းတင်သည်။ ထို့ကြောင့် သူ့တွင် ဝန်ထမ်းစာမေးပွဲ အတွက် စာအုပ်ဖိုးငွေတွေကို ချွေတာသွားနိုင်ခဲ့သည်။

အကယ်၍ သူသာ KPSC စာမေးပွဲကို အောင်သွားလျှင် အင်တာဗျူးဝင်ရမည်။ အင်တာဗျူးတွင်အောင်လျှင် ရွာတွင်ရှိသော မြေခွန်ဌာနလက်အောက်၌ လက်ထောက်တစ်ယောက်အဖြစ် စတင်အမှုထမ်းခွင့်ရမည် ဖြစ်သည်။ သူ့အတွက် ပေါ်တာဘဝကလည်း လွတ်မြောက်ပြီး ဂုဏ်ရှိသွားမည်။ ထိုရည်ရွယ်ချက်ဖြင့် သူကြိုးစားအားထုတ်နေခြင်းဖြစ်သည်။

“ကျွန်တော် ကြိုးစားနေရတယ်ဗျာ။ ကျွန်တော် ကူလီအလုပ်ကို လုပ်နေရတာက အိမ်ရဲ့ စားဝတ်နေရေး ပြေလည်စေဖို့ပါ။ ဒီကြားထဲကနေ စာမေးပွဲဖြေနိုင်အောင် လုပ်နေရတာပါ။ စာမေးပွဲဖြေနိုင်ရင် ကျွန်တော် အလုပ်ရမယ်”ဟု သူကဆိုသည်။

သူက ဘဝတူ လုပ်သားတွေဆီကိုလည်း စာတွေ ပို့သည်။ အားလုံး ဘာလုပ်နေမည်နည်း။ အင်တာနက်ရှိနေတုန်း တစ်ခုခုလုပ်ဖို့ မကောင်းဘူးလား။ စာမေးပွဲ အောင်လိုက်ရင် ကိုယ့်ဘဝ ပြောင်းသွားခြင်းထက် ရွာလေးမှာ ပညာတတ်တွေပိုပြီး မတိုးသွားနိုင်ဘူးလားဟု သူ့ကိုစံထားပြီး ကြိုးစားစေရန် စည်းရုံးလုပ်ဆောင်နေသည်။

အိန္ဒိယနိုင်ငံတွင် ဝန်ထမ်းစာမေးပွဲ ဖြေသူတိုင်း Manorama General Knowledge ဆိုသည့် အထွေထွေ ဗဟုသုတ စာအုပ်ကြီးကို ဝယ်ဖတ်ကြရသည်။ ဆရီနက်အတွက်တော့ ထိုစာအုပ်မလိုပါ။ သူ့ထံတွင် စာအုပ်ထက် ပြည့်စုံသော အင်တာနက်ကြီးတစ်ခုလုံးကို အိတ်ထဲ ထည့်သွားနိုင်နေသည်။ သူက အထက်တန်းရောက်မှ ကျောင်းထွက်လိုက်ရပြီး ကူလီ လုပ်နေရသော်လည်း ဘဝကိုအရှုံးမပေးသူ တစ်ယောက်အဖြစ် ရပ်တည်နေသည်။ နည်းပညာက သူ့အတွက် ခွန်အားကိုဖြစ်စေသည်။

“ရထားတွေက နောက်ကျတာ များတယ်ဗျ။ တစ်ခါတလေဆိုရင် နေ့ ၁၂ နာရီဝင်ရမယ့် ရထားက ညနေ ၃ နာရီလောက်မှ ရောက်လာတတ်တယ်။ အဲဒီအချိန် ၃ နာရီလောက် အားနေတဲ့ကာလမှ PDF ဖိုင်နဲ့ အင်တာနက်ကနေ Download ချထားတဲ့ မေးခွန်းတွေကို ဖုန်းကနေ ထိုင်ဖတ်နေလို့ရတယ်။ ရထားလာရင်လည်း နားကြပ်နဲ့ဆက်ပြီး နားထောင်နေလို့ရတယ်။ ကျွန်တော့်ဆီမှာ အသံထွက် ဖတ်ပြနိုင်တဲ့ ဆော့ဖ်ဝဲလည်း ရှိတယ်။ အလုပ် ဘယ်လောက်ပဲ ပင်ပန်းသည်ဖြစ်စေ တစ်ဘက်က နည်းပညာက ရှိနေတော့ အဆင်ပြေနေတာပေါ့”ဟု သူက ရှင်းပြသည်။

ဆရီနက်တွင် သမီးလေးတစ်ယောက်ရှိသည်။ သူက သူ့ဘဝအကြောင်းကို ရှင်းပြသည်။

“ကျွန်တော် ဘူတာရုံက တရားဝင်အလုပ် သမားတစ်ယောက်ပါ။ ကျွန်တော် အစိုးရဝန်ထမ်း စာမေးပွဲကိုဖြေမယ်။ အောင်သွားရင် ကျွန်တော့်အပေါ်မှာ ငါးနှစ်လောက်ပိနေတဲ့ ဝန်ထုပ်ဝန်ပိုကြီး ပြုတ်ကျသွားမှာပဲ။ စာမေးပွဲအောင်ရင်တော့ သူနဲ့ ထိုက်တန်တဲ့ နေရာတစ်နေရာကို ရမယ်ထင်ပါတယ်။ ဒါမှလည်း ကျွန်တော့် မိသားစုကို ဂုဏ်ရှိစွာနဲ့ ထောက်ပံ့နိုင်မှာပါ”

သူ့မိတ်ဆွေ ဘဝတူ သူငယ်ချင်းတွေကလည်း

“ကျွန်တော်တို့ ကူလီထမ်းလို့ ရတယ်ဆိုတဲ့ ငွေကြေးက မစို့မပို့လေးပါ။ ကျွန်တော်တို့ ဘဝတူ လုပ်သားတွေထဲမှာ ဆင်းရဲစွာ ရုန်းကန်ရပြီး ဒီလိုပဲ နေထိုင်သွားကြရတာပါ။ ဆရီနက်ကတော့ ကျွန်တော်တို့ အားလုံးအတွက် မျှော်လင့်ချက်ဖြစ်ပါတယ်”ဟု ဝမ်းသာအားရဆိုကြသည်။

အိန္ဒိယနိုင်ငံတွင် 4IR (The Fourth Industrial Revolution) ဟုခေါ်သည့် စတုတ္ထ စက်မှုခေတ်ပြောင်း တော်လှန်ရေးတစ်ခုကို ဆောင်ရွက်ရန် နိုင်ငံတော် ဝန်ကြီးချုပ်ကိုယ်တိုင်ဦးဆောင်ပြီး လှုပ်ရှားလျက်ရှိသည်။ ထိုတော်လှန်ရေး အောင်မြင်စေရန် သူတို့ ဘာတွေ လှုပ်ရှားနေကြသနည်း။ နည်းပညာဖြင့် ဘဝတွေကိုပြောင်းလဲနိုင်ရန် လုပ်ဆောင်နေသည်။ နည်းပညာ အထောက်အပံ့များဖြင့် ဒစ်ဂျစ်တယ် တော်လှန်းတစ်ခုကို တောရော မြို့ပါမကျန် ပြုပြင်ပြောင်းလဲနိုင်ရန် ကြိုးစားနေသည်။ မိမိတို့လူ့ဘောင်တွင် လူ့စွမ်းအားရင်းမြစ်တွေ အလွန် ပေါများသည်။ သို့သော် ပညာတတ်တွေ နည်းနေသေးသည်။ ပညာတတ်တွေ ပေါများလာစေရန်မှာ နည်းပညာကို အားလုံးလက်ထဲအရောက် ထည့်ပေးလိုက်သည့်နည်းကလွဲပြီး အခြားမရှိဟု ခေါင်းဆောင်တွေက လက်ခံထားကြသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပိုပြီးတိုးတက်ထွန်းကား လာရန်မှာ ကွန်ပျူတာနည်းပညာကို အထောက်အပံ့အဖြစ် ကျားကန်ပေးနိုင်ရမည်။ ဆက်သွယ်ရေးစနစ် ကောင်းမွန်ရမည်။ အင်တာနက်ဆိုသည်ကို သုံးစွဲနိုင်ရမည်၊ သုံးစွဲတတ်ရမည်။ ထို့ပြင် ကမ္ဘာက အလေးထားနေသည့် AI (Artificial Intelligence) လမ်းစဉ်ကို လိုက်ရမည်။ AI နှင့် အသင့်ဖြစ်နေအောင် လူ့ဘောင်ကို ပြင်ဆင်ထားရမည်။ မကြာသောကာလတွင် စက်တွေက လူတွေနေရာကို အစားထိုးလာတော့မည်။ လူသားတို့၏ အခန်းကဏ္ဍ တိမ်မြုပ်ပြီး အလုပ်တွေ ပြုတ်ကြဦးမည်။ ထိုကိစ္စအတွက် နည်းပညာကို နည်းပညာဖြင့် ပြင်ဆင်ထားရန်မှတစ်ပါး အခြားနည်းမရှိကြောင်း သူတို့ ကောင်းစွာ ရှုမြင်ထားသည်။ သို့ဖြစ်ရာ တိုးတက်နေသည့် နည်းပညာများအကြောင်းကို ပြည်သူတွေ သဘောပေါက်ထားရန်လိုသည်။ ထို့ကြောင့် အင်တာနက်ကို လူတိုင်း၊ နေရာတိုင်း အခမဲ့ သုံးစွဲခွင့်ရရေး အစိုးရက ပထမခြေလှမ်းအနေဖြင့် ဆောင်ရွက်ပေးနေသည်။

အိန္ဒိယနိုင်ငံတွင် ဆင်းရဲသည့်ဦးရေက သန်း ၂၇၀ ခန့်ရှိနေသေးကြောင်း World Bank ကဆိုထားသည်။ လယ်ယာလုပ်ငန်းများတွင်လည်း အလွန်ဆင်းရဲစွာဖြင့် လုပ်ကိုင်စားသောက်နေကြရသည်။ လယ်ယာလုပ်ကိုင် စားနေသူများမှာ လူဦးရေ၏ သုံးပုံတစ်ပုံခန့် ရှိနေသေးသည်။ ထိုသူများအတွက် မျက်စိနှင့် အသိဉာဏ်ဖွင့်ပေးရန် အရေးကြီးနေသည်။ ထို့ကြောင့် ၂၀၁၆ ခုနှစ်ကစတင်ပြီး ဝန်ကြီးချုပ် မိုဒီက Digital India ဆိုသည့်ပရိုဂရမ်ကို စတင် အကောင်အထည် ဖော်ခဲ့သည်။ သူက ကျေးလက်နေပြည်သူများကို ကျွမ်းကျင်သည့် လုပ်သားများဖြစ်အောင် ဆောင်ရွက်ပေးရမည်။ နည်းပညာသာမက ခေတ်မီနည်းစနစ်များဖြင့် လယ်ယာလုပ်ငန်းများကို လုပ်ကိုင် တတ်စေရမည်။ မိုဒီက ကျေးလက်နေဆင်းရဲသည့် ပြည်သူ ၁၅၆ သန်းခန့်ကို ဘဝမြှင့်တင်ရန် ကြိုးစားသည်။ ဤသို့ဖြင့် Digital India ပရိုဂရမ်သည်ပေါ်လာပြီး အင်တာနက်ကို နေရာတိုင်းရအောင် စတင်လုပ်ဆောင်နေခြင်းဖြစ်သည်။

တစ်ချိန်က အင်တာနက်ဆိုသည်မှာ အိန္ဒိယနိုင်ငံတွင် လူချမ်းသာများအတွက် ပစ္စည်းတစ်ခုသာဖြစ်ခဲ့သည်။ ယနေ့ဆိုလျှင် တစ်နိုင်ငံလုံး၌ ဝိုင်ဖိုင်စနစ်များကိုရရှိစေရန် အစိုးရကဦးဆောင်ကာ လုပ်ဆောင်ပေးနေသည်။ သူတို့ခေါင်းဆောင်တွေက အိန္ဒိယကို အိုင်စီတီဖြင့်မြှင့်တင်ပြီး အင်တာနက်ဖြင့် ဘဝကိုဆွဲခေါ်မည်ဟု သတ်မှတ်ထားကြသည်။

၂၀၁၄ ခုနှစ်ကအထိ အိန္ဒိယနိုင်ငံ၏ လူဦးရေ ၁ ဒသမ ၂ ဘီလီယံတွင် ၂၀ ရာခိုင်နှုန်းခန့်သာ အင်တာနက် သုံးစွဲနိုင်ကြသေးသည်။ ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်များတွင် Digital India ဆိုသည့် လှုပ်ရှားမှု ဂယက်က လှိုင်းထလာသည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် တစ်နိုင်ငံလုံး တောရောမြို့ပါ ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများ ရရှိလာစေရန် ကြံဆောင်ကြသည်။ ၂၀၁၈ ခုနှစ်တွင် ရွာပေါင်း ၄၀၀၀၀ ကျော်တွင် မိုဘိုင်းလ် နည်းပညာများ ရောက်ကုန်သည်။ လူတိုင်းနီးပါး ဖုန်းသုံးစွဲနိုင်ရန် ကြံဆောင်ပေးနိုင်ခဲ့သည်။

အိန္ဒိယနိုင်ငံတွင် လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ကျေးလက်တောရွာ ပြည်သူများကအစ မိုဘိုင်းဘဏ်စနစ်ကို အသုံးပြုနိုင်ရန်နှင့် ကလေးပေါင်း ၇၅ သန်းကို အွန်လိုင်းကတစ်ဆင့် ပညာသင်နိုင်ရေးကို ကြိုးပမ်းနေသည်။ ထိုကြားထဲတွင် ဆရီနက်တို့လို ဘဝလွတ်မြောက်လိုသူတွေကလည်း ရသည့်အခွင့်အရေးလေးဖြင့် အခွင့်အလမ်းကို ဖော်ဆောင်နေကြသည်မှာ အိန္ဒိယ၏အနာဂတ်ကို ဖော်ပြနေသလိုဖြစ်သည်။

(Ref: The Logical Indian, India Today, The Better India, World Economic Forum)