News

POST TYPE

EDUCATION

ဆရာများ၏ရင်ဖွင့်သံ (တက္ကသိုလ်ဆရာများအတွက် ကျောင်းဝတ်စုံ)
07-Jun-2018
ပညာရေးဝန်ကြီးဌာနအနေနှင့် အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ၁၃၃ ကျောင်းရှိ သင်ကြားရေးဆရာ၊ ဆရာမများကို ယခုနှစ်မှစတင်ကာ တစ်ဦးလျှင် ကျပ်တစ်သောင်းခန့်တန်ဖိုးရှိ ဝတ်စုံတစ်စုံစီ ထောက်ပံ့ပေးနေသည်။ ထိုကဲ့သို့ ဝတ်စုံထောက်ပံ့ခြင်းအပေါ် ဆရာ၊ ဆရာမများ၏ ဝေဖန်သုံးသပ်ချက်များကို စုစည်း၍ ယခုတစ်ပတ် ဆရာ၊ ဆရာမများ ရင်ဖွင့်သံကဏ္ဍအဖြစ် ဖော်ပြလိုက်ပါသည်။

“တက္ကသိုလ်အချို့မှာ ဆေးခန်းတွေ၊ ဆေးရုံတွေမရှိဘူး”
ဦးကျော်ဝေဖြိုး (လက်ထောက်ကထိက၊ မြန်မာစာဌာန၊ မုံရွာတက္ကသိုလ်)

ကျွန်တော်က မေလ ၃၁ ရက်မှာပဲ အပြောင်းအရွှေ့ ကျတဲ့အတွက် ဌာနက ထောက်ပံ့တဲ့ဝတ်စုံ မရဘူး။ မုံရွာတက္ကသိုလ်မှာ မေလ အစောပိုင်းကတည်းက ပေးတာဖြစ်တဲ့အတွက် ကျန်တဲ့ဆရာတွေက ရပါတယ်။ ဆရာတွေအတွက် ယူနီဖောင်းပုဆိုး ၂ ထည်စီနဲ့ အမျိုးသမီး ဆရာမတွေအတွက်ကိုလည်း ထဘီ ၂ ထည် ထောက်ပံ့တယ်။ အင်္ကျီတော့ မပါပါဘူး။ ကျွန်တော်တို့တက္ကသိုလ်မှာက အပေါ်အင်္ကျီကို ကြိုက်တဲ့ဟာ ဝတ်လို့ရတယ်။ ယူနီဖောင်းတောင် တနင်္လာနဲ့ သောကြာ ၂ ရက်ပဲ ဝတ်ရတာ။ ရန်ကုန်တက္ကသိုလ်မှာလည်း အဲဒီလိုပဲ ၂ ရက်ပဲ ယူနီဖောင်း ဝတ်ရတာ။ စာမေးပွဲတို့ရှိရင်ပဲ ယူနီဖောင်းဝတ်ရတာ။ အဲဒါတောင် ဝတ်ရမယ်လို့ သတ်မှတ်ထားတာမရှိဘူး။ မဝတ်လည်းရတယ် ပြဿနာမရှိဘူး။ တက္ကသိုလ်တွေမှာက အခြေခံတွေလို အဖြူအစိမ်း နေ့စဉ် ဝတ်ရမယ်လို့ မရှိဘူး။ Formal ဖြစ်ရင်ရပြီ။ ဒီတက္ကသိုလ်အဆင့်မှာတော့ ထောက်ပံ့တဲ့ဝတ်စုံက ပြဿနာရှိတယ်လို့ မကြားဘူး။ အခြေခံမှာပဲ ပြဿနာရှိတယ်လို့ ကြားတယ်။ ပညာရေးဝန်ကြီးဌာနအနေနဲ့ လုံးဝ မထောက်ပံ့တာထက်စာရင် ဒါထောက်ပံ့တာက ကောင်းတယ်လို့ ပြောလို့ရတယ်။ ကြိုဆိုတယ်လို့လည်း ပြောရမယ်။ ဒါပေမဲ့တစ်ခုရှိတာက ဒီဝတ်စုံထောက်ပံ့တာထက် တခြား ကျန်းမာရေးထောက်ပံ့တာတို့ နေရေးထိုင်ရေး အဆင်ပြေအောင် ထောက်ပံ့တာတို့က ပိုကောင်းမယ်ထင်တယ်ဗျ။ ဒီဝတ်စုံက အကျိုးရှိသလားဆိုတော့ ရှိတယ်လို့ပြောလို့ရပေမယ့် ကြီးမားတဲ့အကျိုးရလဒ်တော့မရှိဘူး။ ဒီတက္ကသိုလ်အဆင့်မှာဆို အဲဒီဝတ်စုံပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ အကုန်လုံးက အဆင်ပြေနေကြတာပဲ။ ထူးခြားပြီး အဆင်ပြေသွားတာမျိုး မရှိဘူး။ ပညာရေးဝန်ကြီးဌာနက ငါတို့ကို ထောက်ပံ့တယ်ဆိုတဲ့ အသိလေးပဲ ဝမ်းသာပြီး ပီတိဖြစ်မိတာလောက် ရှိမယ်ထင်တယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ထူးထူးခြားခြား အကျိုးရလာတာမျိုး မရှိဘူး။ တက္ကသိုလ်တော်တော်များများမှာက ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ နေရာထိုင်ခင်းတွေ၊ နောက်ပြီး ဝန်ထမ်း စည်းမျဉ်း စည်းကမ်းနဲ့ပတ်သက်တဲ့ ဥပဒေတွေက တချို့နေရာတွေမှာ ရှေးကျနေတယ်။ အဲဒါတွေပြင်ဆင် တာက ပိုပြီးကောင်းမယ်လို့ထင်တယ်။ ခု ကျွန်တော်တို့ ပြောနေတဲ့အချက်တွေက တက္ကသိုလ်အချို့မှာ ဆေးခန်း တွေ ဆေးရုံတွေမရှိဘူး။ ဆေးခန်းရှိရင် မဆိုးသေးဘူး။ တော်တော်များများပြောနေကြတာက ဆေးခန်းမရှိ ဘူး။ ဆေးခန်းရှိရင်တောင် ဆရာဝန် လာမထိုင်ဘူး။ ဆရာဝန်မဟုတ်ရင်လည်း သူနာပြုအဆင့်လောက် လာထိုင်တဲ့ဆေးခန်းတွေ ရှိစေချင်တယ်။ တက္ကသိုလ် တွေက ကျန်းမာရေးတစ်ခုခုဖြစ်ရင် မြို့ထဲကိုပဲသွားရတယ်။ အချိန်မတော်တို့ ဘာတို့ဆိုရင် အဲဒါတွေက အခက်အခဲရှိတာပေါ့။ အဲဒါမျိုးတွေ ထောက်ပံ့တာမျိုး ဆို ပိုပြီးကောင်းမယ်ခင်ဗျ။ ဝတ်စုံထောက်ပံ့တာက အကျိုးမရှိဘူးတော့ မဟုတ်ပေမယ့် ကြီးကြီးမားမား အကျိုးရလဒ်မရှိတာပေါ့။ အခြေခံမှာက ကလေးတွေ ကို ဝတ်စုံထောက်ပံ့တာနဲ့တော့ မတူဘူး။ ကလေးတွေ ထောက်ပံ့တာက အကျိုးရှိတယ်။ ကလေးတချို့ ဝတ်စရာတောင် မရှိတာမျိုးရှိတယ်။ ဝယ်လည်းမဝယ်နိုင်ဘူး။ အဲဒါကြောင့် နိုင်ငံတော်ကို ထောက်ပံ့တဲ့ဝတ်စုံက အကျိုးရလဒ်ရှိတယ်လို့ ပြောလို့ရတယ်။ ဝန်ထမ်းတွေအတွက်တော့ ဝတ်စုံထောက်ပံ့တာထက် ဒီထက်ပိုပြီး ထောက်ပံ့သင့်တာပါ။ ဝတ်စုံထောက်ပံ့တာတင် မဟုတ်ဘဲ ပညာရေးဘတ်ဂျက်တွေ တိုးလာတဲ့အခါမှာ လိုအပ်ချက်အားလုံးကို တဖြည်းဖြည်းချင်း ဖြည့်ဆည်းပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဝတ်စုံထောက်ပံ့တာက ပထမခြေလှမ်းလို့ ပြောလို့ရတဲ့အတွက် ဒါကိုလည်းကြိုဆိုပါတယ်။

“ထောက်ပံ့မယ်ဆိုတာက ဆိုရှယ်မီဒီယာမှာပဲ ကြားသေးတာ”
ဒေါ်ပန်းအိဖြူအောင် (လက်ထောက်ကထိက၊ ဘိုကလေး ပညာရေးကောလိပ်)

ကျွန်မတို့ကိုလည်း ဝတ်စုံထောက်ပံ့မယ်လို့ ကြားထားတယ်။ ဒါပေမဲ့ ခုချိန်ထိ တရားဝင်စာလည်း မထွက်သေးဘူး။ ဝတ်စုံလည်း မရောက်သေးဘူး။ ကျွန်မတို့ က ပုံမှန်အတိုင်း ဖြူအစိမ်းယူနီဖောင်းပဲ ဝတ်နေတာပါ။ ထောက်ပံ့မယ်ဆိုတာက ဆိုရှယ်မီဒီယာမှာပဲ ကြားသေးတာ။ ကျွန်မတို့ဆီကို တရားဝင် စာရောက်မလာသေးဘူး။ နောက်လက်မှတ်တွေ ဘာတွေထိုးရတာမျိုး မရှိသေးဘူး။ ဝတ်စုံက ပေးချင်မှလည်းပေးမယ်။ အတည်ယူလို့ မရသေးဘူးလို့ ထင်တယ်။ ကျွန်မ ထင်တာကတော့ ဝတ်စုံထောက်ပံ့တာက ဒီတိုင်းရတာဆိုတော့ အကျိုးရှိတာပေါ့။ ဒါပေမဲ့ ကျွန်မမြင်တာက ဝတ်စုံအတွက် ကုန်ကျစရိတ်တွေက ပညာရေး အသုံးစရိတ်ထဲကပဲ ယူသုံးမှာဆိုတော့ တစ်ယောက်ကို တစ်သောင်းဆိုရင်လည်း ပညာရေးဝန်ထမ်းပေါင်း ၂ သိန်းလောက်ရှိတဲ့အခါကျတော့ အဆင့်မြင့်ပညာအောက်က ဆရာ၊ ဆရာမတစ်ဦးကို တစ်သောင်းနှုန်းတွက်လိုက်ရင်လည်း ဒီအသုံးစရိတ်က မနည်းတဲ့ငွေကြေး ဖြစ်တယ်။ အဲဒီဝတ်စုံက ကျွန်မတို့ ဆရာမတွေဆီ ရောက်လာတဲ့အခါ ဝတ်တဲ့သူကဝတ်မယ်။ မဝတ်တဲ့သူလည်း ရှိချင်ရှိမယ်။ နည်းနည်းပါးပါးတော့ အကျိုးရှိမှာပေါ့။ ဒါပေမဲ့ အဲဒီနေရာမှာ သုံးမယ့်အစား အခြားနေရာတွေမှာ ပိုသုံးဖို့နေရာတွေ အများကြီး ရှိသေးသလားပေါ့။ ရုပ်ပိုင်းဆိုင်ရာဘက်ကို သုံးချင်တာလား။ ပြောချင်တာက အဝတ်အစားတို့ ကင်တင်းတို့မှာ သုံးချင်တာလား။ အဲလိုမဟုတ်ဘဲ အခြားနေရာတွေမှာ သုံးလို့ရတယ်။ ကျွန်မတို့ပညာရေးမှာဆိုရင် အခြေခံပညာကို သွားရတာဖြစ်တဲ့အတွက် အဆင့်မြင့်ပညာက မွေးထုတ်လိုက်တဲ့လူတွေ အခြေခံပညာမှာရော အဆင်ပြေရဲ့လားတို့ အဲဒါမျိုးကိုပြန်ပြီး Research တွေမှာ အသုံးပြုရင် ပိုထိရောက်မယ်လို့ ထင်တာပေါ့။ ဥပမာပြောရရင် ကျွန်မတို့ဆီမှာ PPTT သင်တန်းရှိတယ်။ B.Ed လေးနှစ်သင်တန်းရှိတယ်။ မစယ သင်တန်းတွေရှိတယ်။ အဲလိုမျိုး သင်တန်းတွေက မွေးထုတ်လိုက်တာတွေရှိတယ်။ အခြေခံပညာကိုရောက်တဲ့အခါ အဆင်ပြေမှုရှိရဲ့လား။ သင်ကြားရေးမှာ ကလေးကို တကယ့်ကို ပညာအစုံပေးနိုင်ရဲ့လား။ အကျိုးရှိရဲ့လား။ အဲဒါမျိုးကို ပြန်ပြီး Research လုပ်ရမှာ။ အကယ်၍များ ပညာအစုံမပေးနိုင်ဘူးဆိုရင် အဲဒါကို ဘယ်လိုပြန်လုပ်ရမလဲ။ ဘယ်လိုဖောလိုးအပ်လုပ်ရမလဲ။ ဒါမှမဟုတ်ရင် အဲဒါထက် သင်ရိုးတွေကို ဘယ်လိုသွားမှာလဲ။ အဲဒါမျိုးတွေကို စစ်စစ်ပေါက်ပေါက် Research လုပ်ရမှာ ပိုအရေးကြီးလာပြီ။ ကျွန်မအထင်ပေါ့။ ဒီအဝတ်အစားပေးတာက အရေးမကြီးဘူးလားလို့ ထင်တာပေါ့။ အဲဒါမျိုး သုတေသန လုပ်တဲ့နေရာမှာ တကယ် အသုံးချသင့်တာ။ ပိုက်ဆံတစ်သောင်းပေးပြီး ကျွန်မတို့ အဝတ်အစားလှလှဝတ်တာ မဝတ်တာက ကလေးကို ပညာသင်ကြားခြင်းပေါ်မှာ ဒီလောက်ကြီး ထိရောက်မှု မရှိဘူး။ ထဘီအသစ်ဝတ်ရမှ စာသင်ကောင်းတဲ့ ဆရာမမျိုးတွေလည်း မဟုတ်ကြတဲ့အခါကျတော့ အဲဒါတွေက ကျွန်မတို့အတွက် အဲဒီလောက် အကျိုးသက်ရောက်မှု မရှိဘူး။ ဒါပေမဲ့ ကျွန်မတို့ သင်လိုက်တဲ့ကလေးတွေ ပညာရေးမှာ ဘယ်လောက် ယိုယွင်းနေပြီးလဲ၊ အခြေခံပညာမှာလည်း Research လုပ်ဖို့က ပိုအရေးကြီးတယ်။ ပညာရေး အသုံးစရိတ်က သုံးရမယ့်နေရာတွေ ရှိတယ်ပေါ့။ ဘာလို့မသုံးသလဲဆိုတော့ မသိဘူး။ ဒါပေမဲ့ တကယ့် တကယ်က မသုံးထားဘူး။ အဲလိုဖြစ်နေတယ်။ တကယ်လို့ သူတို့ ထောက်ပံ့မယ်ဆိုရင်လည်း အရင်ဆုံး ပလန်ချပြီး ဘယ်လိုဝတ်စုံထောက်ပံ့ချင်တာလဲဆိုတာ လုပ်ရမယ်။ အင်္ကျီက ဘယ်လိုအသား ထောက်ပံ့မှာလဲ။ တစ်နိုင်ငံလုံးစာ ညီဖို့လိုအပ်တယ်။ ဖြစ်နေတာက တစ်ယောက်နဲ့တစ်ယောက် မယုံကြည်ရတဲ့အပိုင်းတွေ ရှိလာတယ်။ ဒီမြို့နယ်မှာ အသားကောင်းကောင်းရပြီး အခြားမြို့နယ်မှာ အသားမကောင်းတာ ရတာမျိုး အဲလိုပြဿနာတွေ ဖြစ်နိုင်တယ်။ နောက်တစ်ခုက ပိုက်ဆံပေးလိုက်ပြန်တော့ ဖြစ်စေချင်တာက အစိုးရရဲ့စေတနာက အားလုံးကို ဝတ်စုံသပ်သပ်ရပ်ရပ်နဲ့ ဖြစ်စေချင်တာ နားလည်တယ်။ ပိုက်ဆံပေးလိုက်တဲ့အခါ အစိုးရဖြစ်စေချင်သလို တကယ် ဝတ်မှာလားပေါ့။ ဖြစ်စေချင်တာကတော့ ဝတ်စုံပေးမယ်ဆိုရင် Plan A, Plan B ထားပေါ့။ Plan A ကတော့ စက်ရုံတစ်ခုတည်းကထုတ်တဲ့ အသားကောင်းကောင်းမျိုးကို ကျောင်းတစ်ကျောင်းချင်းစီက ဘယ်လောက်ကုန်ကျမယ်ဆိုတာကို တင်ပြရမယ်။ အဲဒါမျိုး လုပ်လို့ရတယ်။ ဒါမျိုးက တရုတ်မှာလည်း လုပ်နေတာပဲ။ ညီတူဝတ်စုံ ဝတ်ခိုင်းတာမျိုး။ ဖိနပ်က အစပေါ့။ အဲဒါကထားပါ့။ နောက်တစ်မျိုးက အကြီးအကဲကို ပိုက်ဆံပေးလိုက်ပြီး အဲဒီပိုက်ဆံနဲ့ ဘယ်လို အသားမျိုးဝယ်မယ်။ ပြီးရင် ဝယ်လား မဝယ်လား စစ်သင့်တယ်။ မဟုတ်ရင် အဲဒီ ပိုက်ဆံက မဝယ်ဖြစ်တာမျိုး။ နောက်ကလေးအတွက် ဝတ်စုံပေးလိုက်ရင် မိဘက ရောင်းစားပစ်တာမျိုး။ အဆင့်မြင့်မှာက ပြဿနာမရှိနိုင်ပေမယ့် အခြေခံမှာက အဲလိုပြဿနာတွေ ရှိနိုင်တယ်။ ဒါကြောင့် Plan A, Plan B ချပြီးလုပ်ရင်အဆင်ပြေနိုင်ပါတယ်။

“ကျွန်တော်တို့ဌာနတွေဆီ မရောက်သေးတာပဲရှိတာပါ”
ဦးမင်းဇင် (လက်ထောက်ကထိက၊ မြန်မာစာဌာန၊ ဒဂုံတက္ကသိုလ်)

ဝတ်စုံထောက်ပံ့တာက ဟိုတုန်းကတော့ အဆင့်မြင့်က ဆရာ၊ ဆရာမတွေက ယူနီဖောင်း မရှိဘူး။ နောက်ပိုင်း တပ်မတော် အစိုးရလက်ထက်မှာ ယူနီဖောင်းတွေ သတ်မှတ်တယ်။ အရောင်တွေ သတ်မှတ်ပြီးတော့ ဝတ်ခိုင်းတယ်။ တနင်္လာနဲ့ သောကြာ ၂ ရက် ယူနီဖောင်း ဝတ်ရမယ်လို့ သတ်မှတ်ထားတာပေါ့။ သတ်မှတ်ထားပြီးတော့ ယူနီဖောင်းကို အစိုးရက ထောက်ပံ့တယ်ဆိုတာထက် တက္ကသိုလ်တစ်ခုချင်းအလိုက် တက္ကသိုလ် ထူထောင်တဲ့ နှစ်ပတ်လည်နေ့လိုမျိုးမှာ ဆရာ၊ ဆရာမတွေကို ဝတ်စုံတစ်စုံစီ ပေးတာမျိုးတွေရှိခဲ့တယ်။ DET (ပညာရေးဝန်ထမ်းများ သက်သာချောင်ချိရေးအဖွဲ့)က ရတဲ့အမြတ်ငွေနဲ့ ဝတ်စုံပေးတာမျိုးပေါ့။ ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ရန်ပုံငွေနဲ့ ဝတ်စုံပေးတာမျိုးပေါ့။ ခုမှ အစိုးရက ဝတ်စုံပေးမယ်။ ဝတ်ကြပါပေါ့။ အဲတော့ ယူနီဖောင်း ဝတ်ရမယ်လို့ သတ်မှတ်ထားတော့ ဝတ်စုံပေးတာ ဝမ်းသာစရာပေါ့။ ကျွန်တော့်လုပ်သက် ၉ နှစ် ၁၀ နှစ်မှာ အစိုးရက ဝတ်စုံပေးတာမျိုးတော့ မကြားဖူးဘူး။ အဲလို အဆင့်မြင့်ပညာကဏ္ဍမှာ ယူနီဖောင်းဝတ်ရမယ်လို့သတ်မှတ်တာ နိုင်ငံတကာမှာရော ရှိလားပေါ့။ အဲဒါတစ်ချက်တော့ မသိဘူးပေါ့။ နောက်တစ်ခုက အားလုံးခြုံပြောရရင် ယူနီဖောင်း ဝတ်ခိုင်းတာက ၂ ရက်ပဲဖြစ်တယ်။ ဝတ်လည်း ဝတ်ခဲ့ကြတယ်။ ဒါကြောင့် ခုလိုထောက်ပံ့ပေးတာက ကောင်းတယ်ပေါ့။ နိုင်ငံတကာ တက္ကသိုလ်တွေမှာ ခုလိုဝတ်စုံဝတ်တယ်ဆိုတာ မကြားဖူးဘူးပေါ့။ အဲဒါပြောစရာရှိတယ်။ ဝတ်စုံပေးတယ်။ ဒါကတော့ ကြိုဆိုစရာပေါ့။ ဒါပေမဲ့ ဝတ်စုံထောက်ပံ့တဲ့အတွက် ဘယ်လောက် ကုန်ကျသွားတယ်။ နောက်ဝတ်စုံကိုရော ဘယ်လို စီမံခန့်ခွဲလဲ။ အရည်အသွေးတွေရော ဘယ်လိုစစ်ဆေးလဲ။ ဒါတွေကိုတော့ ဘာမှမသိရဘူး။ အဲဒါကို ပွင့်လင်းမြင်သာအောင်လုပ် ပြီးတော့မှ အရည်အသွေး ကောင်းတာမျိုး ထောက်ပံ့တယ်။ သုံးစွဲတဲ့ဘတ်ဂျက်ကလည်း အလွန်အကျွံ ဈေးမများဘူးဆိုရင် အဆင်ပြေတာပေါ့။ ကျွန်တော်တို့ အပြင်မှာ ဝယ်ဝတ်ရင် ပုဆိုးတစ်ထည်ကို ၄ ထောင်၊ ၄၅၀၀ ဆို တစ်ထည်ရတာပေါ့။ ခုလိုပေးလို့ ဘယ်လောက် ကုန်ကျသွားလဲဆိုတော့ မသိရသေးဘူး။ အဲဒါတွေကို စီမံကြပ်မတ်ပြီးလုပ်ရင် ကောင်းတယ်ပေါ့။ ဒီတိုင်းကြီး ပွင့်လင်းမြင်သာမှုမရှိတော့ မကောင်းဘူးပေါ့။ ဝတ်စုံကတော့ ညွှန်ကြားချက် ထုတ်ပြန်ပြီးပြီဆိုတော့ ရမယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ဌာနတွေဆီ မရောက်သေးတာပဲရှိတာပါ။ ဝတ်စုံကိစ္စက သေးသေးလေးဆိုပေမယ့် ငွေရေးကြေးရေးတွေမှာ အများမြင်သာအောင် ပွင့်လင်းမှုရှိအောင် လူအများပါဝင်အောင် လုပ်မယ်ဆိုရင် ကောင်းမယ်ပေါ့။ ခုက အများ ပါဝင်ဆောင်ရွက်ခြင်းမရှိဘဲ အထက်ကချပေးတဲ့အတိုင်း ဆိုတော့ အရည်အသွေး မကောင်းတာတို့ ပြဿနာတွေ ရှိနိုင်တာပေါ့။

မြဇာခြည်သင်း