News

POST TYPE

EDUCATION

တိုက်ရိုက်လျှောက်နိုင်မည့် တက္ကသိုလ်အများစု လူတွေ့စစ်မည်မဟုတ်
07-Jun-2018
ရန်ကုန်၊ ဇွန် ၆

ရန်ကုန်နှင့်မန္တလေးရှိ တက္ကသိုလ် ၁၁ ခုကို တိုက်ရိုက်လျှောက်ခွင့်ပြုလိုက်သော်လည်း ယင်းအနက် တက္ကသိုလ် ၉ ခု မှာဝင်ခွင့်အတွက် ရေးဖြေစစ်ဆေးမှုအပြင် လူတွေ့စစ်ဆေးမှုပါပြုလုပ်မည်မဟုတ်ဘဲ တက္ကသိုလ်ဝင်စာမေးပွဲရမှတ်ဖြင့်သာ ရွေးချယ်ကြမည်ဖြစ်သည်။

သက်တမ်းအရင့်ဆုံး ရန်ကုန်တက္ကသိုလ်နှင့် နိုင်ငံခြားဘာသာတက္ကသိုလ် (ရန်ကုန်) ကသာ ဆယ်တန်းအမှတ်ကို အခြေခံပြီးလျှောက်လွှာခေါ်ယူမည့်အပြင် လူတွေ့စစ်ဆေးမည်ဖြစ်သည်။ ကျန်တက္ကသိုလ်များကမူ လူတွေ့စစ်ဆေးမည်မဟုတ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနထံမှ သိရှိရသည်။

နိုင်ငံခြားဘာသာ တက္ကသိုလ် (ရန်ကုန်) အနေနှင့် ဝင်ခွင့်အတွက် ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများကို တိုက်ရိုက်ခေါ်ယူမည်ဖြစ်ပြီး အနိမ့်ဆုံးရမှတ် ၄၀၀ သတ်မှတ်ထားသည်။ တက္ကသိုလ်ဝင်ခွင့်အတွက် ရေးဖြေရှိမည်မဟုတ်ဘဲ လူတွေ့စစ်ဆေးမှုသာရှိမည်ဖြစ်ကြောင်း ယင်းတက္ကသိုလ်ထံမှ သိရှိရသည်။

ယခုနှစ်တွင် ရန်ကုန်မှ ရန်ကုန်တက္ကသိုလ်၊ နိုင်ငံခြားဘာသာတက္ကသိုလ် (ရန်ကုန်)၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်တို့ကို တိုက်ရိုက်လျှောက်ခွင့်ပြုမည်ဖြစ်သည်။

ထို့ပြင် မန္တလေးတွင် မန္တလေးတက္ကသိုလ်၊ မန္တလေးနည်းပညာ တက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (မန္တလေး)၊ မန္တလေးကွန်ပျူတာတက္ကသိုလ်၊ နိုင်ငံခြားဘာသာတက္ကသိုလ် (မန္တလေး) တို့ကိုလည်း တက္ကသိုလ်ဝင်ခွင့်အတွက် တိုက်ရိုက်လျှောက်ထားခွင့်ပြုမည်ဖြစ်သည်။

အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက “အသေးစိတ်အချက်အလက်တွေကို ကျောင်းတွေက တင်ပါလိမ့်မယ်။ ကျွန်တော်တို့ဆီကို အကြမ်းဖျင်းတော့ရောက်နေပြီ။ ဆယ်တန်းအမှတ်ကိုပဲ အခြေခံမှာ”ဟု ဇွန်လ ၆ ရက်နံနက်ပိုင်းတွင် ပြောကြားသည်။

ကျောင်းသားများသည် တိုက်ရိုက်လျှောက်ထားခွင့်ရမည့် တက္ကသိုလ်များ၏ ဝင်ခွင့်သတ်မှတ်ချက်များနှင့် ကိုက်ညီပါက တစ်ခုထက်ပို၍ လျှောက်ထားနိုင်မည်။ စာမေးပွဲအောင်သည့် ကျောင်းသားတစ်ဦးချင်းစီအတွက် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်များကို ယခုလအတွင်း ထုတ်ပေးနိုင်ရန် အဆင့်မြင့်ပညာဦးစီးဌာနက စီစဉ်နေသည်။

စမ်းချောင်းမြို့နယ်မှ တက္ကသိုလ်ဝင် စာမေးပွဲအောင်ထားသော ကျောင်းသူတစ်ဦးက “အမှတ်ပေါင်းက ၄၈၁ ရတယ်။ ညီမက ကွန်ပျူတာသိပ္ပံ Computer Science  တက်မယ်။ သတင်းအချက်အလက်နည်း ပညာတက္ကသိုလ်မှာပေါ့။ ဝါသနာပါလို့ တက်မှာပါ။ UIT က ဆယ်တန်းအမှတ်နဲ့ ခေါ်မယ်လို့ကြားတယ်”ဟု ပြောကြားသည်။

လှိုင်တက္ကသိုလ်နယ်မြေရှိ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၏ ယခုနှစ်ကျောင်းဝင်ခွင့်ကို တက္ကသိုလ်ဝင်စာမေးပွဲ (ဆယ်တန်း) ရမှတ်ဖြင့်သာ ရွေးချယ်မည်ဖြစ်ကြောင်း ယင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစောစန္ဒာအေးက The Voice သို့ ပြောကြားထားသည်။

သတင်းအချက်အလက် နည်းပညာတက္ကသိုလ်ဝင်ခွင့်ကို ယခင်နှစ်ကဲ့သို့ ဆယ်တန်းစာမေးပွဲရမှတ် ၄၅၀ နှင့်အထက်ရရှိသူများ တိုက်ရိုက်လျှောက်ထားနိုင်မည်။ လျှောက်ထားသည့်ကျောင်းသား၊ ကျောင်းသူများအနက်မှ အမှတ်အများဆုံး ၂၀၀ ဦးကို ရွေးချယ်ကာ တက်ခွင့်ပြုမည်ဖြစ်သည်။

တက္ကသိုလ်ဝင်ခွင့်ရသူများ စာရင်းထုတ်ပြန်ပေးမည်ဖြစ်ပြီး အရန်ဝင်ခွင့်ရသူများစာရင်းကိုလည်း တစ်ခါတည်း ထုတ်ပြန်မည်။ ဝင်ခွင့်ရသူများအနေနှင့် သီတင်းတစ်ပတ်အတွင်း ကျောင်းမအပ်လျှင် အရန်ဝင်ခွင့်ရသူများကို အစားထိုးတက်ခွင့်ပြုမည်ဖြစ်ကြောင်း အဆိုပါတက္ကသိုလ်ထံမှ သိရှိရသည်။

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်သူ ၂၅၉,၀၀၀ ဦးကျော်ရှိသဖြင့် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ် ၂၆၀,၀၀၀ ထုတ်မည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ ဒေါက်တာသိန်းဝင်းက ပြောကြားသည်။

J-19


  • VIA