News

POST TYPE

EDUCATION

ပညာရေးစနစ်ပြောင်းလဲရန် အနည်းဆုံး ၁၀ နှစ်လိုဟုဆို
03-Jun-2018 tagged as ပညာရေး

တောင်ငူ၊ ဇွန် ၂

ပညာရေးစနစ် အမျိုးမျိုးပြောင်းလဲနေသည့် အကြောင်းရင်းကို ချဉ်းကပ်လေ့လာမှုများ ပြုလုပ်ခဲ့ရာတွင် ပညာရေးစနစ် တစ်ခုပြောင်းလဲစေရန် အနည်းဆုံး ၁၀ နှစ် ခန့်လိုအပ်ကြောင်း တောင်ငူမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်းက ပြောကြားသည်။

ဇွန်လ ၂ ရက်နေ့က တောင်ငူမြို့နယ် မြစည်းခုံ သာသနာ့ဗိမာန်ခန်းမတွင် မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ၊ ဆရာမများအဖွဲ့ချုပ် (MTF) မှ တောင်ငူမြို့နယ်လုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ကို ဖွဲ့စည်းခဲ့သည့် အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဘယ်လိုပြောင်းနေလဲ။ ဘယ်လိုတွေ ပြောင်းနေလဲဆိုတာ ကျွန်တော်တို့ ဆွေးနွေးချဉ်းကပ် နေရပါတယ်။ ဒီကြားထဲမှာ အဓိကပင်ပန်းမှာက ဆရာ၊ ဆရာမတွေပဲဖြစ်ပါတယ်”ဟု ၎င်းက ပြောဆိုသည်။

မြန်မာ့ပညာရေးသည် ခေတ်အဆက်ဆက် အုပ်ချုပ်သူအစိုးရများ၏ အစမ်းသပ်ခံ ပညာရေးအဆင့်၌သာ ရှိနေသေးပြီး ပညာရေးပြုပြင်ပြောင်းလဲမှုသည် ရေရှည်စီမံကိန်းတစ်ခုအဖြစ် တိတိကျကျသတ်မှတ် ပြောင်းလဲဖော်ဆောင်သင့်ကြောင်း ဘာသာရပ်သင်ဆရာအချို့က မှတ်ချက်ပြုပြောကြားသည်။

အခြေခံပညာနှင့် အဆင့်မြင့်ပညာ ပြုပြင်ပြောင်းလဲရေးအတွက် ပညာရေးဥပဒေများ အသက်ဝင်ရန်လိုအပ်ပြီး အကျိုးရလဒ်ကို မျှော်လင့်ပါက အမြန်ဆုံး ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း ပညာရေးပြုပြင်ပြောင်းလဲရေး၌ ပါဝင်လှုပ်ရှားခဲ့သူကို ဦးဇေယျာလွင်က ပြောကြားသည်။

ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ အခြေခံပညာမူလတန်းအလယ်တန်းနှင့် အထက်တန်းအဆင့် သင်ရိုးညွန်းတမ်းများကို ၂၀၁၆ ခုနှစ် ဧပြီလမှစတင်ပြီး အတန်းအလိုက် နိုင်ငံတကာ အကူညီများနှင့် ပြင်ဆင်ရေးဆွဲနေကြောင်း ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ အခြေခံပညာဦးစီးဌာနထံမှ သိရသည်။  

R-15