News

POST TYPE

EDUCATION

တက္ကသိုလ်ဝင်တန်းအောင် ဂုဏ်ထူးရှင် အကျဉ်းသားများ၏ ပြစ်ဒဏ်လျှော့ပေးနိုင်ရန် အစိုးရထံ တင်ပြမည်
02-Jun-2018


ရန်ကုန်၊ ဇွန် ၂

တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များမှ တက္ကသိုလ်ဝင်တန်းအောင် ဂုဏ်ထူးရှင် အကျဉ်းသားများအတွက် ပြစ်ဒဏ်လျှော့ပေးနိုင်ရန် အစိုးရထံ တင်ပြပေးမည်ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးမင်းထွန်းစိုးက ပြောကြားသည်။

“ထူးချွန်သူတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဘက်ကတော့ ဝန်ကြီးဌာနကတစ်ဆင့် အစိုးရအဖွဲ့ဆီ တင်ပြပေးမယ်။ လုပ်ပိုင်ခွင့်ကတော့ ကျွန်တော်တို့ဆီမှာ မရှိဘူးလေ။ မနှစ်ကတော့ ဒီလိုတင်ပြပေးခဲ့လို့ ပြစ်ဒဏ်လျှော့ပေါ့တာတွေ ရှိခဲ့တယ်”ဟု ၎င်းကဆိုသည်။

တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များ မှ တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ ၁၀၄ ဦး ရှိပြီး အောင်မြင်သူ ၄၇ ဦးအနက် ဂုဏ်ထူးရသူ ၂၈ ဦးရှိကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ဂုဏ်ထူးရရှိသူများတွင် သုံးဘာသာ ဂုဏ်ထူးရသူ ငါးဦး၊ နှစ်ဘာသာဂုဏ်ထူးရသူ ငါးဦးနှင့် တစ်ဘာသာဂုဏ်ထူးရသူ ၁၈ ဦး ရှိသည်။

“ဒီလိုမျိုး ထူးချွန်တဲ့ကလေးတွေအတွက် အစိုးရအနေနဲ့ တစ်စုံတစ်ခုတော့ စဉ်းစားပေးသင့်တယ်။ နောက်ဆုံး လုံးဝ လွှတ်လို့မရတဲ့ အနေထားဆိုရင်တောင် အကျဉ်းထောင်ထဲကနေ တက္ကသိုလ် ပညာရေး ဆက်တက်နိုင်ဖို့ တစ်ခုခုဖန်တီးပေးသင့်တယ်။ ဒါမှပဲ ထောင်ထဲက တခြားကလေးတွေ ပညာဘက်မှာ စိတ်ဝင်စားလာမယ်။ ဒါကလည်း ရာဇဝတ်မှုလျှော့ချရေးအတွက် အထောက်အကူပြုပါ”ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP မှ ကိုအောင်မျိုးကျော်က ရှင်းပြသည်။

၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် အကျဉ်းထောင်များမှ စုစုပေါင်း ၁၀၄ ဦးဖြေဆိုခဲ့ကာ အောင်မြင်သူ ၄၇ ဦး ရာခိုင်နှုန်းအားဖြင့် ၄၅ ဒသမ ၁၉ ရာခိုင်နှုန်း အောင်မြင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၆-၂၀၁၇ စာသင်နှစ်၌ တစ်နိုင်ငံလုံး အကျဉ်းထောင်များမှ ဖြေဆိုသူ ၄၁ ဦးရှိကာ ၁၈ ဦး အောင်မြင်ခဲ့သည်။

ဝေလင်း