News

POST TYPE

EDUCATION

ဖင်လန်နိုင်ငံပညာရေး အဘယ်ကြောင့် အောင်မြင်ရသနည်း

ပညာရေးဖွံ့ဖြိုးတိုးတက်အောင်မြင်စေရန် သင်ကြားရေးကို ဖိလုပ်ပြီး၊ အပြိုင်အဆိုင်ကို အားပေးကာ၊ စာမေးပွဲ အထပ်ထပ်စစ်နိုင်ရန် စာကိုအလွတ်ကျက်ခိုင်းမှ ဖြစ်မည်ဆိုသည့် အတွေးအမြင် ရှိသူများကို ဖင်လန်နိုင်ငံသို့ သွားရောက်လေ့လာရန် တိုက်တွန်းလိုပါသည်။ ဖင်လန်နိုင်ငံက ယနေ့နိုင်ငံတကာ လိုက်နာဆောင်ရွက်နေသည့် ပညာရေးစနစ်ကို ၁၉၇၁ ခုနှစ်တွင် ထားပစ်ခဲ့ပြီးဖြစ်သည်။ 

ဖင်လန်ပညာရေးစနစ်က ရှင်းရှင်းလေးဖြစ်သည်။ ပြိုင်ဆိုင်ခိုင်းခြင်းထက် ပူးပေါင်းဆောင်ရွက်ခြင်းကို အသားပေးသည်။ စာသင်ခန်းထဲတွင် ပိတ်လှောင်ထားခြင်းထက် ကစားခြင်းကို အားပေးသည်။ ၄၅ မိနစ် စာသင်ပြီးတိုင်း ၁၅ မိနစ်ကစားခိုင်းသည်။ ထိုပညာရေးစနစ်က ကမ္ဘာ့ထိပ်တန်းဖြစ်နေသည်။

ဖင်လန်ကဆရာတွေ ကိုယ့်သဘော ကိုယ့်စိတ်ကြိုက် လုပ်ခွင့်၊ သင်ခွင့် အပြည့်ပေးထားသည်။ သူတို့က စာသင်ရခြင်းထက် ကျောင်းသားများကို အကဲဖြတ်ရခြင်းအပေါ် ပိုပြီးစိတ်ဝင်စားသည်။ စာမေးပွဲ လုံးဝမရှိသည့် ပညာရေးစနစ်ဖြစ်ခြင်းကြောင့် ကလေးတစ်ယောက်အပေါ် သူတို့၏အကဲဖြတ်ခြင်းက ပိုပြီးအရေးပါကြောင်း ကောင်းစွာသိထားသည်။ 

ကလေးတွေကို အိမ်စာပေးသည့်အလုပ်မှာ မဆိုစလောက်သာဖြစ်သည်။ ကျောင်းတွင် အတူသင်၊ အတူလုပ်၊ အတူလေ့လာကြရသည်။ သူတို့နိုင်ငံကျောင်းများတွင် အထူးစောင့်ရှောက်မှုဖြင့် ပြန်လည်သင်ပေးရသည့် ကျောင်းသားအရေအတွက်ကလည်း ၃၀ ရာခိုင်နှုန်းလောက်သာ ရှိသည်ဟုဆိုသည်။ 

သူတို့က နောက်ဆုံးတက္ကသိုလ်ဝင် အဆင့်လောက်ကိုသာ နိုင်ငံတကာစံဖြစ်သော OECD နိုင်ငံများအတွက် သတ်မှတ်သည့် စာမေးပွဲစနစ်ဖြင့် ဖြေဆိုနိုင်ရန် အလေးပေးကားသင်ကြားပေးသည်။ အသက် ၁၅ နှစ် လောက်ရောက်မှ ကမ္ဘာ့စံဖြင့် သတ်မှတ်ထားသည့် စာမေးပွဲကို ဖြေဆိုနိုင်ရန် သင်ကြားခြင်းခံရသည်။ ကျန်အတန်းများတွင် သူတို့လွတ်လပ်စွာ လေ့လာသင်ယူနိုင်ကြသည်။ 

ဖင်လန်စာသင်ခန်းများတွင် အကောင်းဆုံးလည်းမရှိ။ အညံ့ဆုံးလည်းမရှိ။ လူတော်၊ လူညံ့ခွဲခြားသတ်မှတ်ခြင်း မရှိ။ အားလုံးကို တစ်သားတည်း တစ်ပြေးတည်းသင်သည်။ စာသင်ခန်းတစ်ခန်းတွင် ကျောင်းသားဦးရေကလည်း ကမ္ဘာ့အနည်းဆုံး စံချိန်တင်လောက်အောင် လျှော့ချထားသည်။ 

ဖင်လန်နိုင်ငံပညာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဖွံ့ဖြိုးတိုးတက်ရေးဌာန အကြီးအကဲ ဂျိုနီကန်ဂက်စ်နေမီက -

“ကျွန်မတို့အနေနဲ့ အကြံကောင်း၊ ဉာဏ်ကောင်းတွေကို သူများတွေဆီက ယူဖို့ဝန်မလေးသလို၊ မျှဝေပေးဖို့လည်း ဝန်မလေးဘူး။ ကျွန်မတို့နည်း ကျွန်မတို့ဟန်နဲ့ ပြောင်းလဲသုံးဖို့လည်း အသင့်ပဲ။ ကျွန်မတို့ဆီမှာက ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အားလုံးကို ဖွင့်ပေးထားတယ်။ ပညာရှင်တွေနဲ့လည်း ပွင့်လင်းစွာ ဆွေးနွေးမှာပဲ။ ကူညီဆိုလည်း ကူညီလိုက်မှာပဲ”ဟု ပွင့်လင်းစွာဖြင့် ဖင်လန်ပညာရေးသဘောတရားကို ပွင့်လင်းစွာ ဆွေးနွေးသွားသည်။

ဖင်လန်နိုင်ငံတွင် အသက် ၇ နှစ်ကစတင်ပြီး ကျောင်းတက်ကြရသည်။ မူကြိုကိုလည်း အခမဲ့တက်နိုင်သည်။ သူတို့က “ကစားခြင်းသည် ကလေးအလုပ်ဖြစ်သည်”ဟု သတ်မှတ်ထားသည်။ သူတို့အတွက် ကျန်းမာရေးက အရေးကြီးသည်။ ကျန်းမာရန် စာကျက်ရမည်မဟုတ်။ ကျန်းမာရန် ကစားရမည်ဖြစ်သည်။ 

ဖင်လန်နိုင်ငံပညာရေးက နိုင်ငံတကာကို ဖြတ်ထားနိုင်ခဲ့သည့်အချက်မှာ ပညာရေးတွင် ထိုးထွင်းဖန်တီးနိုင်စွမ်းရှိစေရန် သင်ကြားပေးနိုင်ခြင်းဖြစ်သည်။ သူတို့ကလေးတွေကို သူများပုံတူကူးချခြင်းထက် ထိုးဖောက်ထွက်နိုင်ရန် သင်ပေးသည်။ သူများတွေးသလို တွေးခြင်းထက် ဖောက်ထွက်ပြီး တွေးတက်ရန် သင်ပေးသည်။ တီထွင်ဖန်တီး ထိုးဖောက်တတ်စေရန် စာကျက်ပြီး ငြိမ်နေရမည်မဟုတ်။ လှုပ်ရှားပြီး ဆော့ကစားနေရမည်ဟု သူတို့က လက်ခံထားသည်။

ဖင်လန်ပညာရေးစနစ်က သူတို့ ဆရာ၊ ဆရာမတွေအပေါ် ယုံကြည်သည်။ ဆရာတွေကလည်း ပြဋ္ဌာန်းချက်လောက်ကိုယူပြီး ကိုယ်ပိုင်သင်ခန်းစာများဖြင့် ဖန်တီးသင်ကြသည်။ ကျောင်းသားကို ဘောင်ခတ်ထားရန်မဟုတ်။ ဆရာတွေလည်း သူတို့ကို ပြဋ္ဌာန်းချက်တွေနှင့် ဘောင်ခတ်မခံ။ သူတို့ကလေးတွေကို သူတို့ ဘဝပေးအနေအထား၊ အခြေအနေများဖြင့် လိုက်လျောညီထွေဖြစ်အောင် သူတို့ဆရာတွေကသာ ဖန်တီးသင်ယူသည်။

သူတို့ဆရာတွေအားလုံး သာမန်ဘွဲ့ထက် ကျော်လွန်ပြီး မာစတာဘွဲ့တွေရထားသည်။ ပညာရေးဘွဲ့တွေကို ပိုင်ဆိုင်ထားကြသည်။ ဆရာဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်က အထောက်အပံ့ပေးပြီး မွေးထုတ်သည်။ လစာကလည်း လိုက်မမီနိုင်လောက်အောင် ထောက်ပံ့ပေးထားသည်။ ပညာရေးကို အားပေးသည့် အစိုးရလက်အောက်တွင် ပညာသင်ပေးသည့် ဆရာများဘဝမှာ အဆင့်လည်းမြင့်၊ မြှောက်စားလည်းခံရသဖြင့် သူတို့ဘဝကို ပညာရေးတွင် နှစ်မြှုပ်စေရန် အထောက်အကူပြုထားသလို ဖြစ်နေသည်။ 

“ဖင်လန်ဆရာတွေက တကယ့်ကို လေ့ကျင့်သင်ကြားပေးခြင်းခံထားရတဲ့ ဆရာတွေပါ။ သူတို့ဟာ သိပ္ပံသင်တဲ့ ဆရာသက်သက်တွေသာ မဟုတ်ဘူး။ သိပ္ပံပညာကို တကယ့်ပညာရှင်တွေလောက်ကို လေ့လာသင်ယူခဲ့သူတွေပါ။ ပညာရေးကို ပြုပြင်ပြောင်းလဲဖို့ ဖြတ်လမ်းဆိုတာမရှိပါဘူး။ ဆရာတွေကို တကယ့်အဆင့်မြင့်တဲ့ ဆရာတွေအဖြစ် မွေးထုတ်မထားဘဲ ပညာရေးကောင်းအောင် လုပ်လို့မရဘူး”ဟု ဂျိုနီ၏ ပြောကြားချက်မှာ စဉ်းစားစရာဖြစ်သည်။ 

E-01
(Ref: Finland’s Education System)